NEWS

သူတို့ကငွေများတရားနိုင်ဆိုတော့ သပိတ်မှောက်တာပဲရွေးလိုက်တယ်။

CoverLogo
2K Views

PMG ကုမ္ပဏီ ပုလင်းဆေးဌာနက အလုပ်သမားတွေက  ကိုဗစ်ကာလအတွင်း အလုပ် မလုပ်ရတဲ့ အကြောင်းပြချက်နဲ့ ရက်မှန်ကြေး (လုပ်ခလစာ၏၁၀%)ကို ဖြတ်တောက်ခဲ့တာကြောင့် အဲဒီ ရက်မှန်ကြေး ပြန်လည်ရရှိဖို့ တောင်းဆိုခဲ့ကြပါတယ်။

အဲဒီလို ရက်မှန်ကြေးပြန်လည်ရရှိဖို့ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနကို တိုင်ကြားခဲ့ ပေမယ့် ရက်မှန်ကြေးဟာ အခကြေးငွေဥပဒေနဲ့ သက်ဆိုင်မှုမရှိဟုဆိုပြီး အငြင်းပွားမှုတစ်ခုအနေနဲ့ ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ဆီ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။  မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးမှာ ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှုမရတာ‌ကြောင့် အလုပ်သမားတွေက ခုံသမာဓိဆီ တက်ရောက်ခဲ့ပေမယ့် ပယ်ချခံခဲ့ရတာလို့ သိရပါတယ်။ 

အဲဒီအတွက် ရွှေပြည်သာ စက်မှုဇုန် ၃ မှာရှိတဲ့  PMG ( PEACE MYANMAR GROUP) ပုလင်းသိုလှောင်စက်ရုံ ပုလင်းဆေးဌာန အလုပ်သမားတွေဟာ ရန်ကုန်တိုင်း ခုံသမာဓိအဖွဲ့ရဲ့ အမိန့်ကို မကျေနပ်တာကြောင့် ဩဂုတ်လ ၈ ရက် မနက် (၈)နာရီက စတင် ကာလုပ်ငန်းခွင်အတွင်း သပိတ်မှောက်နေတာ ဖြစ်ပါတယ်။

အခုလိုသပိတ်မှောက်တောင်းဆိုရခြင်းအပေါ် ဆန္ဒပြတောင်းဆိုမှုပြုလုပ်နေတဲ့ အလုပ်သမားတွေကို  Myanmar Labour News ကဆက်သွယ်မေးမြန်းဖော်ပြလိုက်ပါတယ်။

ဘာကြောင့်သပိတ်မှောက်တာပါလဲ။

ခုံသာမာဓိရဲ့ဆုံးဖြတ်ချက်ကို မကြိုက်တဲ့အတွက် ခုံကောင်စီကိုဆက်မတက်ဘဲ  သပိတ်မှောက်ခဲ့တာပါ။ခုံသမာဓိကရွှေပြည်သာဘက်ကခုံသမာဓိကိုတက်ခဲ့တုန်းက ပယ်ချခဲ့တယ်။ အဲ့ဒီတုန်းကအချက်အလက်တွေကိုလည်း သူတို့ကပြန်ကိုးကားတာဖြစ်တာကြောင့် ဆက်မတက်ဖြစ်တော့တာပါ။ စက်ရုံဘက်က ကိုဗစ်ကာလနဲ့ နိုင်ငံရေးအခြေအနေနဲ့တင်ပြတော့ ခုံသမာဓိကမပေးဘဲ ပယ်ချတာပဲ။

လစာဖြတ်တောက်ခံရမှုက ဘယ်လိုဖြတ်တောက်ခံရတာလဲဆိုတာ သိချင်ပါတယ်။

လစာရဲ့ တစ်ဆယ်ရာခိုင်နှုန်း ရက်မှန်ကြေးကို ဖြတ်ခံရတာက ၂၀၂၀ကတည်းက စဖြတ်တယ်။. ၂၀၂၁မှာ ၀န်ထမ်းတွေကတောင်းဆိုလို့ ရက်မှန်ကြေးပြန်ပေးတယ်။ တစ်လပဲပေးပြီး ခုချိန်ထိ မပေးဘဲ ဖြတ်တောက်ထားတယ်။

ဖြတ်ခံရတဲ့ရက်မှန်ကြေးက လစာရဲ့တစ်ဆယ်ရာခိုင်နှုန်းပါ။ အနည်းဆုံးအခကြေးငွေကတော့ ၄၈၀၀နှုန်းပေးပါတယ်။  အမတို့မှာ အပိုကြေးလည်းမရှိဘူး။ ဘာမှမရှိဘူး။ ဖယ်ရီလည်းမရှိဘူး ကိုယ့်ဘာသာပဲစီးရတာဆိုတော့  ဒီရက်မှန်ကြေးလေးကိုတော့ ပုံမှန်အတိုင်း လိုချင်ပါတယ်။

ခြိမ်းခြောက်ခံရတာမျိုးရှိလား။အလုပ်ထုတ်တာမျိုးရောရှိပါသလား။

အလုပ်ထုတ်ခံရတာမျိုးတော့မရှိဘူး။ သူတို့ဘာသာနှုတ်ထွက်တာတော့ရှိတယ်။ ခြိမ်းခြောက်တာတော့ သူတို့ကစက်ရုံထဲ၀န်ထမ်းတွေ သပိတ်မှောက်လို့ အလုပ်ရှင်ကတရားစွဲရင် စစ်ကြောရေးပို့ရမယ်။ စစ်မယ်ဖမ်းမယ်ဆိုတာမျိုး ၀န်ထမ်းတွေ ၄၇ ယောက်ရှေ့မှာ ခြိမ်းခြောက်မှုတွေရှိတော့ တစ်ချို့တစ်၀က်က ထွက်သွားတယ်။ ၃၈ယောက်ပဲရှိတယ်။ လာခြိမ်းခြောက်တာကတော့ အလစ၊ အလည နဲ့ အလရ ကပါ၊

အရင်တုန်းကတော့ သမဂ္ဂဖွဲ့လို့ဆိုပြီး အလုပ်သမားတွေကိုလျော်ကြေးပေးပြီး  အလုပ်ထုတ်တာတွေတော့ရှိခဲ့ပါတယ်။

စက်ရုံမှာအလုပ်သမား ၇၂ယောက်ရှိတယ်။ အီးစီစာချုပ်ကချုပ်ပေးတယ်။ စာချုပ်ထဲမှာထမင်းကျွေးလို့ချုပ် ထားတာမ ကျွေးခဲ့တာ၈လရှိတယ်။ ပြန်ပြီးတောင်းဆိုခဲ့တော့ ထမင်းဖိုး၅ရာလို့သတ်မှတ်ပြီးတော့ ၇လပိုင်းကစပေးခဲ့တာ ခုလနဲ့ဆိုနှစ်လရှိပါပြီ။ ဖူလုံရေးရှိပါတယ်။ ပေးဆောင်တာလည်းရှိသလို ကတ်တွေလည်းရှိပါတယ်။

သပိတ်မှောက်တာကို ဘယ်လောက်အထိဆက်လုပ်ဖို့ရှိလဲ။

စက်ရုံဘက်ကညှိနှိုင်းမှုပေါ့နော်။ အစ်မတို့က ခုချက်ချင်းပေးပါလည်းမပြောဘူး။ ဘယ်တော့မှာဘယ်ရက်ညှိပြီးပေးမယ်ဆိုရင် သပိတ်မှောက်တာကိုရပ်ပါမယ်။ လုံး၀မပေးရင်တော့ မရပ်ပါဘူး။ တင်ထားတဲ့အတိုင်းပဲ သပိတ်ဆက်မှောက်မှာပါ။

 

ရက်မှန်ကြေးဖြတ်ခံရတာက ဘယ်ချိန်ကစဖြတ်တာလဲ ဘယ်လောက်ကြာပြီလဲ။

အစ်မတို့ရက်မှန်ကြေးဖြတ်ခံထားရတာကအတော်ကြာပါပြီ။ ကိုဗစ်ဖြစ်ကတည်းကမပေးတော့တာပါ.။ ခုဆိုရင်တစ်လချင်းစီရဲ့တစ်ဆယ်ရာခိုင်နှုန်းဆိုရင် တစ်ယောက်ချင်းစီမှာတစ်သောင်းခွဲ တစ်သောင်းခွဲကျော်ကျော်မတူကြဘူး။ အမတို့ကလေးသိန်းကျော်ကျော်လောက်တော့ရမှာပေါ့။

လက်ရှိကုန်ဈေးနှုန်းအရ လုပ်ခရတာနဲ့ ဘယ်လိုသုံးစွဲနေရလဲ။

လက်ရှိနေ့စဉ်အသုံးစရိတ်ကတော့ မလုံလောက်ပါဘူး။ အမတို့ကလမ်းစရိတ်ပဲ အသွားငါးရာအပြန်ငါးရာ အဆောင်လခတွေရော အဆာပြေစားတာနဲ့ လူမှုရေးတွေတော်တော့်ကိုအဆင်မပြေလို့ ခုလိုဒီရက်မှန်ကြေးကိုတောင်းရတာပါ။  တောင်းတာကလည်းသူးတို့ကဘယ်လောက်လောက်ပြန်ပေးနိုင်မလဲ ဆိုပြီးကိုညှိပေးတာပါ။ သူတို့ကရောင်းမကောင်း အလုပ်မကောင်းဘူး အလုပ်မရှိဘူးလို့ပြောပေမဲ့ အလုပ်ကတော့ အမြဲဆင်းပီးလုပ်ပေးနေရတာပါ။

 

ခုလိုအချိန်ကာလကြီးမှာ သပိတ်မှောက်တောင်းဆိုရတဲ့ ခံစားချက်လည်းသိချင်ပါတယ်။

အမှန်တကယ်ရရန်ရှိတာတော့ အားလုံးပါပဲ. ဖြတ်ခံရတာလည်း အကုန်လုံးကိုဖြတ်ထားတာပါ။ 
အလုပ်သမားတွေက  ခုံသမာဓိထိတက်ထားတယ်။  သူတို့ကငွေများတရားနိုင်ဆိုတော့ သပိတ်မှောက်တာပဲရွေးလိုက်တယ်။  အလစကလည်း ဖမ်းခံရမယ် စစ်ကြောရေးရောက်မယ်ဆိုပီး ပြောလာတာတွေရှိတယ်။ အန္တရာယ်ရှိမှန်းလည်းသိပေမဲ့ ဘလိုမှမဖြစ်တော့လို့တောင်းဆိုတာပါ။ အစ်မတို့မှာ တစ်ခြားစက်ရုံတွေလို အိုတီတွေ ဆုကြေးတွေ  ကျွမ်းကျင်ကြေးတွေဆိုတာမျိုး တစ်ခြားခံစားခွင့်ဘာမှမရှိပါဘူး။  ကိုယ့်ရထားပြီးသားဖြစ်တဲ့ ကိုယ့်အခွင့်အရေးရက်မှန်ကြေးလေးပဲတောင်းဆိုတာပါ.။ ဒီရက်မှန်ကြေးရဖို့အတွက် အစ်မတို့အလုပ်တစ်ရက်မှမပျက်ခဲ့ဘဲ ရင်းခဲ့ရတာပါ။  အစ်မတို့မှာအခက်အခဲတွေရှိပါတယ်။ လမ်းစရိတ်တွေ အဆောင်ခတွေ  စားစရိတ်တွေဘလိုမှ မလောက်လို့ခုလိုအထိ တောင်းဆိုရတာပါ.။

လက်ရှိစက်ရုံမှာ လုပ်သက်ဘယ်လောက်တွေရှိကြလဲ။

လုပ်သက်အများဆုံးက ၂၇နှစ်၂၅နှစ်အထိရှိပြီး အနည်းဆုံး ၇နှစ်ရှိပါတယ်။ အခြားဘာခံစားခွင့်မှလည်းမရှိပါဘူး။ တစ်ရက်ပျက်တာနဲ့ ရက်မှန်ကြေးကမရတော့ပါဘူး။  ဒီရက်မှန်ကြေးရဖို့အတွက်ကိုပဲ တစ်ရက်မှမပျက်ရဲခဲ့ပါဘူး။ အစ်မဆိုလုပ်သက်၂၅နှစ်ရှိပြီ လစာ ၁၇၀၀၀၀ ပဲရတယ်။ အဲ့တော့ ဒီရက်မှန်ကြေးကိုပဲတောင်းဆိုရတာပါ။

ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။


Related posts

Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026