NEWS

အလုပ်သမားရေးကိုင်တွယ်သည့် ထိုင်း မြန်မာအလုပ်သမားသံရုံး ဝေဖန်ခံရ

CoverLogo
1.2K Views

ထိုင်းနိုင်ငံအနောက်ပိုင်း၊ ဖတ်ချဘူရီခရိုင်က  Cal-Comp Electronics (Thailand) Co., Ltd  အီလက်ထရောနစ်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံမှာ မြန်မာအလုပ်သမား‌ တွေနဲ့ နှင့်ထိုင်းလုပ်သား တွေ ခိုက်ရန်ဖြစ်ပွားမှုပြီးနောက် လုပ်ငန်းခွင်ဖိနှိပ်မှု ရှိတဲ့အပေါ် မြန်မာလုပ်သား (၁၀၀၀)လောက်က ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီ့ဖြစ်စဥ်အပေါ် စစ်ကောင်စီရဲ့မြန်မာနိုင်ငံဆိုင်ရာအလုပ်သမားသံအရာရှိရုံးက ကိုင်တွယ်ဖြေရှင်းတာ ညံ့ဖျင်းတယ်ဆိုပြီး အဲ့ဒီ စက်ရုံက မြန်မာအလုပ်သမားတွေက ဝေဖန်နေကြပါတယ်။

"ဖြေရှင်းနည်းကလည်း မြန်မာအလုပ်သမားတွေ အတွက်အားရှိ့စရာပဲ၊ မြန်မာအလုပ်သမားဆိုထောင်ကျမယ်။ ထိုင်းအလုပ်သမားဆို အလုပ်ပြုတ်မယ်"လို့ အလုပ်သမားတဦးက ပြောပါတယ်။

အလုပ်သမားသံအရာရှိရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ ထိုင်းနိုင်ငံအနောက်ပိုင်း၊ ဖတ်ချဘူရီခရိုင်၊ Cal-Comp Electronics (Thailand) Co., Ltd ရဲ့  အီလက်ထရောနစ်ပစ္စည်းထုတ်လုပ်သည့် စက်ရုံမှာ ဖေဖော်ဝါရီ  ၁၈ရက် ညပိုင်း အဆိုင်းမှာ ထိုင်းအလုပ်သမား အမျိုးသမီး တစ်ဦး အလုပ်ချိန်နောက်ကျတာကြောင့် မြန်မာအလုပ်သမာအမျိုးသမီး တစ်ဦးက နှစ်ယောက်စာအတွက် အလုပ်လုပ်ရတာကို  အဆိုင်းခေါင်းဆောင် မြန်မာအလုပ်သမား အမျိုးသားဆီ တိုင်ကြားခဲ့ရာ ထိုင်းအမျိုးသမီးက သူရဲ့ အမျိုးသားဖြစ်သူ ထိုင်းအလုပ်သမားကို ခေါ်ယူပြီး အငြင်းပွား ရိုက်နှက်မှုဖြစ်ပွားခဲ့ရာကနေ နောက်တနေ့ ဖေဖော်ဝါရီ  ၁၉ ရက် မနက်ပိုင်းအထိ နှစ်ဖက်အလုပ်သမားတွေအကြား ခိုက်ရန် ဆက်လက်ဖြစ်ပွားခဲ့တာလို့ ဖော်ပြပါတယ်။

အဲဒီနောက် မြန်မာအလုပ် သမား ၁၀၀၀ လောက် အလုပ်မဆင်းဘဲ စုပေါင်းဆန္ဒပြမှု ဖြစ်ပွားခဲ့တာကြောင့် ခရိုင်တာဝန်ကျ ရဲတွေ လာရောက်ထိန်းချုပ်ခဲ့ပေမယ့် မြန်မာအလုပ်သမား‌တွေက ဝိုင်းဝန်းပိတ်ဆိုတာတွေ ပြုလုပ်ခဲ့တယ်လို့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"နာရီမှန်ပြားလေးမေ့ပါလာတာ ၁ပြားထဲကိုထောင်ချတယ်။ ဘတ် ၅၅၀၀၀ နဲ့ အာမခံထုတ်ခိုင်းတယ်။ ထိုင်းလူမျိုးမှန်ပြား၂ပြားမေ့ပါလာတာကြတော့ အလုပ်ထုတ်တာနဲ့ ပြီးသွားတယ်"လို့ စက်ရုံအလုပ်သမားတဦးကပြောပါတယ်။

မြန်မာအလုပ်သမား‌တွေ ခိုက်ရန်ဖြစ်ပွားမှုက‌တော့ ထိုင်းအလုပ်သမားဘက်က အစပြုခဲ့တာ ဖြစ်ပြီး မြန်မာ အလုပ်သမားတွေရဲ့  လုံခြုံရေး၊  ထိုင်းအလုပ်သမားတွေ လုပ်ငန်း ခွင်ဝင်ရမယ့် အချိန် နောက်ကျတာကြောင့်မြန်မာအလုပ်သမား အနေနဲ့ နှစ်ဆ ပိုမို အလုပ်လုပ်‌‌နေရတာ ၊ အခြား ဘာသာဝင်တွေက တစ်နေ့ ၅ ကြိမ် ဘုရားရှိခိုးတာကြောင့် အလုပ် လစ်ဟင်းတာတွေကို အလုပ်ရှင်ဆီ တောင်းဆိုကြတာဖြစ်တယ်လို့ သိရပါတယ်။

"ဒီစက်ရုံကိုမသွားကြဖို့မလုပ်ကြဖို့တိုက်တွန်းရမယ်။ အာဏာပိုင် အဖွဲ့စည်းတွေလည်း စက်ရုံသူဌေးပဲအကာကွယ်ပေးတာ။ အလုပ်သမားကျတော့ ဥပဒေနဲ့ခြိမ်းခြောက်အရေးယူတယ် ။အဲ့ဒီစက်ရုံမသွားကြဖို့လိုင်းပေါ်တင်ပေးကြပါ  ။ MOU နဲ့စာချုပ်မချုပ်ဖို့လည်း လိုင်းပေါ်တင်ကြပါ"လို့ ထိုင်းရောက်စက်ရုံလုပ်သားတဦးက ပြောကြားပါတယ်။

အဲဒီစက်ရုံဟာ မြန်မာအလုပ်သမား တွေ အပေါ်အလုပ်သမားအခွင့်အရေးချိုးဖောက်တာတွေရှိနေတယ်လို့လည်း အလုပ်သမားတွေဘက်က ပြောဆိုပါတယ်။

"ဟိုနေ့ကပဲ စက်ရုံက တစ်ယောက်မှန်ဘီလူးအပျက်လေး အိပ်ထဲပါသွားတာကို ဘတ် ၅၅၀၀၀ တောင်းတယ်မပေးရင်ထောင်ချမယ်ဆိုလို့ ကျွန်တော်တို့စုပြီး အလှူခံပေးလိုက်ရတယ်။ အဲ့ဒါကို ပတ်စ်ပိုစ့်ပါ မှင်နီထပ်တားလိုက်တယ်။သူ့မိန်းမက ဗိုက်တလုံးနဲ့ ထိုင်းအလုပ်သမား ယူတာကျတော့အလုပ်ဖြုတ်တာပဲလုပ်တာ"လို့ အမည်မဖော်လိုတဲ့ အဲဒီစက်ရုံအလုပ်သမားတဦးက MLNကို ပြောပါတယ်။

ထိုင်းနဲ့ မြန်မာအလုပ်သမား တွေခိုက်ရန်ဖြစ်ပွားပါက ထိုင်းအလုပ်သမားတွေကတော့  အလုပ်ပဲပြုတ်မှာဖြစ်ပြီး  နိုင်ငံအတွင်းက အခြားအလုပ် တစ်ခုခု ဝင်ရောက်လုပ်ကိုင်နိုင်မှာ ဖြစ်ပေမယ့်  မြန်မာအလုပ်သမား အလုပ်ပြုတ်မယ်ဆိုပါကမြန်မာနိုင်ငံကို ပြန်ပို့ခံရမယ့် အခြေအနေနဲ့ ကြုံနေရတယ်လို့ အလုပ်သမားတွေ ပြောပါတယ်။

 


Related posts

Cover
Dong long အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွင် ခြိမ်းခြောက် ဆဲဆိုမှုများနှင့် ကြုံနေရ
Feb 01, 2026
Cover
Lucky Top Myanmar အထည်ချုပ်စက်ရုံ ဖိအားပေး အချိန်ပို ဆင်းခိုင်း
Feb 01, 2026
Cover
စက်မှုဇုန်များကို လျှပ်စစ်မီတာခ တစ်ယူနစ် ၉၀၀ ကျပ်သို့ တိုးမြှင့်ကောက်မည်
Jan 31, 2026
Cover
ETERNAL FASHION CO.,Ltd အထည်ချုပ်စက်ရုံ ပိတ်သိမ်း
Jan 31, 2026
Cover
LITA MYANMAR အထည်ချုပ် ခွင့်မဲ့ သတ်မှတ် အလုပ်ထုတ်နေ
Jan 31, 2026
Cover
ခွင့်ပြန် အိမ်အကူအလုပ်သမား များကို စစ်ကော်မရှင် ပြည်ပ ပြန်ထွက်ခွင့်မပေး
Jan 29, 2026
Cover
LZS APPAREL အထည်ချုပ် အချိန်ပို ၆ နာရီကျော် လုပ်ကိုင်ခိုင်းပြီး လုပ်ခ မပေး
Jan 29, 2026
Cover
Casico Garment အထည်ချုပ် နားချိန် မပေးဘဲ အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း
Jan 28, 2026