NEWS

အခြေခံအလုပ်သမားတွေ ခွင့်ရရှိဖို့ ခက်ခဲလာ

CoverLogo
1.6K Views

ယခင်က ခံစားခွင့်ရခဲ့တဲ့ ဥပဒေပါ အခွင့်အရေးတွေကိုတောင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ  လွယ်လင့်တကူ မရရှိကြတော့ပဲ ခွင့်ယူဖို့တောင် ခက်ခဲလာကြတယ်လို့ အခြေခံအလုပ်သမားတွေထံကသိရပါတယ်။

ကိုဗစ်ကပ်ရောဂါကာလအစောပိုင်း၊ စစ်အာဏာမသိမ်းခင်ကတောင် ဥပဒေနဲ့ပြဌာန်းထားတဲ့အလုပ်သမားအခွင့်အရေးတွေကို ကောင်းမွန်စွာရရှိခဲ့ကြတယ်လို့ဆိုပါတယ်။လတ်တလောမှာတော့ လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်၊ ဆေးခွင့် စတဲ့ ခွင့်ယူဖို့ကိုတောင် ဝန်ထမ်းအချင်းချင်း ရာထူးကြီးသူကပါ ကန့်သတ်မှု၊ ဖိနှိပ်မှုတွေ လုပ်ဆောင်လာကြတာလည်း ဖြစ်ပါတယ်။

ယခင်ကတော့ အလုပ်သမားအခွင့်အရေးတွေနဲ့ပတ်သက်ပြီး သမဂ္ဂက ရှေ့ဆောင်ကာ အလုပ်ရှင်နဲ့ ညှိနှိုင်းတိုင်ပင် ဖြေရှင်းပေးခဲ့ကြပေမယ့် လက်ရှိမှာတော့ သမဂ္ဂအဖွဲ့တွေပါ ရပ်ဆိုင်းကုန်ကြတာကြောင့် ဖိနှိပ်မှုတွေ ပိုဆိုးလာတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ အထည်ချုပ်စက်ရုံလုပ်သားတစ်ဦးက "အာဏာသိမ်းပြီးတဲ့နောက်မှာ သမဂ္ဂအဖွဲ့အစည်းကတော့ မလုပ်တော့ဘူးပေါ့နော်၊ လုံးဝရပ်စဲလိုက်တယ်၊ လုံးဝရပ်စဲလိုက်တာဖြစ်တဲ့အတွက် သမဂ္ဂကိုအသိအမှတ်မပြုတော့တာတော့ မဟုတ်ဖူး စက်ရုံက၊ သမဂ္ဂကိုတော့ အသိအမှတ်တော့ပြုတယ်၊ ဒါပေမယ့် စက်ရုံရဲ့ သမဂ္ဂက အလုပ်မလုပ်တော့ဘူးဆိုတော့ ဒီတိုင်းပဲပေါ့၊ သမဂ္ဂက စက်ရုံမှာမရှိတော့ဘူးပေါ့၊ စက်ရုံက အလုပ်သမားနဲ့အလုပ်ရှင်ပဲရှိတော့တယ်၊ သမဂ္ဂဆိုတဲ့အရာ မရှိတော့တာ ဖြစ်တဲ့အတွက် စက်ရုံက ဒီလို ခွင့်တွေဘာတွေမပေးတော့တာတို့ ၊ရှောင်တခင်ခွင့်တွေမပေးတော့တာတို့ ၊ အရင်တုန်းကလို gate pass အလွယ်တကူ မရတာတို့၊ အဲ့ဒါမျိုးတော့ လုပ်တယ်"လို့ပြောပါတယ်။

ယခင်က တစ်ရက်လျှင် ပုံမှန်အလုပ်ချိန် ၈နာရီအတိအကျ လုပ်ကိုင်ခဲ့ရပေမယ့် အခုချိန်မှာတော့ အလုပ်ခွင် အစည်းအဝေးကို ကြိုတင်ခေါ်တာ၊ အလုပ်သို့ ရောက်ရှိချိန် သတ်မှတ်တာတွေကို ၅မိနစ်ကနေ ၁၅မိနစ်အထိ ပိုတိုး သတ်မှတ် ခေါ်ယူကာ နောက်ကျပါက ကြိမ်းမောင်းအပြစ်တင်ခံရတယ်လို့လည်း အလုပ်သမားတွေထံကသိရပါတယ်။

ခွင့် တိုင်လျှင် လက်မခံတာ၊ ခွင့်၃ရက်တိုင်ပါက ၁ရက်ပဲပေးတာတွေ ရှိသလို၊ ၎င်းတို့ခွင့်မပြုတဲ့ကြားက ခွင့်တစ်ရက်နားပါက အချိန်ပိုလုပ်ခွင့်မပေးတော့တာ၊ ဖယ်ရီ စီစဉ်မပေးတာတွေရှိလာတယ်လို့ သိရပါတယ်။ ဒါ့အပြင် လစာထုတ်ရာမှာ တပေါင်းတည်း စာရင်းပါပေးထားတဲ့ ကျွမ်းကျင်လုပ်သားတွေ အပိုဆုကြေးငွေကိုလည်း ၆ရက်ခန့်အကြာမှာ စူပါထံ ပြန် ပေးရတာတွေရှိလာတယ်လို့ သိရပါတယ်။

အလုပ်သမားကြီးကြပ်တဲ့ စူပါတချို့ကလည်း ညစ်ညမ်းစွာ ဆဲဆိုအော်ဟစ်ကြိမ်းမောင်းလာကြသလို တဆင့်ခံခွင့်တိုင်ကြားတာ၊ ဖုန်းဆက်တိုင်ကြားတာတွေမှာ လက်မခံကြတော့ဘူးလို့ သိရပါတယ်။ 
ဒီလို အခြေအနေတွေကို သက်ဆိုင်ရာဦးစီးမှူးရုံးတွေ ကလည်းဖြေရှင်းမပေးဘူးလို့ သိရပါတယ်။အဲ့ဒီလိုအခြေအနေတွေကြောင့် အလုပ်သမားတွေဟာ အလုပ်ခွင်မှာ မပျော်ရွှင်ကြတော့ပဲ စားဝတ်နေရေးအခက်အခဲကြောင့်သာ သည်းခံလုပ်ကိုင်နေကြရတယ်လို့ အလုပ်သမားတွေက Myanmar Labour News ကို ပြောပါတယ်။

"အရင်တုန်းက လူကြီးတွေပြောတာ ကြားဖူးတယ် အလုပ်ချိန်က အရင်တုန်းကလို ၈နာရီမဟုတ်ပဲ ၁၂ ပြည့်မှ ၃၆၀၀ ရတာမျိုးတို့၊ နောက်ပြီးတော့ OT ခေါ်လို့ရင်လည်း အလကားဆင်းပေးရတာမျိုးတို့ အဲ့ဒါမျိုးတွေ ဆက်ပြီးတော့ ဖြစ်လာနိုင်မယ်လို့တော့ မြင်တယ်ဗျ"လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။

ကျန်းမာရေးအရလိုအပ်တဲ့ခွင့်တိုင်ကြားမှုတွေ၊ ဥပဒေအရ အလုပ်သမားဘက်က ခံစားခွင့်ရှိတဲ့ခွင့်တွေကို အလုပ်ရှင်တွေဘက်က မပေးမဖြစ်ပေးရမယ်လို့ STUM ရဲ့ ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးကပြောပါတယ်။ဒါ့အပြင် လူမှုဖူလုံရေး ခံစားခွင့်ဟာလည်း ကျန်းမာရေးအရ လိုအပ်တဲ့ ဆေးဖိုးသာရရှိပြီး ဆေးရုံးဆေးခန်းသွားလာစားရိတ် စတဲ့ လိုအပ်ချက်တွေအတွက်တောင် လုံလောက်စွာ မရရှိကြဘူးလို့ သိရပါတယ်။

ခွင့်တွေ တိုင်ကြားရာမှာ အလုပ်သမားဝန်ကြီးဌာနကပေးထားတဲ့ ခွင့်ဖောင်အတိုင်းဖြည့်စွက်တိုင်ကြားရမှာဖြစ်ပေမယ့် အလုပ်ခွင်အများစုမှာတော့ ခွင့်ဖောင်တွေပေးမထားတဲ့ နှုတ်နဲ့သာတိုင်ကြားနေကြတဲ့အတွက် အငြင်းပွားမှုတွေ မကြာခနဖြစ်လေ့ရှိကာ အလုပ်ထုတ်ပယ်တဲ့အထိ လုပ်နေကြတယ်လို့ သိရပါတယ်။

STUM ရဲ့ ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးက"ပထမအစိုးရတွေလက်ထက်မှာထဲက အလုပ်သမားဝန်ကြီးဌာနက ခွင့်ဖောင်တွေပေးထားတယ်၊ အလုပ်သမားတစ်ယောက်က ခွင့်ယူမယ်ဆိုလို့ရှိရင် ဆေးခွင့်လား၊ လုပ်သက်ခွင့်လား၊ ပြီးလို့ရှိရင် မီးဖွားခွင့်လား ၊ပြီးရင် ရှောင်တခင်ခွင့်လားဆိုတာပါပြီးသား၊ ခုကျတော့ စက်ရုံထဲမှာ ခွင့်နဲ့ပတ်သက်ပြီးတော့ ရှင်းလင်းတဲ့လုပ်ငန်းစဉ်ပေါ့နော်၊မထားဘူး၊ အဲ့ဒီခွင့်ဖောင်တွေ ပေးမထားဘူး၊ ပေးမထားပဲနဲ့ leader ကို ဖုန်းဆက်၊ superကို ဖုန်းဆက်၊လူကြုံနဲ့မှာ၊ အဲ့လိုမျိုးတွေလုပ်တဲ့ခါကျတော့ အငြင်းပွားမှုတွေ မကြာခနဖြစ်တယ်၊ အလုပ်ထုတ်တယ်"လို့ ဆို‌ပါတယ်။

စက်ရုံ၊အလုပ်ရုံတွေမှာ ဥပဒေအရ ခွင့်ဖောင်ပုံစံနဲ့ စနစ်တကျဖြည့်သွင်းလုပ်ဆောင်မှု မရှိတာတွေဟာ ဆိုင်ရာဦးစီးတွေက စည်းကြပ်ရန်ပျက်ကွက်တဲ့အတွက် ဖြစ်တယ်လို့ STUM ရဲ့ ဒါရိုက်တာကပြောပါတယ်။

အခက်အခဲတွေကို ဖြေရှင်းဖို့မလွယ်ကူတဲ့အတွက် အလုပ်သမားတွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ရေးသားပါကလည်း စက်ရုံအမည်ပါခဲ့ပါက လုပ်ငန်းရှင်ဘက်က ဆက်သွယ်ရေးဥပဒေတွေနဲ့ တရားစွဲဆိုတာတွေရှိတယ်လို့ သိရပါတယ်။အလုပ်သမားတွေအနေနဲ့ အခက်အခဲတွေကို မည်သို့မျှ ဖွင့်ဟပြောလို့မရတော့ပဲ ဘက်ပေါင်းစုံကနေ ပိတ်ဆို့ခံထားရတဲ့အခြေအနေဖြစ်တယ်လို့ အလုပ်သမားအရေးကူညီဖြေရှင်းပေးနေသူတွေထံက သိရပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026