NEWS

အိုမန်ရောက် မြန်မာအိမ်အကူအလုပ်သမား ၇၀ ရာခိုင်နှုန်းဟာ ဆင်းရဲဒုက္ခများနဲ့ရင်ဆိုင်နေရ

CoverLogo
945 Views

အရှေ့အလယ်ပိုင်းဒေသ အိုမန်နိုင်ငံသို့  အိမ်အကူအဖြစ်နဲ့ အလုပ်လုပ်နေတဲ့ မြန်မာ အမျိုးသမီးအလုပ်သမားတွေရဲ့  ၇၀ ရာခိုင်နှုန်းခန့်သောအလုပ်သမားတွေဟာ ဆင်းရဲဒုက္ခများနဲ့ရင်ဆိုင်နေကြရတယ်လို့ အဲ့ဒီနိုင်ငံရောက်အိမ်အကူအလုပ်သမားတစ်ဦးကဆိုပါတယ်။  

အဆိုပါ ဒေသတွေကို အိမ်အကူအဖြစ်သွားရောက်လုပ်ကိုင်ကြတဲ့ မြန်မာလုပ်သားတွေဟာ အလုပ်ချိန်များလွန်းခြင်း ၊ အဆမတန်ပင်ပန်းခြင်းတွေကြုံတွေ့ရတာကြောင့် နားချိန်သိပ်မရှိဘဲ လုပ်ကိုင်ရတာများတယ်လို့ ပြောပါတယ်။

"ဒီနိုင်ငံကိုရောက်နေတဲ့အိမ်အကူတွေက အကုန်လုံးအဆင်မပြေကြဘူး။ ရာခိုင်နှုန်းနဲ့ပြောရရင် ၇၀ ရာခိုင်နှုန်းလောက်က အကုန်ဒုက္ခရောက်ကုန်ကြရတာ။  ကျွန်မတို့တောင်တော်တော်လေးကိုကံကောင်း လို့ပါ။ သူဌေးမ ကောင်းလို့ပါ။ ဒါတောင်မှအိမ်နှစ်အိမ်အတွက်အိမ်အကူလုပ်ပေးရတာ။  အိမ်မှာ၇ယောက်ရှိရင် ၇ယောက်လုံးအတွက်ကော်ဖီကိုတစ်ခွက်ချင်းကျိုပေးရတယ်။ ဟင်းဆိုတစ်မျိုးခြင်း ၇ မျိူး။  ဥပမာ ကြက်ဥကြော်မယ်ဆိုရင် တစ်ယောက်မွှေကြော် တစ်ယောက်ကဟက်ဖရိုက် တစ်ယောက်ကအသီးအရွက်အဲလို ၇ မျိုးကြော်ရတယ်။ အ၀တ်ကိုလည်းစုလျှော်လို့မရဘူး။ ၂ထည်ချင်း ၃ထည်ချင်းခွဲလျှော်ရတာ။ မနက်၅နာရီကနေစပြီး ည၁၀နာရီလောက်အထိကို မနားတမ်းလုပ်ပေးရတယ်။နားချိန်ကိုနေ့လည်၂နာရီ တောင်းတာ တစ်နာရီပဲနားချိန်ပေးတယ်။  အသေအလဲလုပ်ရတာပါ။ တစ်ချို့ကမလုပ်နိုင်လို့ကို အဆင်မပြေဖြစ်ကုန်ကြတာ"လို့ ၎င်းကဆိုပါတယ်။ 

အဲ့ဒီအိုမန်နိုင်ငံကိုရောက်ချိန်မှာ အလုပ်ရှာပေးတဲ့အေးဂျင့်တွေဟာ ပွဲစားတွေက နိုင်ငံကူး လက်မှတ်တွေကို သိမ်းယူလိုက်ပြီး၊ အလုပ်ရှင်အိမ်ရှင် ရှာမတွေ့မချင်း အခန်းထဲမှာ ပိတ်လှောင်ထားလိုက်ပြီး  ထမင်းမ၀ရေစာသာစားရခြင်း၊  မိသားစုနဲ့အဆက်သွယ်ဖြတ်ခံရခြင်း။ အလုပ်မရတဲ့အချိန်တွေကြာမြင့်ပါက အီရန်၊ အီရတ်အထိ ရောင်းစားခံရခြင်း စတာတွေကိုကြုံတွေ့ရပြီး ဥပဒေအကာအကွယ်ရရှိရန် ခက်ခဲတာကြောင့်  အိုမန်သို့အိမ်အကူလုပ်ဖို့မလာစေချင်ဘူးလို့ ပြောပါတယ်။

"မဖြစ်မနေ ဆိုရင်တော့  စင်္ကာပူလောက်ကိုပဲ ရွေးချယ်သင့်တယ်"လို့ အဲ့ဒီမှာ ရောက်ရှိလုပ်ကိုင်နေတဲ့ အိမ်အကူအမျိုးသမီးတွေက ပြောပါတယ်။

အိုမန်နိုင်ငံကိုရောက်နေတဲ့ အိမ်အကူမြန်မာအမျိုးသမီးအားလုံးနီးပါးဟာ အလုပ်ချိန် မတရားခိုင်းစေခံရခြင်း၊  အမျိုးသမီးများမလုပ်နိုင်တဲ့လုပ်ငန်းများပါလုပ်ကိုင်ရခြင်း၊ တစ်ဦးတည်းလုပ်မရနိုင်တဲ့အလုပ်တွေလုပ်ရခြင်း၊   နားရက်မရသလို တစ်နေ့တာလုံးနားချိန်မရခြင်း၊  အစားအသောက် ပုံမှန်မစားရတာ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာနဲ့ ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေကိုပါ အမ်ားစုက ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

"ကျွန်မတို့သွားတုန်းက ၁၂ယောက်အဖွဲ့။ အကုန်ကွဲကုန်ကြတယ်။ ကျွန်မတို့ကအတတ်နိုင်ဆုံးသည်းခံကြမယ်။ ရအောင်လုပ်ကြမယ်။ လိင်ပိုင်းဆိုင်ရာစော်ကားရင်ကိုယ့်ကိုပို့ပေးတဲ့အေးဂျင့်ကိုချက်ချင်းအကြောင်းကြားဖို့ အားလုံးတိုင်ပင်ထားတာ။ တစ်ယောက်က သူဌေးမနဲ့သားကလိင်စော်ကားတာကို ပထမကငြင်းတယ်။ ရုန်းတယ်ပေါ့။ ကောင်လေးကသူ့အိမ်ကိုမပြောရဘူးခြိမ်းခြောက်တယ်နောက်တော့ ၉လလောက်အထိ အလိုတူလိုအထိဖြစ်သွားတေ့ာအိမ်ရှင်နဲ့ပြဿနာတက်တယ်။ အိမ်ရှင်ကသူဌေးပြောင်းပေးတယ်။ အဲ့ဒီပြောင်းတဲ့အိမ်ရော လက်ရှိအိမ်ရောနှစ်အိမ်လုပ်ပေးရတာ။ သူ့နိုင်ကွက်ကိုဟိုကနင်းပြီးခိုင်းတာ။ နောက်မခံနိုင်တော့အတဲ့အဆုံးပြန်မယ်ဆိုတော့ အေးဂျင့်ခေါ်ပြီးသိန်း ၈၀ လျော်ပြီးပြန်ရတယ်။ ဒါတွေကမမှားသင့်ပဲကြုံရတဲ့အမှားလေးတွေ အိမ်ရှင်တွေကအစကတည်းနိုင်ချင်ကြတာ ကိုယ်ကအားနည်းချက်လိုဖြစ်တော့ သေတော့တာပဲ"လို့ ကြုံတွေ့ခဲ့ရသူတစ်ဦးက အခြေအနေကို ရှင်းပြပါတယ်။ 

အိုမန်သို့သွားရောက်လုပ်ကိုင်ရာမှာ  မြန်မာပြည်က ပွဲစားကို ငွေကျပ် ၁၂သိန်းမှ ၁၅သိန်းပေးရပြီး   အိမ်ရှင်ရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာတွေနဲ့  ကိုယ်ထိလက်ရောက်နှိပ်စက်တာတွေကို အေးဂျင့်ကိုတိုင်တန်းတဲ့အခါ တာဝန်ယူဖြေရှင်းတာမျိုးမရှိသလို  အိမ်အကူအများစုဟာ အိမ်ရှင်နဲ့ အဆင်မပြေလို့ ပွဲစားထံကို ပြန်မယ်ဆိုရင် အခန်းထဲပိတ်လှောင်ထားရပြီး  အစားအသောက်မကျွေးတာနဲ့ အေးဂျင့်ကိုယ်တိုင်ကရိုက်နှက်ခံရ တာတွေကြောင့် မပြန်ရဲဘဲ ပြေးစရာမြေမရှိတာကြောင့် အိမ်ရှင်ထံမှာပဲဆက်လက်ဒုက္ခခံနေရသူတွေရှိသလို သိန်း ၁၀၀ ကျော်အထိ လျော်ကြေးတောင်းတာတွေမပေးနိုင်ဘဲ ဆက်လက်ရောင်းစားခံရမှုတွေကြောင့် ဒုက္ခခံနေရတာတွေကပိုများတယ်လို့ သိရပါတယ်။  

လတ်တစ်လောကာလတွေမှာ အိမ်အကူလုပ်ခလစာအဖြစ်   တစ်လကို  အိုမန်ငွေ ရီရယ် ၁၂၀ ပေးမယ်လို့ ဆိုပေမဲ့ ၉၀ သာရတဲ့သူတွေလည်းရှိနေသလို မြန်မာငွေအမြင့်ဆုံး ၁၂ သိန်းမှ အနိမ့်ဆုံး ၈သိန်းရ တာတွေရှိတယ်လို့ ပြောပါတယ်။


Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026