NEWS

အောက်တိုဘာ ဒုတိယ တပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်

CoverLogo
447 Views

Myanmar Labour News မှာ အောက်တိုဘာ ၇ ရက်ကနေ ၁၃ ရက်နေ့အထိ ဒုတိယ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ အလုပ်သမားရေးရာ၊ ပြည်တွင်းဦ ပြည်ပ အလုပ်အကိုင်နဲ့ ဒေသတွင်း သတင်းတွေကို အနှစ်ချုပ် ဖော်ပြပေးထားပါတယ်။

ရည်ရွယ်ချက်ကတော့ တစ်ပတ်တာအတွင်း ပြည်တွင်းပြည်ပ အလုပ်သမားရေးရာနဲ့ ဒေသဆိုင်ရာ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ ဖြစ်ပါတယ်။

အောက်တိုဘာ ၇

ပြည်တွင်းက စက်ရုံ၊ အလုပ်ရုံတွေ၊ နိုင်ငံတကာ ကုန်အမှတ်တံဆိပ်တွေအနေနဲ့ တည်ဆဲအလုပ်သမားဥပဒေတွေ အပြင် ILO စံသတ်မှတ်ချက်တွေကို မချိုးဖောက်ဘဲ လေးစားလိုက်နာပြီး အပြည့်အဝရရှိရေး အကောင်အထည် ဖော်ဆောင်ပေးဖို အောက်တိုဘာလ (၇) ရက် (World Day for Decent Work-ကမ္ဘာ့ဂုဏ်သိက္ခာရှိသော လုပ်ငန်း ခွင်နေ့) မှာ အလုပ်သမားအဖွဲအစည်းတွေက စုပေါင်းတောင်းဆိုလိုက်ပါတယ်။

ETERNAL FASHION CO.LTD အထည်ချုပ် သီတင်းကျွတ် ပိတ်ရက် အတွက် ညနက် ၁၂ နာရီအထိ အချိန်ပို လုပ်ခိုင်းတာ ၊ သီတင်းကျွတ် ကန်တော့ဖို့ ဆိုပြီး အလုပ်သမားတဦး ကျပ် နှစ်သောင်းအထိ ဖြတ်ယူထားတယ်လို့ အလုပ်သမားတွေက ပေးစာ ပို့ထားတာကို ဖော်ပြထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဌ နဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အား မကွယ်လွန်မီ နာရီပိုင်းအလိုမှ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးမှု သနားကြင်နာမှုမဟုတ်ဟု ဥရောပ သမဂ္ဂ EU သံရုံးက ထုတ်ပြန်ပါတယ်။

အောက်တိုဘာ  ၈

ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကြက်ဖြူကန် သန္ဓေပင် ကျေးရွာအသုံးလုံးမှတ်တိုင်အနီး ရန်ကုန်-ပြည် ကားလမ်းမကြီးပေါ်မှာ စက်ရုံဖယ်ရီကားတိမ်းမှောက်လို့ အလုပ်သမား၂ဦးသေဆုံးကာ အလုပ်သမား ၄၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဖြစ်စဉ်က အောက်တိုဘာ ၇ ရက်ည ၇ နာရီဝန်းကျင်မှာ စက်ရုံကြိုပို့ဖယ်ရီကားတိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။ ဖယ်ရီကားဟာ Hyundai city bus ဖြစ်ပြီးပျဉ်းမပင် ဒေဝူးမှတ်တိုင်အနီးရှိ EOY အထည်ချုပ်စက်ရုံကကား ဖြစ်ပါတယ်။

ကြိုပို့ယာဉ်ခ ပေးချေရေးနဲ့ ပတ်သတ်ပြီး Vince Myanmar ဖိနပ်စက်ရုံ အလုပ်သမားတွေက လုပ်ငန်းခွင် မဝင်ဘဲ တောင်းဆိုမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒီလို တောင်းဆိုမှုတွေက အောက်တိုဘာ ၇ ရက်ကတည်းက စတင်ခဲ့တာ ဖြစ်ပြီး လက်ရှိ ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ တောင်းဆိုမှုမှာ ပါဝင်နေသူ အလုပ်သမားတဦးက ပြောပါတယ်။

အောက်တိုဘာ ၉

ရန်ကုန်မြို့ ၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် ၂ ၊ သံချပ်ဝန်ဦးညွှန့်လမ်း (ရေပြာမှတ်တိုင်) Kingsrich Myanmar ကျောပိုးအိတ်စက်ရုံမှာ အလုပ်သမားအခွင့်ရေး ၃ ရက်မြောက် တောင်းဆိုနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။လုပ်ခလစာတိုးပေးဖို့ စက်ရုံအလုပ်သမား ၁၃၀၀ နီးပါးက တောင်းဆိုနေတယ်လို့ အလုပ်သမားတွေ က ပြောပါတယ်။

MRTV 4 (Forever Group) မှ အလုပ်သမား ရာနဲ့ချီ အလုပ်ထုတ်ခဲ့ပြီး ၊ ဥပဒေပါ နစ်နာကြေးအား တလချင်း ပေးချေတာကြောင့် အလုပ်သမားအချို့ပေးစာ ကို ဖော်ပြခဲ့ပါတယ်။

လက်ပံတောင်းဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းက သံအမတ်ကြီးဦးကျော်မိုးထွန်းကိုထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

လုပ်ခလစာတိုးမြှင့်ပေးရေး လုပ်ငန်းခွင်အတွင်း တောင်းဆိုနေတဲ့  Kingrich Myanmar အလုပ်သမားတွေကို အလုပ်မလုပ်လို့ ဆိုပြီး စက်ရုံဘက်က လုပ်ခလစာ ပေးမှာ မဟုတ်ဘူးလို့ ပြောဆိုထားတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၀

Tainjin Fashion Milestone Co.,Ltd. (အထည်ချုပ်စက်ရုံ)က အလုပ်သမား တွေကို စက်ရုံက ဖူလုံရေးကတ်တွေ ထုတ်မပေးလို့ ဖူလုံရေးဆေးခန်းတွေမှာ ကုသခွင့်မရဘဲ အပြင်ဆေးခန်းတွေမှာပဲ ငွေကုန်ကြေးကျ များစွာနဲ့ ကုသနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ဗီဇာသက်တမ်းတိုးရာမှာ မြန်မာသံရုံးထံ မှ ထောက်ခံစာ တောင်းယူဖို့ အတွက် နေထိုင်ခွင့် သက်တမ်း အနည်းဆုံး ၇ ရက် ကျန်ရှိရမှာ ဖြစ်ပြီး သက်တမ်း ၇ ရက် မပြည့်သူများနဲ့ သက်တမ်း ကျော်လွန် နေထိုင်သူတွေကို ထောက်ခံစာ လုံးဝ(လုံး၀) မလုပ်ပေးဘူးလို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ကထုတ်ပြန်ထားပါတယ်။

ကမ္ဘာလူဦးရေ ရဲ့ ၆၀ရာခိုင်နှုန်းခန့်ဟာ အလုပ်ခွင်ဝင်ရောက်နေသူတွေဖြစ်ကြပြီး လုပ်ငန်းခွင်တွင် ကောင်းမွန်တဲ့ စိတ်ကျန်းမာရေးရစေဖို့ လိုအပ်တဲ့အတွက် လုံခြုံပြီးကောင်းမွန်တဲ့အလုပ် ပတ်ဝန်းကျင်တွေရဖို့ ပံ့ပိုးပေးရန်လိုအပ်နေကြောင်း(United Nations Myanmar) ကုလသမဂ္ဂရုံးက  အသိပေးချက်ထုတ်ပြန်ပါတယ်။

တနှစ်ပြည့်မှ ရတဲ့ လုပ်သက် နှစ်ကြေးတွေကို Textile Palace 2 စက်ရုံ တာဝန်ရှိသူဘက်က သုံးနှစ်ပြည့်မှ ထုတ်ပေးတဲ့ ပုံစံကို ကျင်သုံးနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒီလို ထုတ်ပေးတဲ့ ပုံစံက အလုပ်သမားတွေရဲ့ သဘောဆန္ဒမပါဘဲ ကျင့်သုံးနေတာ ဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံသားပိုင် Star Sandar Garment စက်ရုံ လုပ်ငန်းခွင်တွင်းမှာ ဥပဒေပါ ခွင့်ခံစားခွင့်တွေကို မပေးသလို နေ့စားဝန်ထမ်းတွေကို အတည်ပြုဝန်ထမ်းခန့်အပ်ရာမှာ ခွဲခြားဆက်ဆံတာတွေ လုပ်ဆောင်နေတယ်လို့ စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။ဒီစက်ရုံကိုတော့ အင်းစိန်မြို့နယ်၊ ဆင်းငူရပ်ကွက်၊ ရွှေကြာလမ်းထဲမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သားအင်အား (၈၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၁

ထိုင်းနိုင်ငံရောက် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားတွေ လုပ်ကိုင်ခွင့်မရှိတဲ့အလုပ်အကိုင် အမျိုးအစားတွေကို ထိုင်းအစိုးရကဥပဒေအရ ကန့်သတ်ထားတာဖြစ်ပေမဲ့ အဲ့ဒီလုပ်ကိုင်ခွင့်မပြုထားတဲ့အလုပ်လုပ်ကိုင်တွေကိုပြီးခဲ့တဲ့ ဇွန်လကစတင်ပြီး ယခုလအောက်တိုဘာလ ၂ ရက်အထိ ​လေးလတိတိလိုက်လံဖမ်းဆီးခဲ့ရာမှာ နိုင်ငံခြားသား ၂၀၆၃ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အနီးစပ်ဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံထဲကို မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ၊ စီဒီအမ် ဝန်ထမ်းတွေနဲ့ နိုင်ငံရေးလုပ်ဆောင်သူတွေ အများအပြား ဝင်ရောက်ခဲ့ပါတယ်။  အဲ့ဒီလို အုံလိုက်ကျင်းလိုက်ဝင် ရောက်တဲ့အပေါ် လက်ရှိမှာ အထောက်အထားမဲ့သူတွေကို ဖမ်းဆီးတာတွေလည်း မြင့်တက်လာနေပါတယ်။ဒီလိုအခြေအနေတွေနဲ့ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းလုပ်သား အရေး NUG အလုပ်သမားဝန်ကြီးဌာနထံ မေးမြန်းချက်ကို ဖော်ပြခဲ့ပါတယ်။ 

ပုဂ္ဂလိကဘဏ် ၁၅ ဘဏ်မှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးရန်ပုံငွေ MSME ချေးငွေတွေကို  လျှောက်ထားနိုင်ပြီလို့ ကြေငြာပေမဲ့ ချေးငွေလိုအပ်သူတွေ  စုံစမ်းရာမှာတော့ ချေးငွေချမသေးဘူးလို့သာဆိုပါတယ်။ MSME ချေးငွေကိုအစိုးရပိုင် မြန်မာ့စီးပွားရေးဘဏ်နဲ့  မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်တိုမှာ ချေးယူနိုင်တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပြီး အတိုးနှုန်းသက်သာတဲ့ချေးငွေကို Participating Financial Institution (PFI) ဘဏ်တွေကတစ်ဆင့် စနစ်တကျထုတ်ချေးနိုင်ဖို  ပုဂ္ဂလိကဘဏ် ၁၅ ခုနဲ့ ချေးငွေဆိုင်ရာ လုပ်ငန်းအဖွဲတိုက အောက်တိုဘာ ၃ ရက်က သဘောတူစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ 

နိုင်ငံကူးလက်မှတ်များပြုလုပ်ပေးသည်ဟုဆိုကာ ငွေကြေးလိမ်လည်တာတွေရှိနေလို့ သတိထားဖို့ မြန်မာသံရုံး ( မလေးရှား၊ ကွာလာလမ်ပူ) က အသိပေးထားပါတယ်။

လာမယ့်သီတင်းကျွတ်ကာလအတွက် အထက်လူကြီးများ ကန်တော့ရန်ဟုဆိုကာ အလုပ်သမားတွေရဲ့ သဘောဆန္ဒမပါဘဲ ငွေကြေးဖြတ်တောက်မှုတွေပြုလုပ်နေသလို လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးတွေ တန်းတူရရှိတာတွေမရှိလို့ ဖြေရှင်းပေးစေလိုတယ်လို့ LUCKY FORTUNE GARMENT အလုပ်သမားတွေကပြောပါတယ်။

အောက်တိုဘာ ၁၂

MENGYUE GARMENT Co,ltd မှာ အထည်ချုပ်လုပ်သားတွေကို ချုပ်လုပ်ရတဲ့အထည်စံချိန်အလွန်အကျွံတောင်းခံမှုတွေပြုလုပ်ပြီး အချိန်ပိုအခမဲ့ ဆင်းခိုင်းပြီး စံချိန်ပြည့်အောင်ချုပ်လုပ်ပေးနေရတာတွေအပါအဝင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်နေလို့ ဖြေရှင်းပေးဖို့ အလုပ်သမားတွေကပြောပါတယ်။ 


အောက်တိုဘာ ၁၃

General  Textile အထည်ချုပ်  စက်ရုံ တာဝန်ရှိသူတွေက သီတင်းကျွတ်အတွက် ၅ ရက်ပိတ်ပေးမယ်ဆိုပြီး  စနေ နေ့မှာ ဆင်းရတဲ့ အချိန်ပိုကို ရက်စားအတွက်ဆိုပြီး  လုပ်ကိုင်ခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် တနင်္ဂနွေနေ့နဲ့ ကြားရက်တွေမှာလည်း အချိန်ပို အောနိုက် (ညနက် ၁၂နာရီအထိ) အချိန်ပိုတွေကို အတင်းကျပ် လုပ်ကိုင်ခိုင်းခဲ့တယ်လို့ သိရပါတယ်။ 

"အကူအညီတောင်း တိုင်ကြားခြင်းဖြင့် ကျော်ဖြတ်ပါ" ဆိုတဲ့ အတွေးအမြင်ဆောင်းပါးမှာတော့ မြန်မာအလုပ်သမားတွေအပေါ် ကျရောက်နေတဲ့ ဓလေ့ထုံးစံနဲ့ ကျေးဇူးတရားတွေ ၊ အလုပ်ရှင်နဲ့အလုပ်သမားအကြား အလုပ်သမားအခွင့်အရေးချိုးဖောက်တာတွေ ပြောင်ပြောင်တင်းတင်းလုပ်ဆောင်နေတဲ့အပေါ် နစ်နာသူ ကာယကံရှင် အလုပ်သမားကိုယ်တိုင် မကြောက်ရွံ့ဘဲ  အကူအညီတောင်းတာ တိုင်ကြားတာတွေလုပ်ဆောင်ပြီး ဥပဒေရဲ့ဘက်မှာ ရပ်တည်ဖို့ တိုက်တွန်းထားတာပါ။ 

တပတ်တာ သတင်းအနှစ်ချုပ်ကို ဆုလာဘ်ဖြူက စုစည်းပေးထားတာပါ။ 


Related posts

Cover
စစ်အာဏာသိမ်းမှု ၅ နှစ်အောက် ပိုဆိုးရွားလာနေသော အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှုများ တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ၂၇-‌‌ ဖေဖော်ဝါရီ၁)
Feb 02, 2026
Cover
ရွှေဈေးသိန်းရာကျော်ခဲ့ပြီး ရွှေဆိုင်တွေအရောင်းရပ်ထားရ၊ အခြေခံကုန်ဈေးနှုန်း လိုက်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 31, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(ဇန်နဝါရီ၁၉-ဇန်နဝါရီ၂၅)
Jan 27, 2026
Cover
ရွှေဈေးသိန်း ၁‌၀၀ကျော်မှာ လုပ်ခလစာမတိုးတဲ့ လုပ်သားပြည်သူတွေ အခက်ပိုကြုံ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 27, 2026
Cover
စစ်ကော်မရှင်ရဲ့ အဝင်ခက်အထွက်ခက် အလုပ်သမားမူဝါဒအသစ် နဲ့ ပိုပိုဆိုးရွားနေလာတဲ့ စက်ရုံအလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံမှုများ အပါအဝင် တစ်ပတ်တာသတင်း အနှစ်ချုပ်
Jan 18, 2026
Cover
နိုင်ငံခြားငွေဈေးပြန်တက်လာပြီး၊ ရွှေဈေးနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်လာ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 17, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ ၅-ဇန်နဝါရီ၁၁)
Jan 11, 2026
Cover
ပြည်ပက တင်သွင်းရတဲ့ ဆေးဝါးနဲ့ သွင်းကုန်ပစ္စည်းပြတ်လပ်ပြီး ကုန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 11, 2026