NEWS

အလုပ်သမားသတင်း ဖော်ပြမှုများ စောင့်ကြည့်ရန် အဖွဲ့ဖွဲ့စည်းထားဟု အလုပ်သမားဝန်ကြီးပြော

CoverLogo
740 Views

ပြည်တွင်း၊ ပြည်ပသတင်းဌာနတွေမှာ ဖော်ပြနေတဲ့ အလုပ်သမားသတင်းတွေကို စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းပြီး သတင်းပါ စက်ရုံ၊ အလုပ်ရုံတွေဆီ ချက်ချင်း သွားရောက် ဖြေရှင်းနေတယ်လို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြောပါတယ်။ ပြီးခဲ့တဲ ဖေဖော်ဝါရီလ(၂၂)ရက်က UMFCCI က တာဝန်ရှိသူတွေ၊ စက်မှုဇုန်ကော်မတီ တာဝန်ခံတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာပါ။


စစ်အာဏာသိမ်းပြီး အလုပ်သမားတွေဟာ ဥပဒေပါ အခွင့်အရေး တွေ ချိုးဖောက်ခံနေ ရတာကြောင့် သတင်း မီဒီယာတွေက ချိုးဖောက်ခံသတင်းတွေကို ဖော်ထုတ်ရေးသား နေတာပဲဖြစ်ပါတယ်။ သတင်းဖော်ပြမှုတွေတိုင်း စစ်ဆေးမှုမရှိတဲ့ အပြင် စစ်ဆေးရေးအဖွဲ့အတွက် အခွင့်အလမ်း တရပ်လို ဖြစ်နေတယ်လို့လည်း အလုပ်သမား သတင်းရေးသားသူ တဦးက ပြောပါတယ်။ 
“အလုပ်သမားတွေ နစ်နာနေတဲ့ သတင်းတွေ ရေးတယ်။ တချို့ စက်ရုံတွေလည်း ပြေလည် သွားတယ်။ တချို့ စက်ရုံတွေကိုတော့ လာစစ်တာ မတွေ့ရပြန်ဘူး။ တချို့ရုံမှာတော့ လာတော့ စစ်တယ် မပြောင်းလဲဘူး ။ ဝန်ကြီးဌာနက စစ်ဆေးတယ်ဆိုတာလည်း လာစစ်တဲ့ သူတွေအတွက် ငွေရတဲ့ လမ်းကြောင်းလို ဖြစ်နေတယ်။”လို့ အလုပ်သမား သတင်း ရေးသားသူတဦးက ပြောပါတယ်။
ဒါ့အပြင် အလုပ်သမားသတင်းဖော်ပြမှုတွေက သတင်းမှားပါလို့ အလုပ်သမားဝန်ကြီးဌာနက စစ်ကောင်စီမီဒီယာမှာ ၃ နှစ်ဆက် ငြင်းဆိုခဲ့ပေမဲ့  မြေပြင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှု အရေအတွက်က နှစ်အလိုက် မြင့်တက်နေတာကို Myanmar Labour News ရဲ့ အနှစ်ချုပ် မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ 


လက်ရှိ စက်မှုဇုန်တွေက လုပ်ငန်းခွင်တွေမှာ အချိန်ပို ကို အလုပ်သမား ဆန္ဒမပါဘဲလုပ်ကိုရတာ၊ ဥပဒေပါ ခွင့်ရက် ခံစားခွင့်မရတာ၊ အလုပ်သမားတွေရရဲ့ ရပိုင်ခွင့်တွေ ဖြတ်တောက်ခံနေရတာနဲ့ အဓမ္မခိုင်းစေတာတွေ များပြားနေတာ ဖြစ်ပါတယ်။ 
“အရင်ကဆို သမဂ္ဂတွေလည်း ရှိတယ်။ ဥပဒေအတိုင်း မရရင် တိုင်ရဲတယ်။ အခု ဝန်ကြီးဌာနကို သွားတိုင်လည်း မထူးဘူး။ တိုင်ရင် စက်ရုံက သိတာတွေလည်း ရှိတယ်။ နောက် ခွဲခြားဆက်ဆံတယ်၊ အလုပ်နေရာရွှေ့တယ်၊ နောက်ဆုံး အလုပ်ကနေ ထွက်သွားရတာမျိုးတွေ အထိ ဖြစ်သွားတယ်” လို့ အထည်ချုပ် အလုပ်သမားတဦးက ပြောပါတယ်။


စစ်တပ်က အာဏာသိမ်းပြီး အလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့ချုပ်တွေ၊ သမဂ္ဂတွေက ခေါင်းဆောင် တွေနဲ့ အဖွဲ့ဝင်တွေကို စစ်ကောင်စီက ဖမ်းဆီး ဖိနှိပ်တာကြောင့် အလုပ်သမားတွေရဲ့ နစ်နာမှုတွေကို သတင်းမီဒီယာတွေက ဖော်ပြမှ သိရှိရတဲ့ အခြေအနေ ဖြစ်ပါတယ်။ 


“အရင်ကဆို တိုင်စာမရေးတက်ရင် ကိုယ်တွေက ပြောပြပေးတယ်။ သူတို့အခွင့်အရေးတွေ သိအောင် အသိပညာပေးတယ်။ အခုတော့ ကိုယ်တိုင်လည်း ပြည်တွင်းမှာ နေလို့ မရတော့ဘူး။ နောက်ပြီး အလုပ်သမား တွေရဲ့ အကြောက်တရားကလည်း အရင်ထက် များလာတယ်။ သတင်းဌာနတွေမှာ အလုပ်သမား သတင်းတွေကို ဖော်ပြနေမှ ပြည်တွင်းကော၊ ပြည်ပကပါသတိပြုမိမှာ”လို့ အလုပ်သမားအရေး လှုပ်ရှားသူ တဦးက ပြောပါ တယ်။


အလုပ်သမားဝန်ကြီးဌာနက စက်ရုံ၊ အလုပ်ဌာနတွေကို ကွင်းဆင်းစစ်ဆေးပြီး အရေးယူမှုတွေကို ဝန်ကြီးဌာနရဲ့ ဝက်ဆိုဒ်မှာ ဖော်ပြပေးတယ်လို့ သိရပါတယ်။


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026