NEWS

အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကိုအရေးယူခြင်းမရှိဘဲ အချိန်ဆွဲတဲ့နည်းနဲ့ အမှုပျောက်သွားအောင် အလုပ်သမားဝန်ကြီးဌာန ကြိုးကိုင်နေ

CoverLogo
589 Views

စစ်ကောင်စီရဲ့လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနဟာ အလုပ်သမားတွေရဲ့ အလုပ် သမားအခွင့်အရေးချိုးဖောက်မှုတွေ ကျုးလွန်တဲ့ အလုပ်ရှင်တွေကိုအရေးယူဖို့ အမှုပျောက်သွားတဲ့အထိ ကြန့်ကြာအောင် အချိန်ဆွဲပြုလုပ်တာတွေများပြားလာတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ 

အလုပ်သမားတွေက လုပ်ငန်းရှင်ဘက်က EC စာချုပ် ချိုးဖောက်မှူတွေ၊ သမဂ္ဂဖြိုခွဲမှူတွေ အချိန်ပိုအလွန်အကျွံခိုင်းစေတာနဲ့  လုပ်ခဖြတ်တောက်ခံရမှုတွေ လုပ်ငန်းခွင်ဆိုင်ရာ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေ  စသဖြင့် စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနကို တိုင်ကြားစာတွေပေးပို့တိုင်ကြားရာမှာ သက်ဆိုင်ရာက  အရေးယူရမဲ့ ပုဒ်မတွေ ဥပဒေမှာ တိတိကျကျ  ပြဌာန်း ထားပေမဲ့  ပေါင်းစပ် ၊ညှိနှိုင်း ဆိုကာ တိုင်းမှာ ခေါ်ညှိနှိုင်းကာ ရုံးချိန်းပေါင်းများစွာ ဖန်တီးပြီး ရလာဘ် ထွက်မလာဘဲ အလုပ်သမားရဲ့ လူမှုစီးပွားအခြေအနေတွေ ယုတ်လျော့လာအောင် လုပ်ဆောင်ပြီး အချိန်ဆွဲတဲ့နည်းနဲ့ ရှင်းထုတ်လာတာလို့ ပြည်တွင်း အလုပ်သမားအရေး ကူညီဆောင်ရွက်သူ တစ်ဦးက ပြောပါတယ်။ 

"အဲ့လို အမှုတွေများလာတယ်။  အခုတလောကို ၅ မှုလောက်အထိရှိနေတယ်။ အလုပ်ရှင်ကိုအရေးယူဖို့ ဥပဒေ တိတိကျကျပြဌာန်းထားပါလျက်နဲ့  အရေးယူတာမရှိဘဲရုံးချိန်းတွေကို အချိန်အကြာကြီးဆွဲတယ်။ တစ်ပတ်တစ်ကြိမ်ချိန်းရတာကိုလည်း တစ်လတစ်ကြိမ်လောက်အထိချိန်းတာတွေရှိတယ်။ အလုပ်သမားတွေက အခွင့်အရေးချိုးဖောက်ခံရလို့ ဖြတ်တောက်ခံရတာတွေရှိလို့ ကိုယ့်လုပ်အားနဲ့ကိုယ်ပြန်ရချင်လို့တိုင်ကာမှ ရုံးချိန်း တွေခဏခဏသွားရတော့ လမ်းစရိတ်တွေပိုကုန်တယ်။ အချိန်တွေကြာတယ်။ အလုပ်ရှင်ရဲ့ခွဲခြားဆက်ဆံမှုတွေ ခံရတယ်။ ဖိနှိပ်တာတွေ အီးပေါက် သေးပါကအစ အသေးစိတ်လိုက်ကြည့်ခံရတယ်။ နေအိမ်တွေအထိလိုက် စောင့်ကြည့်ခံရတာတွေအထိရှိတယ်။ ဌာနဆိုင်ရာရဲ့အမိန့်ကိုတောင်ချိုးဖောက်တာတွေဆိုရင်လည်း အရေးမယူဘဲ အထက်တင်ပြမယ် အကြောင်းပြန်မယ်ဆိုတာလောက်နဲ့ အချိန်တွေဆွဲတာတစ်နှစ်ကျော်တွေအထိဆို အလုပ်သမားက ခံနိုင်ရည်မရှိတော့ လက်လျှော့သွားရတယ် အမှုပါပျောက်တယ်။ အလုပ်သမားကပဲ ပိုပြီးနစ်နာ သွားရတယ်။ ဌာနဆိုင်ရာနဲ့အလုပ်ရှင်ရဲ့ ပူးပေါင်းလုပ်တာတွေကြောင့် အလုပ်သမားကပိုနစ်နာရတယ်"လို့  ပြည်တွင်း အလုပ်သမားရေးဆောင်ရွက်သူတစ်ဦးက ဆိုပါတယ်။ 

ဒါ့အပြင်အလုပ်သမားတွေဘက်က ဆန္ဒပြတာ စုပေါင်းတောင်းဆိုတာတွေပြုလုပ်တာမျိုးဆိုပါက ချက်ချင်း အရေးယူအပြစ်ပေးတာ အလုပ်ကနေထုတ်ပယ်တာ အမည်မည်းစာရင်းသွင်းတာတွေ ချက်ချင်းလုပ်ဆောင်လေ့ရှိလို့ အလုပ်သမားအခွင့်အရေးဆိုင်ရာတရားမျှတမှုကင်းမဲ့တာတွေ ပိုများလာတယ်လို့ ဆိုပါတယ်။  

အလုပ်ရှင်ကိုအရေးယူခြင်းမရှိဘဲ အလုပ်သမားကိုသာ အချိန်ဆွဲကာရုံးချိန်းများစွာဖြင့် အချိန်ဆွဲထားတဲ့အမှုတွေထဲက  ၅ မှုက ကြာချိန် တစ်နှစ်ကျော်နေပြီဖြစ်သော်လည်း တိတိကျကျမသိရသေးတဲ့ အမှုတွေဖြစ်နေပါတယ်။  

ပထမဆုံးအမှုဟာ  ဟွာမြောင်စက်ရုံ HONG MIAO Garment Co, Ltdက အလုပ်သမားတွေဖြစ်ပြီး စက်ရုံပိတ်လုပ်ခလစာထုတ်မရလို့ဖြစ်တဲ့ ဖြစ်စဉ်မှာ အလုပ်သမားတွေကအထည်ခိုးတယ်လို့အတိုင်ခံထားရလို့ နစ်နာကြေးပေးချိန်မှာ ထုတ်မပေးလို့  ၂၀၂၃  စက်တင်ဘာလက တိုင်ကြားခဲ့ရာ လက်ရှိအချိန်ထိအဖြေမရသေးဘဲအမှုရင်ဆိုင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။ 

"အမှန်က အထည်မခိုးဘူး ဉာဏ်ဆင်ခံရတာ။  အဲ့တာကို အထည်ခိုးပါတယ်ဆိုပြီး စခန်းမှာအမှုဖွင့်တော့ အလုပ်သမားတွေကိုဖမ်းချုပ်လိုက်ရော။ ဒါပေမဲ့ ရဲစခန်းလည်း တကယ်ခိုးတာမဟုတ်တော့ ပြန်လွှတ်ပေးလိုက်တယ်။ ပြန်လွှတ်ပေးလိုက်ပြီးမှ  အလုပ်သမားတွေက တစ်ခါသွားထုတ်ကြရော အလုပ်သမားတွေကို အဲ့လိုအပြစ်ရှိလို့ဆိုပြီး ထုတ်မပေးလိုက်ဘဲ ပြန်လွှတ်လိုက်တယ်။ စက်ရုံပိတ်သိမ်းလိုက်တဲ့အတွက် နို့တစ်ကြေးပေးရတယ်။ လုပ်သက်နစ်နာကြေးပေးရမယ်။ လုပ်ခလစာပေးရမယ်။ အဲ့တာဖြစ်ခဲ့တာက ၂၀၂၃ ၊ ၉လပိုင်းကဖြစ်ခဲ့တာ" လို့ အမှုနဲ့ နီးစပ်သူက ဆိုပါတယ်။ 

ထပ်မံပြီး Light House စက်ရုံက အလုပ်သမားဟာလည်း  လုပ်သက် ၁၀ နှစ်ခန့် ရှိပြီး လက်ရှိအချိန်ထိ အလုပ်ရှင်ကအလုပ်ခန့်စာ စာချုပ်ချုပ်ပေးခြင်းမရှိသလို  အလုပ်သမားတွေခွင့်ယူတဲ့အခါမှာလည်း တနင်္ဂနွေအချိန်ပိုခတွေမပေးတာ ။ ပိတ်ရက်တွေမပေးတာ ။ နေ့တစ်ပိုင်းအချိန်ပိုခတွေမပေးလို့ တိုင်ကြားထားရာမှာ ထူးခြားမှုရှိမလာဘဲ  ခွင့်ရက်နဲ့အလုပ်ပိတ်ခ တွေ တောင်းတဲ့အပေါ်  အလုပ်ရှင်က ပေးဖို့ ငြင်းဆန် နေလို့  ဦးစီးဌာနက ဥပဒေအရ သေချာဆောင်ရွက်ပေးရမှာဖြစ်ပေမဲ့ ခုချိန်ထိဘာမှအကြောင်းမပြန်ဘဲ အလုပ်သမားတွေကို အချိန်ဆွဲထားတာ"လို့ သိရပါတယ်။
  
အလားတူ  နောက်ထပ်အမှုတစ်ခုကတော့ လှိုင်သာယာအနောက်ပိုင်း အပိုင်က မြန်မာဂျူးလီ Myanmar Jiale Fashion garment  စက်ရုံဖြစ်ပါတယ်။

အလုပ်သမားတွေရဲ့ လုပ်ခလစာထဲက ဘေနပ်တိုင်ကိုအစိုးရကထောက်ပံ့ကြေးပေးလိုက်တဲ့အချိန်မှာ ဖြုတ်ချပစ်လိုက်လို့  ဖြတ်တောက်ခံရတာတွေကိုပြန်ပေးဖို့တိုင်ကြားရာ  ဦးစီးဌာနက ရုံးချိန်း ၅ချိန်းချိန်းပေးပြီး  အလုပ်သမားရုံးက စက်ရုံဘက်ကပေးရန်လို့ အမိန့်စာထုတ်လိုက်ပေမယ့်  စက်ရုံဘက်က အမိန့်စာကိုမလိုက်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒီအမှုမှာတော့  လုပ်ငန်းရှင်ကိုအရေးယူဖို့ လက်ရှိအချိန်ထိ အထက်ကိုစာတင်မယ်လို့သာဆိုပြီး ဖြေရှင်းတာမရှိသေးဘူးလို့ သိရပါတယ်။ 

နောက်ထပ်စက်ရုံကတော့  Kingsrich Myanmar Fashion Company Limited စက်ရုံဖြစ်ပြီး အလှူခံကြေးပေးဖို့ရယ် ရှားပါးစရိတ်တစ်နေ့တစ်ထာင်ပေးဖို့ အာဝါဒီပိုထွက်ရင် အာဝါဒီကြေးပေးဖို့ရယ် ကျွမ်းကျင်ကြေးတွေကို အင်တာဗျူးတုန်းကကြေငြာထားတဲ့အတိုင်းပေးဖို့ တောင်းဆိုချက် ၄ ခုတောင်းဆိုမှုကို  အလုပ်သမားတွေက WCC နဲ့ စက်ရုံရဲ့ရုံးမှာတက်ညှိရာက ဦးဆောင်တယ်လို့ ယူဆရတဲ့အလုပ်သမားတွေ နောက်ကို အိမ်တွေအထိ လိုက်လံ စောင့်ကြည့်သလိုအထိ ရဲတွေ စရဖ တွေနဲ့လိုက်ခံရခြင်း၊  ညအိပ်ချိန်တွေ ဝင်ဖမ်းတဲ့ အထိ ပြုလုပ်ခံရတဲ့ အမှုတွေမှာ  တစ်နှစ်ကျော်အထိကြာမြင့်နေပေမယ့် ပြေလည်ခဲ့တာမရှိဘူးလို့  သိရပါတယ်။  

"တစ်ချို့လုပ်ငန်းရှင်ဆို ပေါ်တင်ပြောတာ။  နင်တို့တိုင်ချင်ရာတိုင် ငါတို့ကငွေနဲ့လိုက်မှာ နင်တို့မှာဘာရှိလဲဆိုတာမျိုး ပေါ်တင်ပြောတာတွေအထိရှိတယ်။ ခုလည်းတစ်ကယ်ရှိနေတာ။ ရုံးချိန်းတွေကိုအကြာကြီးဆွဲဆန့်တယ် လုပ်ငန်းရှင်ခွဲခြားဆက်ဆံတယ်။ ဖိခိုင်းတယ်။ အာဝါဒီတွေဖိတောင်းတယ်။ တစ်နေကုန်အမှားကိုစောင့်ကြည့်တယ်။ ဖိအားပေးတယ်။ နောက်ဆုံးတော့ အလုပ်သမားကပဲလက်လျှော့ပေးပြီး အခြားစက်ရုံကိုပြောင်းရွှေ့ကြရတယ်" လို့ အလုပ်သမားတွေကို အကူအညီပေးသူက ဆိုပါတယ်။ 

စက်ရုံအလုပ်သမားတွေရဲ့ နစ်နာမှုတွေ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေကို အလုပ်သမားက သက်ဆိုင်ရာကို တိုင်ကြားရာမှာ  ပြေလည်အောင် ဖြေရှင်းခြင်းမရှိဘဲ အချိန်တွေဆွဲနေပြီး  အမှုရင်ဆိုင်ရတဲ့ အလုပ်သမားတွေမှာ အခက်အခဲတွေအများအပြား ဖြစ်ပေါ်ကာ   စားဝတ်နေရေးတွေခက်ခဲသလို  လုပ်ငန်းရှင်ရဲ့ဖိအားတွေမခံနိုင်တော့ ဘဲ  နစ်နာမှုတွေအတွက် တောင်းဆိုမှုတွေ ပြန်လည်မရတော့ဘဲ လက်လျှော့ပေးသွားတာတွေအထိပါ ဖြစ်လာတယ်လို့ သိရပါတယ်။ 

#MyanmarLabourNews


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026