NEWS

အထည်ချုပ်လုပ်ငန်းခွင်မှာ ဘာကြောင့် ဆဲဆိုတာလဲ။(အင်တာဗျူး)

CoverLogo
631 Views

အထည်ချုပ် လုပ်ငန်းခွင်အတွင်း ဆဲဆိုခိုင်းစေမှုတွေဟာ အလုပ်သမားတွေအပေါ် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နေတယ်လို့ သုတေသန စာတမ်းတချို့မှာ ဖော်ပြပါတယ်။ ဒီလို ဆဲဆိုမှုတွေကလည်း အခြေခံ အလုပ်သမားတွေ နဲ့ ကြီးကြပ်သူတွေကြားမှာ အများဆုံးဖြစ်ပွားနေတယ်ဆိုကို Myanmar Labour News ရဲ့ အချက်အလက်မှတ်တမ်းတွေမှာ တွေ့ရှိထားပါတယ်။ 

ဒီလို့တွေ့ရှိထားတာကြောင့် အထည်ချုပ်စက်ရုံတရုံမှာ လုပ်ကိုင်နေတဲ့ လုပ်သက် ၄ နှစ်ရှိ ကြီးကြပ်ရေး Super တစ်ဦးကို လုပ်ငန်းခွင် အခြေအနေတွေ သိရှိနိုင်ဖို့ မေးမြန်းထားပါတယ်။

ဒီလိုမေးမြန်းထားတဲ့အထဲမှာ ဆဲဆိုမှုတွေ ဖြစ်ပေါ်တဲ့အကြောင်းအရင်း၊ Super တွေနဲ့ အလုပ်သမားတွေရဲ့ ခံစားခွင့် ကွာခြားချက် ၊ စက်ရုံရဲ့ အဆင့်ဆင့် အုပ်ချုပ်ပုံ၊ အလုပ်သမားတွေနဲ့ Super တွေကြားက ဆက်ဆံရေး အခြေအနေတွေ၊ ကောင်းမွန်တဲ့ လုပ်ငန်းခွင်အတွက် စက်ရုံတာဝန်ရှိသူတွေနဲ့ Super တွေက  ပြုပြင်ပြောင်းလဲ ပေးသင့် အချက်တွေကိုလည်း မေးမြန်းထားပါတယ်။ 

မေး.. လက်ရှိ အထည်ချုပ်လုပ်ငန်းမှာ ဘာရာထူး ထမ်းဆောင်နေပါလဲ ။
ဖြေ.. “ညီမက လိုင်းစူပါ (Line Super) စက်လိုင်း ကြီးကြပ်ရာထူးနဲ့ လှိုင်သာယာမြို့နယ်ထဲက အထည်ချုပ်စက်ရုံ တစ်ခုမှာ လုပ်ကိုင်ပါတယ်။ ကျွန်မတို့ အထက်မှာ All Super တစ်ယောက် (အလုပ်သမား အခေါ် အော်ကြီး) ရှိတယ်၊ နောက် တရုတ်လူမျိုး အထည် နည်းပညာကျွမ်းကျင်သူ ရှိတယ်၊ စက်ရုံမှူး အဲ့လို အစဉ် လိုက်ရှိပါတယ်။ ကျွန်မ ကြီးကြပ်တဲ့ လိုင်းမှာ အထည်ချုပ် အလုပ်သမား အပါအဝင် အားလုံး ၆၀ ဝန်းကျင်ရှိတယ်။ ဒါက အကူလို့ ခေါ်တဲ့ Helper တွေလည်း ပါပါတယ်။” 

မေး.. စက်ရုံတိုင်းမှာ အလုပ်သမားတွေအပေါ် ဆဲဆိုတာတွေရှိတယ်လို့ သိထားရတယ်။ ဒါကြောင့်လက်ရှိ လုပ်ငန်းခွင် အခက်အခဲကို ပြောပြပါလား။ 

ဖြေ... “တနေ့က လုပ်တဲ့ လုပ်ငန်းခွင် အစည်းအဝေးမှာဆို ကျွန်မအထက်က လူကြီးတွေက ဟာဝါလီ Hourly တိုးတောင်း တယ်။ နောက် အထည်တွေတိုးရအောင်လို့ကို လက်အောက်က အလုပ်သမားတွေကို ဆူဆဲ ပြောကြဖို့ ပြောပါ တယ်။ ပြောတဲ့ ကြီးကြပ်သူ စူပါတွေကတော့ ပြောကြတယ်။ “ောက်လုံးကန်းနေလား၊ ောက် ကောင်မတွေ  ဘယ်လို တွေ ချုပ်နေတာလဲ” အဲလို တွေနဲ့၊  ပြောမယ်ဆို ဒီထက်ကြမ်းတမ်းဆဲဆို တာတွေ ရှိပါတယ်။ စက်ရုံက လူကြီးတွေက ဆဲဆိုပြီး အထည်များများပြီးအောင် ပြောဆိုတာမျိုးကို ကြိုက်တယ်။ အဲလို ဆဲတဲ့ စူပါကို တော်တယ် လို့ ပြောတယ်။ မပြောတဲ့မဆိုတဲ့ စူပါကိုတော့ မကြိုက်တဲ့သဘောပေါ့။ ပြောရရင်တော့ စက်ရုံဘက်က အဲလို ဖိအားပေးတာတွေက အခက်အခဲတွေပါပဲ။”

မေး... စက်ရုံဘက်က အလုပ်သမားတွေကို ဆဲဆိုပြီး ချုပ်ပြီးအထည်တွေ များများရအောင် ပြောနေတဲ့ စူပါကို သဘောကျတဲ့ သဘောလား ။
ဖြေ... စက်ရုံက အထည်အရေအတွက်များများ ချုပ်ပြီးတာကို လိုချင်တယ်။ စူပါတွေက အော်ဆဲပြီး ခိုင်းမှ ပိုပြီး ချုပ် ကြမယ်လို့လည်း စက်ရုံဘက်က ထင်နေတာမျိုး ဖြစ်မယ်။  အော်မှ ဆဲမှ ပြောမှ ကြိုက်တာမျိုး  ။  ကျွန်မကလည်း ဒါမျိုး မလုပ်နိုင်ဘူး ။ ကိုယ်တိုင်လည်း အထည်ချုပ်အလုပ်သမားဘဝက လာတာ။ ဒါကြောင့် စက်ရုံလုပ်သက် ၄ နှစ်ကို စူပါ ရာထူးနဲ့ စက်ရုံ ၃ ခု ပြောင်းခဲ့ရတယ်။ အလုပ် လုပ်တဲ့ရက် အနည်းဆုံး စက်ရုံက  ၃ ရက်ပဲ လုပ်ခဲ့တယ်။ 

မေး.. လုပ်ငန်းခွင်ထဲမှာ စူပါ ကြီးကြပ်သူ တစ်ယောက်အနေနဲ့  အခက်အခဲဆုံးက ဘာတွေလဲဆိုတာ ပြောပြပေး ပါဦး ။
ဖြေ.. ကျွန်မအတွက် အခက်အခဲဆုံးက ဆဲဆိုပြီး ကိုယ့် ကလေးတွေ( အထည်ချုပ် အလုပ်သမား) မခိုင်းချင်တာပဲ။ ကျွန်မ အလုပ်လုပ်ခဲ့တဲ့ (....) စက်ရုံမှာဆို အလုပ်သမားလေးတွေကို မဆဲမဆို မပြောလို့ဆိုပြီး အထက်က လူကြီးတွေက ခဏခဏခေါ်ဆူတယ်။ အဲဒါပဲ ခက်ခဲတာ ၊ ကျန်တာတွေကတော့ ခက်ခက်ခဲခဲမရှိဘူး။ စူပါ တစ်ယောက်က ဆဲဆို ပြောဆိုနေမှ စက်ရုံက ကြိုက်ကြတာ။ ထွက်ခဲ့တဲ့ စက်ရုံတွေက ဆဲမှ ကြိုက်တာတွေပဲ၊ ဒါလို ဆဲတာကတော့ ညီမ မလုပ်ချင်ဘူး။ ဒါကြောင့် အဲစက်ရုံတွေက ထွက်ခဲ့တာ။  

မေး... လက်ရှိ စူပါတစ်ယောက်အနေနဲ့ အလုပ်သမားတွေကြား ဆက်ဆံရေးအခြေအနေကို ပြောပြပါ။
ဖြေ... တခြား စူပါတွေနဲ့ အလုပ်သမားတွေရဲ့ ဆက်ဆံရေးတော့ မသိဘူး။ ကျွန်မအနေနဲ့ တခြားသူတွေလို ဆဲဆိုတာမျိုး မရှိတော့ အလုပ်သမားတွေနဲ့ အဆင်ပြေပါတယ်။ 

မေး... ဆဲဆိုခိုင်းမှ အထည် များများရတယ်လို့ စက်ရုံဘက်က ယုံကြည်ထားပေမဲ့ ညီမလို မဆဲတဲ့ ကြီးကြပ်သူ လက်အောက်က ထွက်တဲ့ အထည်တွေကရော စံချိန်ပြည့်ရရဲ့လား။ ဒီအတွက် ပြောဆို သတိပေး ခံရတာရှိလား ။
ဖြေ... ဒီလို မရှိပါဘူး။ အလုပ်သမားတွေကို နားဝင် နားလည်အောင် ပြောတယ်ဆိုရင် လိုအပ်တဲ့ အထည်အရေအတွက် ကို ရပါတယ်။ Hourly မရရင် ကျွန်မတို့ အလုပ်ပြုတ်နေပြီပေါ့။ အလုပ်သမားတွေ လုပ်ချင်အောင် ပြောရမယ်။ ကောင်းကောင်းမွန်ပြောပြရင်လည်း ထွက်တဲ့ အရေအတွက်က အတူရပါတယ်။ ဆဲဆိုလို့ ဆိုပြီး အရွဲ့တိုက်ပြီး မလုပ်တဲ့ အလုပ်သမားတွေ ရှိပါတယ်။ 

မေး... ဆဲဆိုတဲ့ ကြီးကြပ်သူတွေအောက်မှာ အလုပ်သမားတွေက တက်တက်ကြွကြွလုပ်ကိုင်ကြမယ်လို့ ထင်လား။
ဖြေ... စက်ရုံအလုပ်သမားတွေက မိသားစုတာဝန်အရ လာလုပ်တာပါ။ ဆဲဆိုသူအောက်မှာ ဘယ်သူမှ မလုပ်ချင်ပါဘူး။ ဆဲဆိုသူတွေ အောက်မှာတော့ တာဝန်အရ လာလုပ်သူတွေလို ဖြစ်နေတာပါ။ စက်ရုံထဲမှာ အသံကျယ်ကျယ်နဲ့ ဆဲတဲ့ စူပါတွေရဲ့ လိုင်းတွေမှာဆိုရင် အလုပ်ထွက်တဲ့ အလုပ်သမား အများဆုံးပါပဲ။ 

မေး... အထည်ချုပ်အလုပ်သမားတွေကို  စူပါတွေက ဆဲဆိုတယ်ဆိုတာ စက်ရုံတွေဘက်က ဖိအားပေးလို့ ဆိုရင် မှန်ပါသလား။ 
ဖြေ.... ဖိအားပေးတယ်ဆိုတာ မှန်ပါတယ်။ နည်းပညာပိုင်းဆိုင်ရာ ဆရာတွေ၊ စက်ရုံမှူးတွေက ဖိအားပေးနေ တာပဲ။ ကျွန်မကို ဆိုရင် လိုင်းအသစ်ကို ကိုင်ခိုင်းတယ်၊  အဲလိုင်းက လူ ၃၀ ပဲရှိတယ် ။ ချုပ်တာက “လည်သာ ဂျာကင်” အထူတွေ။ ပွိုင့်တွေလည်းများတယ်။ ၂၅ ထည်တောင်းတယ်  ။ အဲ အထည်တွေက လူ ၆၅ ယောက်နဲ့ ချုပ်ရတဲ့ အရေအတွက်ပါ။ အထည်တွေကို အလုပ်သမား တဝက် အရေအတွက်နဲ့ ချုပ်ခိုင်းတယ်။ ဒါကို အလုပ်သမား တွေကို ဆဲဆိုပြီး တွန်းလုပ်ဖို့ ပြောခိုင်းတော့တာပဲ ။ အဲလို ဖိအားတွေဆိုတော့ စူပါတွေလည်း ဆဲတတ်သွားတယ် ၊ အလုပ်သမားတွေလည်း အဆဲခံရတော့ တာပဲ။ 

မေး.. စက်ရုံဘက်က စူပါ ကြီးကြပ်သူတွေကို ဖိအားပေးမှု အများဆုံးအပိုင်းက ဘယ်အပိုင်းဖြစ်မလဲ။
ဖြေ... အထည်အရေအတွက် (Hourly) ရဖို့ ကို ဖိအားပေးတာ အများဆုံးပါပဲ။ နောက် အလုပ်သမားတွေကို စူပါတွေက မဆဲ မဆို ဘူးဆိုပြီး ပြောတယ်။ စက်ရုံကတော့ ဆဲဆိုနေတာကို ကြိုက်တာ ။ စက်ရုံက လူကြီးတွေ စက်လိုင်း ဘက်ကို ရောက်လာရင် အော်ဆဲဆို အထည်တောင်းနေမှကို သဘောကျ ကြတာ။ အဲလိုတွေဆို ကျွန်မနဲ့က အဆင်မပြေတော့ဘူး ။ အလုပ်သမားတွေကို ကောင်းကောင်းမွန်ပဲ ပြောချင်တယ်။
 
မေး.. အထည်ချုပ်စက်ရုံတွေရဲ့ လုပ်ငန်းခွင်တွေမှာ ဆဲဆို ခိုင်းစေသူတွေက စူပါတွေ၊ အောစူပါတွေလို့ ပြောရင် မှန်ပါလား ။
ဖြေ... အဲဒါက အမှန်ပါ။ ဒီလိုဖြစ်တာတွေက အကြောင်းအရင်းတွေ ရှိပါတယ်။ အထည်စံချိန်ပြည့်ပြီး ကျော်နေတယ် ဆိုရင် စူပါတွေ၊ အောစူပါနဲ့ လီဒါတွေ (leader) ကို ဘောနပ် (ဆုကြေး) ရတယ်။ အောစူပါဆို စူပါတွေထက် နှစ်ဆ လောက် ရကြတယ်။ ရာထူးအဆင့်အလိုက် အဲလို မက်လုံးတွေကို စက်ရုံဘက်က ပေးထားတယ်။ ဒီ မက်လုံးတွေ ကြောင့်ပဲ အထည်အရေအတွက်များများရဖို့ အလုပ်သမားတွေကို  ဆဲဆို ပြောတာတွေ ဖြစ်လာတာပါ။ အလုပ်သမားတွေ ဘောနပ် ရတယ်ဆိုကတော့ အောစူပါတွေ ရတဲ့ ဘောနပ်ရဲ့ ၄ ပုံ ပုံရင် ၁ ပုံလောက်ပဲ ရှိပါတယ်။
 
မေး... အလုပ်သမားတွေကို ဆဲဆိုရလောက်အောင် နှေးကွေးနေလို့လား။ တကယ် ဆဲဆိုမှ အထည်အရေအတွက် ထွက် တာလား ။ 
ဖြေ... ကျွန်မ အမြင်ကတော့ စက်လိုင်းထဲမှာ ပြောမကောင်းဆိုမကောင်းတွေနဲ့ ခိုကပ်သူတွေတော့ ပါတတ်ပါတယ်။ ဒီလို ပါနေလို့ တလိုင်းလုံးကို ဆဲဆိုတာမျိုးတော့ မလုပ်သင့်ဘူး ။ ကျွန်မကတော့ အဲလို အလုပ်သမားကို ခေါ် မေးမြန်း ပြီး နားလည်အောင် သေချာပြောပါတယ်။ မဖြစ်နိုင်တဲ့ စံချိန်ကို ချုပ်ရတော့ မယ်ဆိုတော့ တချို့ အလုပ်သမား တွေက မတုန်မလှုပ်ပုံစံတွေ ဖြစ်သွားတတ်တယ်။ ကျွန်မရဲ့ အလုပ်သမားတွေ ကတော့  လုပ်ကြပါတယ်။ တချို့ဆို အိမ်သာကိုတောင် မသွားဘဲ လုပ်ပေးကြပါတယ်။ အလုပ်သမား လုပ်ချင် အောင် ကိုယ်တိုင်လည်း ချုပ်ပြရပါတယ်။ ကျွန်မဆိုရင် အလုပ်ပြောင်းတိုင်း အလုပ်သမား ၁၄ ယောက်လောက် ကျွန်မနဲ့အတူ လိုက်ပြောင်းကြတယ်။ ဆဲမှ အထည်ထွက် တာမျိုးတော့ မဟုတ်ပါဘူး။ 

မေး.. စက်ရုံက ပေးတဲ့ ဖိအားကို တွန်းလှန်ဖို့ စူပါတယောက်အတွက် အခက်အခဲရှိလား။
ဖြေ... ဒါကတော့ အဆင်မပြေဘူး။ သူတို့တောင်းတဲ့ အထည်စံချိန် (Hourly) ကို  ပေးမှ ရမယ်။ မရဘူးဆိုရင် အလုပ် ထွက် ပဲ။ အစမ်းခန့်တွေ ဘာတွေရှိတော့ အဲလိုထွက်ပေါ့။ 

မေး..  စူပါတယောက်ရဲ့ လုပ်ငန်းခွင်အခက်အခဲတွေကို လက်အောက် အထည်ချုပ်အလုပ်သမားတွေကို ပြောပြပြီး စည်းရုံးဖူးပါသလား ။ 
ဖြေ... ပြောပြပါတယ်။ အလုပ်သမားတွေက နားလည်ပါတယ်။ စူပါတစ်ယောက် အလုပ်သမား တွေရဲ့ လုပ်ကိုင် နိုင်စွမ်း ကို သိပါတယ်။ အလုပ်သမားတွေ မချုပ်နိုင်တာလား၊ မချုပ်ပေးတာလား ဆိုတာ ခေါင်းဆောင်က သိပါတယ်။ ချုပ်နေတာကို မရနိုင်တဲ့ အရည်အတွက် တောင်းတာမျိုး ကတော့ မဟုတ်ဘူးပေါ့။ အထည်ချုပ် စက်ရုံရဲ့ အလုပ် သဘောကလည်း အထည် ၅၀ တင်ဖို့ဆိုရင် ၆၅ လောက် ချုပ်ထားရတယ်။ အရည်အသွေးစစ် (QC) တွေက စစ်ပြီးမှ  အထည်အရေအတွက်အမှန်ကို ရပါတယ်။ 

မေး.. စူပါတွေနဲ့ အောစူပါတွေကြားမှာ အဆင်ပြေပြေ ဆက်ဆံနိုင်ဖို့ဆိုရင် ဘာလို အချက်တွေ ပြုပြင်သင့်တယ်လို့ ထင်ပါ သလဲ။
ဖြေ... Hourly လို အထည်စံချိန်တွေကို မျှတတဲ့ အရည်အတွက်တောင်းမယ်၊ လုပ်ငန်းခွင်အတွင်း ဆဲဆိုတာ မဟုတ်ဘဲ မျှမျှတတ ပြောဆိုမယ်ဆိုရင် အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ စက်ရုံဘက်ကလည်း အလုပ်သမား တွေ ချုပ်နိုင်တဲ့ အထည်အရေအတွက်တွေကို တောင်းမယ်ဆိုရင် ကြီးကြပ်တဲ့ စူပါတွေ၊ အောစူပါ တွေမှာ ဖိအား မဖြစ်တော့ဘူး ။ တကယ်တော့ စက်ရုံက အလုပ်သမား အချင်းချင်းဆိုတာ မိသားစုဝင်တွေထက်ကို တွေ့ချိန် ပိုများ ပါတယ်။ အားလုံးအဆင်ပြေမယ်ဆိုရင် လုပ်ငန်းခွင်မှာ ပျော်ပျော်ရွင်ရွင်နဲ့ အေးချမ်းပြီး အဆင်ပြေ မှာပါ။  

ဖြေကြားပေးတာကျေးဇူးတင်ရှိပါတယ်။ 
#MyanmarLabourNews

 


Related posts

Cover
NKM စက်ရုံမန်နေဂျာ အမျိုးသမီး ရိုင်းဆိုင်း ဆဲဆို ခိုင်းစေလို့ အလုပ်သမားများ အရှက်ရ
Apr 27, 2024
Cover
စက်ရုံလုပ်သားများ လုပ်ငန်းခွင်စွန့်ပြီး ပြည်ပထွက်ရန် ကြိုးပမ်းလာ
Apr 27, 2024
Cover
အလုပ်ထွက်တဲ့ဝန်ထမ်းတွေ လစာအပြည့်မရဘဲ ဖြတ်တောက်ခံနေရ
Apr 25, 2024
Cover
အလုပ်ထွက်တဲ့အလုပ်သမားတွေ ဒေးကြေး ရက်မှန်ကြေး အချိန်ပိုကြေးနှင့် ကျွမ်းကျင်ကြေးတွေ ဖြတ်တောက်ခံနေရ
Apr 23, 2024
Cover
လုပ်ငန်းခွင်အတွင်းက အခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးရန် တိုင်ကြားထားဟုဆို
Apr 22, 2024
Cover
လုပ်ခ မလုံလောက်မှုကြောင့် အလုပ်သမားများ စားဝတ်နေရေး ပိုမိုခက်ခဲလာ
Apr 22, 2024
Cover
အမျိုးသမီးများပါသွားရောက်လုပ်ကိုင်နိုင်မည့် ကိုရီးယား EPS-TOPIK စာမေးပွဲဧပြီ ၃၀ ရက် နေ့ဖြေဆိုရမည်
Apr 20, 2024
Cover
HOPE ONE CO,LTD စက်ရုံလုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက်အပါအဝင် အခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေဟုဆို
Apr 19, 2024