NEWS

အမျိုးသားလုပ်သားများကို အတည်ပြုဝန်ထမ်းအဖြစ် ခန့်အပ်မှုမရှိသလို လူမှုဖူလုံရေးကြေးများ ကောက်ခံသော်လည်း ဆေးခွင့်ယူခွင့်မပြု

CoverLogo
400 Views
 
တရုတ်နိုင်ငံသားပိုင် FZ GARMENT CO.ltd မှာ လုပ်သက်ကြာမြင့်နေတဲ့ အမျိုးသားလုပ်သားတွေကို အတည်ပြုဝန်ထမ်း အနေနဲ့ ခန့်အပ်တာမရှိသလို လူမှုဖူလုံရေးကြေးတွေ ကောက်ခံပေမယ့် ဆေးခွင့်ယူခွင့်မပေးဘူးလို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
ဒီစက်ရုံကို လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်မှာ ဖွင့်လှစ်ထားတာ ဖြစ်ပြီး လုပ်သားအင်အား (၆၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။
စက်ရုံမှာ SEA BARRIER၊ YES-ZEE၊ KOTON စတဲ့ အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတာဖြစ်ပြီး သမဂ္ဂဖွဲ့စည်းထားတာ မရှိပါဘူး။
“စက်ရုံမှာ အသက်မပြည့်သေးတဲ့ ၁၄ ၊၁၅ ၊၁၆ အရွယ်လေးတွေကိုလည်း ဆရာဝန်ထောက်ခံချက် မပါဘဲလည်း ခိုင်းနေပါတယ်။ အယောက် (၆၀) လောက် ရှိပါတယ်။ နောက်လူငယ်၊ လူရွယ် အလုပ်သမားတွေဆို လခစားလဲ မခန့်ပါဘူး။ ယောင်္ကျားလေးတွေဆို လုပ်သက်ဘယ်လောက်ဖြစ်ဖြစ် လခစား မခန့်ပါဘူး။ အလုပ်ပုံနေတဲ့အချိန် ခေါ်ခိုင်းပြီး အလုပ်ပါးတဲ့အချိန်ဆို အလုပ်က ထုတ်ပါတယ်။ အလုပ်အရေးကြီးရင်တော့ တစ်ခါပြန်ခေါ်ပြီး ခိုင်းပါ တယ်။ ပြောမယ်ဆို အလုပ်ရှင်က ဥပဒေမဲ့ ဆောင်ရွက်နေတာပါ။ ခွင့် ခံစားခွင့်တွေလည်း မပေးပါဘူး။ လူမှုဖူလုံ ရေးကြေးဆိုလည်း တစ်လတစ်ခါ ထည့်ရပေမယ့် ဆေးခွင့်မပေးပါဘူး။ ခွင့်မရှိလို့ တစ်ရက်ပျက်ရင် ဒေးကြေးနဲ့ ထောက်ပံ့ကြေး (၉၀၀၀) ကျပ်၊ ရက်မှန်ကြေး (၃၀၀၀၀) ကျပ် အဖြတ်ခံရပါတယ်”လို့ စက်ရုံ အလုပ်သမားတစ်ဦးက ပြောပါတယ်။
လုပ်ငန်းခွင်မှာ အထည်စံချိန်တွေကို အလွန်အကျွံတောင်းခံနေသလို လူ (၄၀) ရှိတဲ့ စက်လိုင်းတစ်လိုင်းလျှင် တစ်နာရီကို အထည် (၄၀) တောင်းခံပြီး စံချိန်မရပါက အော်စူပါမှ တစ်ရုံလုံးကြားအောင် ဆဲဆိုတာတွေ လုပ်ဆောင်နေပါတယ်။
အလုပ်သမားတွေ အနေနဲ့ ဝယ်လွန်အနွေးထည်၊ ဘောင်းဘီ၊ ကုတ်အင်္ကျီတွေကို ချုပ်လုပ်ရတာဖြစ်တာပြီး ချုပ်ရတာ ခက်ခဲတာနဲ့ လက်ဝင်တာ ကြောင့် တစ်ဖက်သတ်တောင်းခံတဲ့ စံချိန်ဟာ ပြည့်မီဖို့ ခက်ခဲနေတာပဲ ဖြစ်ပါတယ်။
“အလုပ်လုပ်နေရင်း မိသားစုကိစ္စ အရေးပေါ်ရှိလို့ ဂိတ်ပတ်သွားယူရင်လည်း စူပါတွေက ဆဲဆိုပြီး ပြန်လည်းမလွှတ်ပါဘူး။ အလုပ်ခန့်ပြီး ခြောက်လအတွင်းမှာ အလုပ်ရှင်က မကြိုက်ရင်လည်း အချိန်မရွေး အလုပ်ထုတ်ပါတယ်။ တနင်္ဂနွေနေ့တွေကို လည်း အချိန်ပိုတွေ မဆင်းမနေရ ခေါ်ပါတယ်။ အချိန်ပိုမဆင်းတဲ့သူကို ကျွမ်းကျင်ကြေး လျှော့
ချတာ၊ အလုပ်ထုတ်တာတွေ လုပ်ပါတယ်။ ကြားရက်တွေလည်း အချိန်ပိုအိုတီက ည(၉)နာရီအထိ ဆင်းပေးရပါတယ်။ စက်ရုံထဲမှာ WCC ကော်မတီ ရှိပေမယ့် အလုပ်ရှင်ဘက်က ဖွဲ့ပေးထားတာဆိုတော့ ဘာမှမလုပ်ပေးနိုင်ပါဘူး”လို့ သူက ပြောပါတယ်။
စက်ရုံမှာ အိမ်သာတွေ သန့်ရှင်းမှု မရှိတာ၊ ဆေးခန်းမှာ ဆရာမ မရှိတာ၊ အလုပ်ပြန်ချိန်မှာ (၃)ပေသာသာ တံခါးပေါက်လေး ကနေ လူစုလူဝေးနဲ့ ထွက်ခိုင်းတာ၊ ဖယ်ရီမလုံလောက်တာကြောင့် မိန်းကလေးတွေပါ တွယ်စီးရတာ၊ စက်ရုံဘက်က တစ်ဖက် သတ် စည်းကမ်းတွေ ထုတ်ပြန်ပြီး အလုပ်သမားတွေ မလိုက်နာနိုင်ပါက လက်မှတ်ထိုးခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ပြောပါတယ်။
အလုပ်သမားတွေက ဒီအခြေအနေတွေကို ကူညီဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို ဆက်သွယ် အကူအညီ တောင်းခံထားပါတယ်။
စက်ရုံအလုပ်သမားတွေအနေနဲ့ တနင်္ဂနွေနေ့ အပတ်တိုင်း အချိန်ပိုတွေ မဖြစ်မနေ မဆင်းခိုင်းဖို့၊ အလုပ်သမားတွေ ချုပ်လုပ် နိုင်တဲ့ အထည်စံချိန်ကိုသာ တောင်းခံဖို့၊ အချိန်ပိုအိုတီ မဆင်းလို့ အလုပ်မထုတ်ဖို့၊ အောစူပါတွေက အထည်စံချိန်တောင်းခံရာ မှာ မဆဲဖို့၊ ယောင်္ကျားလေး အလုပ်သမားတွေကိုလည်း လခစားခန့်အပ်ပေးဖို့၊ ဥပဒေအတိုင်း ခွင့်ခံစားခွင့်ပေးဖို့နဲ့ ဖယ်ရီအခက်အခဲကို ဖြေရှင်းပေးဖို့ စတာတွေကို လိုလားနေတာပဲ ဖြစ်ပါတယ်။

Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026