ပြည်တွင်း အလုပ်သမားတွေအနေနဲ့ ဘေးအန္တရာယ်ရှိသောယာဉ်များနဲ့ဖယ်ရီကြိုပို့မှုလုပ်ခြင်း၊ယာဉ်မောင်းတွေ စည်းကမ်းမဲ့ မောင်းနှင်တာတွေ ပြုလုပ်ပါက MHACအဖွဲ့ချုပ်အပါအဝင် အလုပ်သမားအရေးလှုပ်ရှားဆောင်ရွက်တဲ့ အဖွဲ့စည်းတွေထံ ဆက်သွယ်တိုင်ကြားဖို့ မြန်မာနိုင်ငံ စက်မှု လက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) က ထုတ်ပြန်ထားပါတယ်။
ဖေဖေါ်ဝါရီ၃ ရက်က လှည်းကူးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရန်ကုန်-ပဲခူးပြေးဆွဲတဲ့ မီနီဘတ်စ်ယာဉ်နဲ့ စက်ရုံဖယ်ရီကား တိုက်မိခဲ့တဲ့ ဖြစ်စဉ်ကြောင့် အလုပ်သမား ၄ ယောက်သေဆုံးကာ ၃၀ ကျော် ထိခိုက်မှုဖြစ်ခဲ့ ပြီးနောက် ဖေဖေါ်ဝါရီ၎ရက်မှာ ယခု ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းအတွင်းက စက်ရုံဖယ်ရီကားတွေရဲ့ ပေါ့လျော့မူကြောင့် ယာဉ်မတော်တဆမှု မကြာခဏဖြစ်လာသလို အသက်ဆုံးရူံးရတဲ့ အလုပ်သမားများစွာရှိလာတဲ့အတွက် တာဝန်ရှိသူတွေ ထိန်းကျောင်းကြပ်မတ်ဖို့ လိုတယ်လို့ မြန်မာနိုင်ငံ စက်မှု လက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF)က တောင်းဆိုထားပါတယ်။
အခုလို မတော်တဆ မှု တွေ မဖြစ်စေဖို့ အလုပ်ရှင်တွေ အနေနဲ့ ဘေးကင်းတဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကိုထူထောင်ရန်၊ဖယ်ရီကား ကြံခိုင်မှု ကိပုံမှန်စစ်ဆေးရန်၊ကျွမ်းကျင်မှုရှိတဲ့ ယာဉ်မောင်းကိုသာ ခန့်အပ်ရန်၊တင်ဆောင်နိုင်တဲ့ လူဦးရေပမာဏ ပိုမိုတင်ဆောင်တာ မျိုး မပြုလုပ်ရေး အတွက် စစ်ဆေးကြပ်မတ်ပေးဖို့ တောင်းဆိုထားပါတယ်။
လုပ်သားတွေ အနေနဲ့ လည်း ဘေးအန္တရာယ်ရှိတဲ့ ယာဉ်ဖြင့် ဖယ်ရီအကြိုပို့ လုပ်တာတွေ ဖယ်ရီကားယာဉ်မောင်းသူတွေ စည်းကမ်းမဲ့ မောင်းနှင်တာတွေ ကြုံတွေ့ လာပါက စက်ရုံရှိ OSH Commeitte ကို ချက်ချင်းတိုင်ကြားဖို့ သို့မဟုတ် MICS အဖွဲ့ချုပ်အပါအဝင် အလုပ်သမားအရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေထံ အချိန်နဲ့တပြေးညီဆက်သွယ် တိုင်ကြားဖို့ နှိုးဆော်ထားပါတယ်။
MICS-TUsF က ပြုစုထားတဲ့ အချက်အလက်တွေအရ ၂၀၂၅ မတ်လကနေ အခုနှစ် ဖေဖော်ဝါရီပထမအပတ်အထိ စက်ရုံဖယ်ရီကား မတော်တဆမူဖြစ်ခဲ့တာ ၆ ကြိမ်ထက်မနည်းရှိခဲ့ပြီး အလုပ်သမား ၁၂ ယောက် သေဆုံးကာ ၈၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။









