NEWS

အလုပ်သမားနှင့် အလုပ်ရှင်တွေကြားက စာချုပ်များ ဥပဒေနဲ့ညီညွတ်ရဲ့လား

CoverLogo
1.6K Views

“အလုပ်သမား အလုပ်ထွက်တာကို ဘာနဲ့မှ ပိတ်ပင်ထားလို့ မရဘူး ။ ဘယ်လိုလုပ်ငန်းတွေကမဆို အလုပ်သမားက လုပ်ငန်း နဲ့ အဆင်မပြေရင် ထွက်မှာပါ။ အလုပ်ရှင်ကိုလည်း အလုပ်သမားကို အလုပ်က ထုတ်မရဘူးလို့ ပြောလို့ မရဘူး။ လုပ်ငန်းနဲ့ သဟဇာတမဖြစ်တဲ့ အလုပ်သမားဆို လုပ်ငန်းရှင်က ထုတ်မှာပဲ။ နောက် အလုပ်ရှင်က အလုပ်သမား အလုပ်ထွက်လို့ လျော်ကြေးတောင်းတာမျိုးဆို အလုပ်သမားရုံးတွေမှာ အငြင်းပွားမှု အနေနဲ့ တိုင်တန်းလို့လည်း ရတယ်။”

(အလုပ်သမားအရေး ဆောင်ရွက်သူ တဦး)


အလုပ်ရှင်၊ အလုပ်သမားတွေ အကြားက စာချုပ်တွေမှာ  လျော်ကြေးတောင်းဆိုမှုနဲ့ ပတ်သက်ပြီး တရားဝင်မှုရှိမရှိ၊ ဥပဒေအရ ကိုက်ညီမှု ရှိမရှိနဲ့ ပတ်သက်ပြီး Myanmar Labour News က အလုပ်သမားအရေးဆောင်ရွက် နေသူတဦးကို မေးမြန်းထားပါတယ်။ 

အလုပ်သမားနှင့် အလုပ်ရှင်တွေကြားမှာ စာချုပ်ချုပ် လုပ်ကိုင်တာတွေ ရှိတော့ အဲဒီ စာချုပ်တွေကို ချုပ်တဲ့အခါ ဘာတွေကို လိုက်နာရမလဲ။

EC စာချုပ်ပဲ ဖြစ်ဖြစ်၊ တဖက်နဲ့ တဖက် တောင်းဆိုတဲ့ အချက်တွေကို စာချုပ် ချုပ်ကြတာပဲ ဖြစ်ဖြစ် အဓိက လိုက်နာဖို့လိုတာက အလုပ်သမားဥပဒေနဲ့ အဲဒီဥပဒေရဲ့ ဆိုလိုရင်းတွေနဲ့ ဆန့်ကျင်ဘက် မဖြစ်ဖို့ လိုအပ်တယ် ။ စာချုပ်တွေကလည်း တရားဝင် ဖြစ်ဖို့လိုတယ်။ 

ဆိုပါတော့ အပြင်မှာ စာချုပ်တခုခု ချုပ်တယ်ဆိုရင်တော့ စာချုပ်စာတမ်း မှတ်ပုံတင်ရတယ်ဆိုတာ ရှိတယ်။ တဖက်နဲ့ တဖက် ချုပ်တဲ့စာချုပ်က ဘယ်ဥပဒေနဲ့မှ ဘောင်မဝင် တာတွေ ဖြစ်တတ်တယ်။ အငြင်းပွားဖွယ်ရာတွေ ဖြစ်တတ်တယ်။ ဒါတွေက ဥပဒေတွေနဲ့ တကယ်ရှင်းကြပြီဆို အကျူံးဝင်မှာ မဟုတ်ဘူး ။

အလုပ်သမား ဥပဒေထဲမှာ ရေးထားတာတွေ ရှိတယ် ဥပဒေနဲ့ ဆန့်ကျင်တဲ့ အကြောင်းအရာတွေက ပျက်ပြယ် တယ်ဆိုပြီး ရေးထားတယ်။  

ဒါကြောင့် စာချုပ်တွေ တရားဝင်မှု ရှိမရှိဆိုတာကို သက်ဆိုင်တဲ့ ဌာနတွေဆီပို့ပြီး တရားဝင်မှု ရှိအောင် လုပ်ဖို့ လိုအပ်ပါတယ်။  

မေး .... အလုပ်သမား အလုပ်အထွက်မယ်ဆိုရင် အလုပ်ရှင်ဘက်က စာချုပ်အရ လျော်ကြေးတောင်းဆိုမှုက ဥပဒေနဲ့ ညီညွတ်မှုရှိပါသလား ။

ဖြေ... အလုပ်စပြီးခန့်တယ်ဆိုရင် အလုပ်အကိုင်ဖွံ့ဖြိုးမှုဆိုင်ရာ ဥပဒေအရ အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူချက် စာချုပ် (EC) ဆိုတာ ချုပ်ရတယ်။ 

အဲဒီ EC စာချုပ်ထဲမှာ အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အချက် တွေပါပြီးသား ။ အဲဒီ သတ်မှတ်ချက်တွေကို အလုပ်ရှင်ကလည်း  ပြင်ခွင့်မရှိဘူး ၊ အလုပ်သမားကလည်း ပြင်ခွင့် မရှိဘူး ။ ဒါပေမဲ့ သတ်ဆိုင်ရာလုပ်ငန်းအလိုက် စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ ဥပမာ- လုပ်ငန်းခွင်အတွင်း ဆေးလိပ်မသောက် ရတာတို့ ကွမ်းမစားရတာဆိုတာမျိုးပေါ့ ။ ဒါမျိုးတွေကတော့ နောက်ဆက်တွဲ တိုးလို့ ရတယ်။ မူလ သတ်မှတ်ချက်ကို ပြင်လို့မရဘူး ။

EC စာချုပ်အရ အလုပ်သမားတစ်ယောက် အလုပ်ထွက်မယ်ဆို လုပ်သက်အလိုက် ကြိုပြောရတဲ့ ကာလတွေ ရှိတယ်။ အစမ်းခန့်ကာလ ဆို တပတ်၊ အမြဲတမ်းဝန်ထမ်းဆို  တလ ကြို ပြောဖို့ သတ်မှတ်ထားတယ်။ ဝန်ထမ်းက ထွက်မယ်ဆိုတာကို တပတ်ကြိုတင်ပြောဆိုရင်  စာချုပ်အရ တရားဝင်လို့  ထွက်မယ်ဆိုတဲ့ အလုပ်သမားဆီက လျှော်ကြေးတောင်းလို့ မရပါဘူး။ 

အလုပ်ဝင်စဉ်က ချုပ်ဆိုထားတဲ့ စာချုပ်အရ လျော်ကြေးတောင်းတယ်ဆို ဘယ်လို အလားသဏ္ဍာန် ပေါက်နေ သလဲ ဆိုရင် EC စာချုပ်ကို ကျော်လွန်ပြီး ပုံစံပြောင်းပြီး ချုပ်သလို ဖြစ်နေတယ်။ ဒီစာချုပ်က တရားမဝင်ဘူး ဖြစ်နေတာပေါ့။ 

တကယ်ဆို အလုပ်ရှင်ကလည်း သူ့ အလုပ်နဲ့ အဆင်မပြေဘူးဆိုရင် အလုပ်သမားကို အလုပ်ထုတ်မှာ၊ အလုပ်သမား ကလည်း ဒီသဘော အတိုင်း လုပ်ငန်းနဲ့ အဆင်မပြေဘူးဆိုရင် နုတ်ထွက်ခွင့်ရှိတယ်။  

EC စာချုပ်ထဲမှာ အလုပ်ထုတ်နိုင်တာနဲ့ အလုပ်ထွက်နိုင်တာနဲ့ ပတ်သက်တဲ့ ကာလ သတ်မှတ်ချက် တွေပါတယ်။ အလုပ်သမားက အလုပ်ထွက်လို့ ဘယ်ရွေ့ဘယ်မျှ လျော်ရမယ်ဆိုတာမျိုးတော့ မရဘူး ။ 

ဒီလို လျော်ကြေးတောင်းတာတွေက EC စာချုပ်နဲ့ ဆန့်ကျင်နေရင် အလိုအလျောက် ပျက်ပြယ်တယ်ဆိုတာကို အလုပ်သမားရုံးမှာ လျှောက်ထားခွင့်လည်း ရှိပါတယ်။ 

မေး... အလုပ်သမား အလုပ်ထွက်တာကို ပိတ်ပင်ထားလို့ မရဘူးလို့ ဆိုလိုတာလား ။

ဖြေ... အလုပ်သမားထွက်တာကို ဘာနဲ့မှ ပိတ်ပင်ထားလို့ မရဘူး ။ ဘယ်လိုလုပ်ငန်းတွေကမဆို အလုပ်သမားက လုပ်ငန်း နဲ့ အဆင်မပြေရင် ထွက်မှာပါ။ အလုပ်ရှင်ကိုလည်း အလုပ်သမားကို အလုပ်က ထုတ်မရဘူးလို့ ပြောလို့မရဘူး။ လုပ်ငန်းနဲ့ သဟဇာတမဖြစ်တဲ့ အလုပ်သမားဆို လုပ်ငန်းရှင်က ထုတ်မှာပဲ။ နောက် အလုပ်ရှင်က အလုပ်သမားအလုပ်ထွက်လို့ လျော်ကြေးတောင်းတာမျိုးဆို အလုပ်သမားရုံးတွေမှာ အငြင်းပွားမှု အနေနဲ့ တိုင်တန်းလို့လည်း ရတယ်။ လုံးဝ လျော်ရမယ်ဆိုတာမျိုး လုပ်လို့မရပါဘူး ။ 

မေး... လုပ်ငန်းရှင်တွေက အလုပ်သမားတွေရဲ့ မှတ်ပုံတင်တွေကို သိမ်းဆည်းထားတာမျိုးကို လုပ်ပိုင်ခွင့် ရှိ ပါသလား။ တရားဝင်တယ်လို့ ပြောလို့ရပါသလား ။ 

ဖြေ... အလုပ်ရှင်က အလုပ်သမားတွေရဲ့ မှတ်ပုံတင်တွေကို သိမ်းထားလို့တော့ မရဘူး ။ အလုပ်သမားတယောက်ရဲ့ အချက်အလက် မှန်ကန်လားသိချင်ရင် အလုပ်ရှင်က အလုပ်လျှောက်စဉ်ကာလမှာ  အလုပ်သမားကတ် တောင်းယူ လို့ ရတယ်။ အဲဒီ ကတ်က အလုပ်သမားရုံးမှာ အလုပ်သမားရဲ့ မှတ်ပုံတင်နဲ့ လုပ်ရတယ်။ အလုပ်သမား ရုံးက မှတ်ပုံတင် မှန်မမှန် စစ်ဆေးတယ်၊ ပညာအရည်အချင်းလို အချက်အလက်တွေပါ တည့်ထားတယ်။ 
ဒါကြောင့် လုပ်ငန်းရှင်က လုပ်ငန်းလိုအပ်ချက်ကြောင့် သိမ်းထားမယ်ဆိုရင်တောင် အဲဒီ အလုပ်သမားကတ် (လေဘာကတ်) ကိုပဲ သိမ်းထားလို့ရမယ်။ အလုပ်သမားရဲ့ နိုင်ငံသားစီစစ်ရေး ကတ်ကိုတော့ သိမ်းထားလို့မရဘူး ။ ဒီလိုသိမ်းတာမျိုးနဲ့ ကြုံခဲ့ရင်တောင် သက်ဆိုင်ရာ အလုပ်သမားရုံးဆီအကြောင်းကြားပြီး ပြန်ယူလို့ ရတယ်။ 

မေး... EC စာချုပ်ကာလ သတ်မှတ်ချက်ရှိတယ်လို့ သိရပါတယ်။ အဲဒီကာလအတွင်း အလုပ်ထွက်တာပဲ ဖြစ်ဖြစ် လုပ်ငန်းရှင်က အလုပ်ထုတ်တာပဲ ဖြစ်ဖြစ် ဘယ်လိုဆောင်ရွက်ရမလဲ။ နောက် စာချုပ်သက်တမ်းဆိုတာ အလုပ်သမားရဲ့ လုပ်သက်နဲ့ သက်ဆိုင်မှု ရှိမရှိဆိုတာကိုလည်း ရှင်းပြပေးပါ။  

ဖြေ... EC စာချုပ်ဆိုတာ စာချုပ်ရဲ့ သက်တမ်းပါ၊ အလုပ်သမားရဲ့ လုက်သက်မဟုတ်ပါဘူး။ စာချုပ်သက်တမ်း ပြည့်လို့ အလုပ်ထုတ်လို့လည်း မရပါဘူး ။ စာချုပ်သက်တန်းပြည့်ပြီဆိုရင်တော့ စာချုပ်မှာပါတဲ့ နောက်ဆက်တွဲ စည်းကမ်း တွေက ကာလနဲ့မလျော်ညီတဲ့ အချက်တွေကို ဖြုတ်လည်းဖြုတ် ၊ ဖြည့်လည်း ဖြည့်နိုင်တယ်။ ဒီလို လုပ်မယ်ဆို အလုပ်ရှင်နဲ့ အလုပ်သမား ညှိနှိုင်း ပြင်ဆင်နိုင်တာပေါ့ ။ ဥပမာ လစာတွေ၊ အဆောင်တွေ၊ ဖယ်ရီတွေ ပေါ့ ။ အရင်ကပေးတာတွေ ဆက်ပေးမလား၊ အရင်ကမပေးဘူးဆို အခုနှစ်ပေးမလားပေါ့ ။ လစာဆိုလည်း အပြောင်းအလဲ ရှိနိုင်တယ်လေ။

စာချုပ်သက်တမ်းကုန်လို့ အလုပ်ကနေ ဖြုတ်လိုက်လို့တော့ မရဘူးပေါ့။ တနှစ် ပဲဖြစ်ဖြစ် ခြောက်လပဲ ဖြစ်ဖြစ် အလုပ်ထွက်တာပဲဖြစ်ဖြစ် ထုတ်တာပဲ ဖြစ်ဖြစ် စာချုပ်ပါအတိုင်း ကြိုပြောပေးရမယ်။ ဒီနောက်မှာတော့ ရပိုင်ခွင့် တို့ ဘာတို့ဆိုတာ ဥပဒေအတိုင်းဆောင်ရွက်သွားရမှာ ပါ။  

EC စာချုပ်ပြည့်လို့ အလုပ်က ထုတ်လို့မရသလို ၊ စာချုပ်သက်တမ်းအတွင်း အလုပ်ထွက် လျော်ရမယ်ဆိုတာမျိုး လို့လည်း လုပ်လို့မရပါဘူး ။  


မေး... အလုပ်သမားတွေ အနေနဲ့ လုပ်ငန်းခွင် မဝင်မီ စာချုပ်ချုပ်ဖို့ ရှိလာရင် ဘယ်လို အကြောင်းအရာတွေ သတိထားဖို့ လိုအပ်လဲ

ဖြေ... အလုပ်ရှင်ဘက်က စာချုပ်ချုပ်ဖို့ တောင်းဆိုရင် အလုပ်သမားတွေ ဘက်က အကြောင်းကြောင်းကြောင့် ငြင်းဖို့ ခက်ကြတယ်။ အလုပ်လိုချင်တော့ စာချုပ်ကို ချုပ်လိုက်ရတာတွေ ရှိတယ်။ အဲလိုဆိုရင်တော့ စာချုပ်ထဲမှာ ဥပဒေကို ဆန့်ကျင် တဲ့ အကြောင်းအရာတွေ ပါသလား၊ နောက် စာချုပ်မိတ္တူ တစောင် အလုပ်သမားဆီမှာ ရှိဖို့ လိုအပ်တယ်။  အဲစာချုပ်ရှိရင်တော့ စာချုပ်ထဲက ဥပဒေကို ကျော်လွန်တဲ့အချက်တွေကို အလုပ်သမားရုံးတွေ၊ အလုပ်သမား အရေး ကူညီပေးတဲ့သူတွေဆီ အကြောင်းကြားပြီး စာချုပ် ပျက်ပြယ်အောင် လုပ်နိုင်တယ်။

မေး.. ဥပဒေထက်ကျော်လွန်တဲ့ အချက်တွေပါတဲ့ စာချုပ်တွေကို ချုပ်ဆိုမိတဲ့ အလုပ်သမားတွေက ဘာတွေ ဆောင်ရွက်သင့်လဲ

ဖြေ... အလုပ်ကိုင်လိုအပ်ချက်ကြောင့် ချုပ်ဆိုမိတဲ့ စာချုပ်တွေကို လက်မှတ်ထိုးခဲ့မိပြီဆိုရင် ဥပဒေနားလည်တဲ့ ပညာရှင်တွေ၊ အလုပ်သမားအရေး ဆောင်ရွက်သူတွေ၊ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့လိုတယ်။ အဲလိုဖြေရှင်းတဲ့ အခါမှာ အကြောင်းအရာလိုက် ဥပဒေကို ကျော်လွန်တဲ့ အကြောင်းအရာတွေက ပျက်ပြယ် သွားတယ်။ ဥပမာ အနည်းဆုံးအခကြေးငွေ သတ်မှတ်ထားတာကို သတ်မှတ်ချက်ထက် လျှော့ပေးတာကို သဘောတူလို့ မရဘူး ။ သဘောတူတယ်ဆိုတာနဲ့ ဥပဒေကို ဆန့်ကျင်တယ်ဆိုပြီး ပျက်ပြယ်သွားတယ်။ 

မေး.. လုပ်ငန်းတွေမှာ စရိတ်ငြိမ်းဆိုပြီး အနည်းဆုံးလုပ်ခကြေးငွေထက် လျော့နည်းပြီး ပေးတာတွေရှိပါတယ်။ အဲ့ဒီ လုပ်ခလစာကို ပေးချေရင် ဥပဒေအရ ညှိစွန်းမှုရှိပါသလား။

ဖြေ... နှစ်ပိုင်းရှိတယ်။ အနည်းဆုံးအခကြေးငွေ ဥပဒေထွက်လာစဉ်က အလုပ်သမားဦးရေ ဘယ်လောက်ဆိုရင် အနည်းဆုံး အခကြေးငွေပေးရမယ်ဆိုပြီး ကန့်သတ်ထားတယ်။ သတ်မှတ်ထားတဲ့ အလုပ်သမားဦးရေကို ရှိပြီ ဆိုရင်တော့ အနည်းဆုံးအခကြေးငွေ ပေးဖို့လိုတယ်။ 
နောက် အလုပ်သမားက အလုပ်ဝင်စကတည်းက မေးဖို့လိုတယ် စရိတ်ငြိမ်းဆိုပြီးခေါ်တာလား ၊ စရိတ် မငြိမ်း ဘူးလား အဲလို မေးဖို့လိုတယ်။ စရိတ်ငြိမ်း နဲ့  တစ်သိန်းနှစ်သောင်းဆိုရင်တော့ ဥပဒေအရ တရားဝင်တယ် ။ 

အဲလို မဟုတ်ဘဲ စရိတ်မငြိမ်းဘူး ဆိုရင်တော့ အနည်းဆုံးလုပ်ခကို အပြည့်ပေးဖို့ လိုပါတယ်။ ဘယ်လို့လဲဆိုရင် ထမင်းဖိုး၊ နေစရာ၊ လျှပ်စစ်ခ၊ ရေ စတာတွေက ဖြတ်တောက်လို့ရတဲ့ စရိတ်တွေ ဖြစ်တယ်။  

နောက်တခုက အနည်းဆုံးအခကြေးငွေ ဥပဒေ နဲ့ အကျုံးမဝင်ပေမဲ့၊ ဆိုင်ဆိုလည်း ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေနဲ့ အကျုံးဝင်တာတွေရှိတယ်။ ပိတ်ရက်အတွက် အခကြေးငွေပေးရတာတို့ ဘာတို့ပေါ့။  ပြောချင်တာ ဥပဒေ တခုနဲ့ အကျုံးမဝင်ပေမဲ့ တခြားဥပဒေ တခုခုနဲ့ အကျုံးဝင်နေတတ်တယ်။ ဒီလို ဆိုင်တွေ အိမ်တွင်း လုပ်ငန်းတွေ က အလုပ်သမားတွေမှာလည်း အလုပ်ချိန်တွေ၊ ခွင့်တွေ၊ ပိတ်ရက်တွေ ခံစားခွင့်ရှိတယ်။ ဒါတွေကို သိထားဖို့ လိုအပ်ပါတယ်။ 

သက်ဆိုင်ရာ ဥပဒေနဲ့ အကျုံးဝင်တဲ့ လုပ်ငန်း၊ သက်ဆိုင်ရာ ဥပဒေနဲ့ အကျုံးဝင်တဲ့ အလုပ်သမားဆိုရင်တော့ အားလုံးတူတူပါပဲ။ ဘယ်အလုပ်သမားအတွက်ဆိုပြီး သီးသန့် ဥပဒေ ပြဌာန်းထားတာမရှိပါဘူး။ 
လုပ်ငန်းငယ်လို့ ပြောလို့ရတဲ့ အိမ်တွင်းလုပ်ငန်းတွေ၊ ဆိုင်တွေက အဓိကပြဿနာက လုပ်ငန်းကိုလည်း မှတ်ပုံမတင် ထားဘူး။ အလုပ်သမားတွေလည်း မှတ်ပုံတင်မထားဘူး ။ ဒါတွေကတော့ ဥပဒေကို ချိုးဖောက်တယ်လို့ ပြောလို့ရ ပါတယ်။ လုပ်ငန်းတခုက ဘယ်လိုထုတ်ကုန်ကို ဘယ်လို စက်ပစ္စည်းနဲ့ထုတ်လုပ်တယ်ဆိုတာမျိုး မှတ်ပုံတင်ထား ရမှာပါ ။ နောက် အလုပ်သမားမအားဘူးဆိုရင်တောင် မှတ်ပုံတင်ပေးထားရမှာပါ ။

 Photo - ဆိုင်တဆိုင်ရဲ့ အလုပ်ရှင် ၊ အလုပ်သမားကြားက စာချုပ်ပါ စည်းကမ်းများ (FB)


Related posts

Cover
လုပ်ငန်းခွင်အတွင်း အလုပ်ရှင်အလိုကျ WCC ဖွဲ့ရန် အလုပ်သမားတွေကို အတင်းအကျပ်လက်မှတ်ထိုးခိုင်း
Jul 26, 2024
Cover
အစိုးရဝန်ထမ်းနဲ့ အငြိမ်းစားတွေကို အပိုထောက်ပံ့ကြေးငွေ သုံးသောင်းကျပ်   ခံစားခွင့်ပြုမယ်လို စစ်ကောင်စီ ထုတ်ပြန်
Jul 26, 2024
Cover
တိုင်ဖွန်းမုန်တိုင်းကြောင့် MV FU SHUN အမည်ရှိသင်္ဘော နစ်မြုပ်ခဲ့လို့ ပျောက်ဆုံးနေတဲ့ မြန်မာ သင်္ဘောသား ၉ ဦးအနက် ၄ ဦးပြန်လည်တွေ့ရှိထား
Jul 26, 2024
Cover
အလုပ်သမားတစ်ယောက်ရဲ့ တစ်နေ့လုပ်ခ တစ်ဒေါ်လာ သာရရှိနေပြီး ပြည်ပ အလုပ်အကိုင်တွေကို ပိုမိုရွေးချယ်လာ
Jul 25, 2024
Cover
၂၀၂၀ မှာ အခြေခံလုပ်ခ ဒေါ်လာ ၁၆၀ ဝန်းကျင်ရှိပြီး၊ ၂၀၂၄ မှာ အခြေခံလုပ်ခလစာဒေါ်လာ ၄၀ ကျော်သာရရှိနေ
Jul 24, 2024
Cover
Feng Teng Garment အချိန်ပိုအလွန်အကျွံခေါ်ခိုင်းစေ၊ စံချိန်အများအပြားတောင်းခံနေဟုဆို
Jul 23, 2024
Cover
Sheng Mei Garment အများပြည်သူ ပိတ်ရက် နှစ်ရက်အပြင် အောနိုက် လုပ်ကိုင်ခိုင်း လုပ်ခ ဖြတ်မဲ့အစီအစဉ်အား အတင်းအကြပ် လက်မှတ်ထိုးခိုင်း
Jul 21, 2024
Cover
New Plus အထည်ချုပ် နေ့စဉ် ည ၈ နာရီအထိ လုပ်ကိုင်ခိုင်း၊ တနင်္ဂနွေနေ့ပါ အနားမရ၊ ဝန်ထမ်းတချို့ အလုပ်သမားများအား ဆဲဆို
Jul 19, 2024