ARTICLE

“လုပ်ငန်းရှင်တွေက ပိုပြီးချမ်းသာလာမယ် အလုပ်သမားတွေက ပိုပြီးဆင်းရဲလာတယ်”

CoverLogo
546 Views

ကော်လံပြာလုပ်သားတွေလို့ ခေါ်နိုင်တဲ့ စက်မှုဇုန် အလုပ်သမားတွေဟာ အခုကာလမှာ တစ်ရက်အလုပ် ချိန် ၈ နာရီနဲ့ အချိန်ပိုအလုပ်ချိန် အနည်းဆုံး ၄ နာရီ အပါ စုစုပေါင်း ၁၂ နာရီလောက် ခွန်အားစိုက်ထုတ်ပြီး အလုပ်လုပ်ကိုင်ရပါတယ်။ 

 

အဲ့ဒီလို တစ်လလုံး ပျက်ရက်မရှိနဲ့ အချိန်ပိုနာရီပေါင်း ၆၀ ခန့် လုပ်ကိုင်ရင် အမြင့်ဆုံးရရှိတဲ့ စုစုပေါင်း လစာ ငွေက ၃၅၀၀၀၀ ကျပ်သာဖြစ်ပါတယ်။

 

အဲ့ဒီအထဲမှာ ပျက်ရက်မရှိလို့ရတဲ့ ရက်မှန်ကြေးနဲ့ ကျွမ်း ကျင်မှုကြောင့်ရရှိတဲ့ ကျွမ်းကျင်ကြေး၊ ဂရိတ်ကြေးလို အဆင့်အလိုက် သတ်မှတ်ပေးတဲ့ ဆုကြေးတွေ ပါဝင် ပါတယ်။

 

“လုပ်ခလစာ က အများဆုံးရက်မှန်မှ ၃ သိန်း ၄ သောင်း အများဆုံးပဲ။ အချိန်ပို နာရီ ၆၀ လုပ်ရတာပေါ့။ အနည်း ဆုံးရတာက၂ သိန်း ၈ သောင်း၊ အများဆုံးက ၃ သိန်းခွဲ ပဲ။ လောက်ငှအောင် စားသောက်ဖို့က အခုရတဲ့ ၃ သိန်း ၄ သောင်းက တစ်ယောက်စာပဲ လောက်တယ်။ မိသား စုနဲ့ဆို မလောက်ငှပါဘူး၊ ဆန်တပြည်ကို ၄၅၀၀-၅၀၀၀ ဖြစ်နေတာမို့ တစ်ရက်လုပ်အားခက ဆန်တပြည်ဖိုးပဲ ရှိတာ။ အခြားသော ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ဟင်း စားအတွက် အနည်းဆုံး ၃၀၀၀ ဖိုး လောက်နဲ့ စားမယ် ဆိုရင် ၂ ယောက်စားဖို့က တစ်ရက် တစ်သောင်းကျော် လောက်ကျပါတယ်။ လုပ်ခလစာက အလုပ်ရှင်တွေ တိုး ပေးတာက ၅၆၀၀ ဆိုတော့ ဘယ်လိုမှ လောက်ငှမှု မရှိ ဘူး” လို့ စက်မှုဇုန်လုပ်သားတစ်ဦးဖြစ်တဲ့ ကိုကိုဇော် (အမည်လွှဲ) က ပြောပါတယ်။ 

 

ကျွမ်းကျင်လုပ်သားဖြစ်ပေမယ့် ကျန်းမာရေးထိခိုက်လို့ ရက်ပျက်တာမျိုးတွေ ရှိရင်တော့ သူ့အတွက် ရရှိမယ့် ဝင်ငွေထဲက ဆေးကုသစရိတ် စိုက်ထုတ်ရတဲ့အပြင် ရက်ပျက်နဲ့ ကျွမ်းကျင်ကြေးတွေ လျှော့နည်းသွားတဲ့ အတွက် အထက်ပါဆိုခဲ့တဲ့ လစာပမာဏဟာ ကျပ် ၅၀၀၀၀ ခန့် လျှော့နည်းသွားနိုင်ပါတယ်။ 

 

အခုပြောတဲ့ ပမာဏက ဒေးကြေးကို ၅၆၀၀ နှုန်းနဲ့ တွက်ချက်ထားတာဖြစ်ပြီး လုပ်သားအများစု အမှန် တကယ် ရရှိနေတဲ့ နှုန်းထားကတော့ ၄၈၀၀ ကျပ် ဖြစ် ပါတယ်။

 

ပြည်တွင်းက အလုပ်သမားတွေရဲ့ တစ်နေ့လုပ်ခလစာ ဟာ လွန်ခဲ့တဲ့၂၀၁၈ ခုနှစ်က ဆန်တစ်ပြည်ကျပ် ၁၃၀၀ ၀န်းကျင် ပေး၀ယ်ခဲ့ရချိန်မှာ သတ်မှတ်ထားတဲ့ ၄၈၀၀ ကျပ်သာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအလုပ်သမားထုရဲ့ တစ်နေ့လုပ်ခလစာ ကျပ် ၄၈၀၀ အတိုင်း ၂၀၂၃ ခုနှစ်ရဲ့ ဆန်တစ်ပြည် ကျပ် ၅၀၀၀ ၀န်းကျင် တန်ဖိုးမြင့်တက် လာချိန်အထိတိုင် တစ်နေ့လုပ်ခ ၄၈၀၀ ကျပ် အတိုင်း သာ ရရှိနေဆဲဖြစ်ပါတယ်။  

 

ဒါဟာ မြန်မာနိုင်ငံရဲ့ကုန်စျေးနှုန်းတွေ အဆမတန် မြင့် တက်မှုတွေ ဆက်တိုက်ဖြစ်လာခဲ့ပေမယ့် မြန်မာ အ လုပ်သမားထုရဲ့ လုပ်ခလစာကတော့ လုံးဝမြင့်တက် လာခြင်းမရှိတဲ့အပြင် သတ်မှတ်ထားတဲ့ ၄၈၀၀ ကျပ် ထက် ပိုနည်းတဲ့ ၃၆၀၀ ကျပ်သာ ပေးချေပြီး လုပ်ကိုင် စေကြတဲ့ စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းရှင်တွေက အများ အပြား ရှိနေပါသေးတယ်။  

 

အနည်းဆုံးအခကြေးငွေ ဥပဒေကို ၂၀၁၃ ခုနှစ်၊ မတ်လ မှာ ပြဋ္ဌာန်းခဲ့ပြီး ပြည်တွင်း အလုပ်သမားတွေအတွက် အနည်းဆုံး လစာနှုန်းထားကိုတော့ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်မှာ သတ်မှတ်နိုင်ခဲ့ပါတယ်။

 

မြန်မာနိုင်ငံအတွင်းက အလုပ်သမားတွေအတွက် နေ ရာဒေသနဲ့ လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တနိုင်ငံလုံး တစ်ပြေးညီ တစ်နာရီကို ကျပ် ၄၅ဝ နှုန်းနဲ့ အလုပ်ချိန် ၈ နာရီအတွက် တစ်ရက်ကို (၃၆ဝဝ) ကျပ် ပေးချေရမယ် လို့ သတ်မှတ်ခဲ့တာပါ။ 

 

ဒီလို သတ်မှတ်ရာမှာ အလုပ်သမား(၁၅)ယောက်ထက် နည်းတဲ့ လုပ်ငန်းငယ်တွေ၊ မိသားစု တနိုင်တပိုင် လုပ်ငန်းတွေနဲ့ သက်ဆိုင်မှု မရှိဘူးလို့လည်း ဥပဒေမှာ ပြဋ္ဌာန်းခဲ့ပါတယ်။

 

ဒါ့အပြင် အနည်းဆုံးလုပ်ခလစာကို ပုံသေမသတ်မှတ် ဘဲ မြင့်တက်လာမဲ့ ကုန်ဈေးနှုန်းနဲ့ ကိုက်ညီစေဖို့ ၂ နှစ် တစ်ကြိမ် ပြန်လည်သုံးသပ် ပြင်ဆင်ဖို့ကိုလည်း ဥပဒေ မှာ ရေးဆွဲပြဋ္ဌာန်းခဲ့ပါတယ်။ 

 

ဒါ့ကြောင့် ၂၀၁၈ ခုနှစ်မှာတော့ အနည်းဆုံး လုပ်ခလစာ နှုန်းထားကို ဒုတိယအကြိမ် ပြန်လည်ပြင်ဆင်နိုင်ခဲ့ပြီး အလုပ်ချိန် ၈ နာရီ တစ်ရက် လုပ်အားခကို ကျပ် ၄၈၀၀ အထိ တိုးမြှင့်ခဲ့ပါတယ်။

 

၅ နှစ်ကြာပြီးနောက်မှာတော့ လက်ရှိ အထည်ချုပ် စက်ရုံတွေဘက်က တစ်ရက်လုပ်ခလစာကို ကျပ် ၈၀၀ လောက်သာ တိုးပေးတဲ့ အခြေအနေတွေ ဖြစ်လာ တာပါ။

အဲ့ဒီလို အဆမတန်မြင့်တက်လာနေတဲ့ ကုန်စျေး နှုန်းတွေအပေါ်မှာ မြန်မာနိုင်ငံက အလုပ်သမားထုဟာ တစ်နေ့လုပ်ခ ၄၈၀၀ ကျပ် ရရှိနေဆဲဖြင့်သာ ကုန်စျေး နှုန်း မြင့်တက်မှုဒဏ်ကို အလူးအလဲ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။  

 

ဒါကြောင့် ကျွမ်းကျင်လုပ်သားတစ်ဦးဖြစ်တဲ့ ကိုကိုဇော် (အမည်လွှဲ) အတွက် ဒီကာလမှာ အဓိကစိန်ခေါ်မှု ဖြစ်စေတဲ့ အရာကတော့ ကျန်းမာရေးလို့ သူက ပြောပါ တယ်။ 

“စိန်ခေါ်မှုအရှိဆုံးက ကျန်းမာရေးပေါ့။ လစာက စားဖို့ တောင် မလောက်ဘူးဆိုမှတော့ ကျန်းမာရေးအတွက် ဘယ်လိုမှ မဖြစ်ဘူး။ ကျန်းမာရေး မကောင်းဘူး ဆိုရင် တော့ သေရုံအပြင် ဘာမှမတတ်နိုင်ဘူး။ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းသွားဖို့ကလည်း ဘယ်လိုမှ မတတ် နိုင်ဘူး လစာက ကျန်းမာရေးတွက် သုံးဖို့ မလောက်ငှ ဘူး။ တော်တော်တော့ စိန်ခေါ်မှုများတယ်။ ခုလိုဖြစ် တာ တစ်ဦးတစ်ယောက်ထဲ မဟုတ်ဘူး။ အလုပ်သမား ထုတစ်ရပ်လုံး လည်စင်းခံနေရတာ။ နယ်ကလာတဲ့ လူတွေဆိုရင် မိသားစုကို ပြန်မပေးနိုင်တော့ဘဲ မိသားစု ကတောင် ပြန်ထောက်ပံ့နေရတဲ့ အနေအထားတွေ ဖြစ်တာပေါ့” လို့ သူကပြောဆိုပါတယ်။ 

 

ဒါက အောက်ခြေက အခြေခံလူတန်းစားတွေထဲကမှ တပိုင်တနိုင် ရောင်းချတဲ့ ခေါင်းရွက်ဈေးသယ်၊ ကျပန်း လုပ်သား၊ ကယ်ရီလုပ်သားတို့လို တစ်နေ့လုပ်မှ တစ်နေ့ စားရတဲ့ အခြေအနေမျိုးမဟုတ်ဘဲ တိုင်းပြည်ဝင်ငွေ ရရှိနိုင်တဲ့ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုလုပ်ငန်းဖြစ်တဲ့ အထည်ချုပ်လုပ်ငန်းကဏ္ဍက စက်ချုပ်အလုပ်သမား တစ်ယောက် ခံစားခွင့်ရှိတဲ့ အမြင့်ဆုံးအခြေအနေ တစ်ရပ်လည်း ဖြစ်ပါတယ်။ 

 

အာဏာသိမ်းစစ်ကောင်စီက ဇူလိုင် ၂၄ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ ကျပ် ၂ သောင်းတန် ငွေစက္ကူအသစ် ထုတ်မယ်ဆိုတဲ့ သတင်းစကားဟာလည်း အလွှာအသီး သီးမှာရှိတဲ့ အလုပ်သမားတွေထံကို အရှိန်အဟုန်နဲ့ ရိုက်ခတ်လာပါတယ်။

 

ငွေစက္ကူအသစ် ထွက်ရှိမဲ့သတင်းကြောင့် အခြေခံကုန် စည်တွေဖြစ်တဲ့ ဆန်၊ ဆီနဲ့ အသားငါး၊ ဟင်းသီးဟင်း ရွက်ဈေးနှုန်းတွေ သာမက ဆေးဝါး၊ အသုံးအဆောင်၊ စက်ပစ္စည်းတွေနဲ့ စမတ်ဖုန်းတွေအပါအဝင် ရွှေ၊ စက် သုံးဆီနဲ့ ဒေါ်လာဈေးနှုန်းအထိပါ ဈေးနှုန်းအချို့ မြင့် တက်သွားပါတယ်။ 

 

ဒီအခြေအနေဟာ ခွန်အားကိုအသုံးပြုပြီး လှုပ်ရှား ရုန်းကန် ရပ်တည်နေရတဲ့ အခြေခံအလုပ်သမားတွေ အတွက် ရတက်မအေးစရာ စိုးရိမ်ပူပန်စရာ ကိစ္စရပ် တစ်ခု ဖြစ်လာပါတယ်။ 

 

“မြေပြင်က အလုပ်သမားထုအပါအဝင် အခြေခံလူ တန်းစားတွေ အကုန်လုံးက နဂိုတည်းကမှ အခြေခံ လုပ်ခလစာ လုံလောက်မှုမရှိဘူး။ ကုန်ဈေးနှုန်းတက် တယ်။ ကိုယ့်လစာတောင် မလောက်တဲ့အနေအထား ဖြစ်နေတာ အာဏာသိမ်းစစ်ကောင်စီက ငွေကြေး ၂ သောင်းကျပ်တန် ထုတ်တယ်ဆိုတော့ အရင်တုန်းက ဆန်က ၄၅၀၀ ဆို အခုက ၅၀၀၀ ဖြစ်သွားပြီ၊ ဆီက တပိဿာ ၇ ထောင်ဆို ခု ၉ ထောင်ဖြစ်သွားပြီ၊ တချို့ဆို ဝယ်တောင်မရတော့ဘူး။ စက်ရုံဝန်ထမ်းတွေအတွက် ကတော့ စိတ်ပူတာပေါ့၊ အခုဆိုရင် အဆောင်လခ တွေက တချို့ဆို တိုးလာပြီ။ စိတ်ပူတယ်၊ စိုးရိမ်တာ များတယ်။ ငါတို့ လစာထုတ်ရင် ငါတို့လစာထဲမှာ ၂ သောင်းတန် ငွေစက္ကူမပါပါစေနဲ့ ဆိုတဲ့အတွေးမျိုးတွေ တောင် ဝန်ထမ်းတွေက တွေးလာကြတယ်။ ပေးခဲ့ တယ်ဆိုရင်တောင် မလိုချင်တဲ့ဆန္ဒတွေ ဖြစ်နေတယ်။ တဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရက ၂ သောင်းတန်တွေကို ငွေမဲအဖြစ် ကြေညာထားတဲ့ အခါ မှာ သူတို့ဆီရောက်သွားရင် သုံးမရမှာ စိုးရိမ်တယ်ပေါ့။ ဝန်ထမ်းတွေကတော့ တော်တော်လေး စိုးရိမ်မှုများ တယ်၊ လိုလည်း မလိုချင်ဘူး၊ သူတို့က ငွေပဲနင်းကန် ထုတ်ပြီး အောက်ခြေကုန်ဈေးနှုန်းကို တချက်မှ မထိန်း နိုင်တဲ့အတွက်ကြောင့်မို့ ကျတော်တို့ အခြေခံ လူတန်း စားအတွက် တော်တော်ဒုက္ခရောက်တယ်” လို့ ကိုကို ဇော် (အမည်လွှဲ)က လက်ရှိခံစားနေရတဲ့ စိုးရိမ်ပူပန်မှု ကို ထုတ်ဖော်ပြောဆိုပါတယ်။ 

 

လက်ရှိမှာ စက်မှုဇုန်မြို့နယ်အများအပြားမှာ ဆိုင်ကယ် စီးနင်းခွင့် ကန့်သတ်ထားပြီး လုံခြုံရေး တင်းကြပ်မှုတွေ လည်းရှိတာကြောင့် သတိထားနေရတယ်လို့ ယင်းက ဆိုပါတယ်။ 

 

စစ်အာဏာသိမ်းကာလမှာ အလုပ်သမားထု ရင်ဆိုင် နေရတဲ့ လုပ်ခလစာနည်းပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှု တွေအပြင် လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေကြောင့် လုပ်ငန်းခွင် အပြောင်းအလဲလုပ်ပေမယ့် ထူးခြားမှု မရှိ ဘူးလို့ သူကဆိုပါတယ်။ 

 

လက်ရှိလုပ်နေတဲ့ အလုပ်ကိုပဲ ပြုတ်မသွားအောင် ကြိုးစားလုပ်ကိုင်ပြီး အသုံးစရိတ်တွေ ချွေတာစီစစ်ရင်း ကုန်ဈေးနှုန်းမြင့်တက်မှုကို အံတုနေရတဲ့ မဝါဝါလှိုင် (အမည်လွှဲ)ကလည်း စားဝတ်နေရေးအတွက် အလုပ် လုပ်နေရင်းနဲ့ စိုးရိမ်ပူပန်နေရတယ်လို့ ပြောဆိုပါတယ်။ 

“အဆောင်လခ ၈ သောင်း၊ စားဖို့က ချက်စားတော့ ၂ ယောက်ကို ၈ ထောင်လောက် ကျတယ်။ ကျန်းမာရေး စရိတ်တောင် ပိုလျှံမှုမရှိဘူး။ လုပ်ခလစာ တိုးမြှင့်ဖို့ လိုလားတာပေါ့။ ခု ၅၆၀၀ က တချို့စက်ရုံတွေဆိုရင် ဆန္ဒပြတောင်းဆိုမှုတွေ လုပ်ပြီးမှ ရတာမျိုးတွေလည်း ရှိတယ်။ တချို့ရုံတွေကျ တော်တော်ကြီးကြာမှ သူများ တိုးပေးလို့ လိုက်တိုးပေးကြတာပဲရှိတယ်။ ပေးချင်တဲ့ ပုံစံပေးထားတာတော့ မဟုတ်ဘူး၊ သူတို့ကတော့ အစိုး ရက မသတ်မှတ်လို့ မပေးနိုင်ဘူးဆိုတဲ့ ရုံတွေလည်း ရှိ တာပဲ။ အသုံးစရိတ်က ပိုများတယ်၊ အပိုစရိတ်တွေ အကုန်လုံးကို လျှော့ချပစ်လိုက်ရတယ်။ နေဖို့နဲ့စားဖို့ကို ပဲ ဦးစားပေးလိုက်ရတဲ့ အနေအထားတွေ ဖြစ်သွား တယ်။ ပျော်ရွှင်မှုတွေတောင် ပျောက်ဆုံးနေသလို ဖြစ် နေပြီ” လို့ ကျွမ်းကျင်လုပ်သားတစ်ဦးဖြစ်တဲ့ မဝါဝါလှိုင် ( အမည်လွှဲ) က ပြောဆိုပါတယ်။ 

 

ကျွမ်းကျင်လုပ်သားတွေအနေနဲ့ တစ်လလုံး မနားမနေ အားထုတ်လုပ်ကိုင်ရင်း ထမင်းမငတ်ရုံ စားသောက် နေရတဲ့ အခြေအနေကို ရောက်ရှိနေတယ်လို့ သူတို့ရဲ့ ပြောဆိုချက်တွေက ဖော်ပြနေပါတယ်။ 

 

သူတို့အနေနဲ့ လက်ရှိပေးနေတဲ့ အနည်းဆုံးလုပ်ခကို ကျပ် ၁ သောင်းကျော်လောက်ရမှ လုံလောက်ပြည့်စုံ နိုင်မယ်လို့ ပြောဆိုပါတယ်။ 

 

“ပြောမယ်ဆိုရင် လူတကိုယ်လုံးမှာ လည်ပတ်နေတဲ့ သွေးအားကောင်းဖို့အတွက် အများဆုံးကတော့ အသား ဓာတ် လိုအပ်တာပေါ့၊ ခုက ကန်စွန်းရွက် တစ်စည်းကို ၅၀၀ နှုန်း ပေးစားနေရပြီလေ၊ ထမင်းချိုင့် ထည့်ရင် တော့ အသီးအနှံပဲ အများဆုံး ထည့်ရတယ်၊ အသားငါး စားဖို့က အသား ၁ ဆယ်သား ၂ ထောင်နှုန်း ဖြစ်နေ တော့ စားရသောက်ရတာ အဆင်မပြေတော့ဘူး။ ဝယ်ရခြမ်းရတာ တိုင်းထွာနေရတာ အဓိကကတော့ ဆန်နဲ့ဆီနဲ့ငပိနဲ့ အဲ့ဒါကိုပဲ အားပြုပြီး ဝယ်ထားရတယ်” လို့ လုပ်သက် ၅ နှစ် ရှိ မဝါဝါလှိုင် (အမည်လွှဲ)က လက်ရှိစားသောက်မှုပုံစံကို ရှင်းပြပါတယ်။  

 

ပြီးခဲ့တဲ့ ဇွန်လထဲမှာ စက်ရုံ၊ အလုပ်ရုံ လုပ်သားတွေ အနေနဲ့ အနည်းဆုံးအခကြေးငွေ တိုးမြှင့်သတ်မှတ် ပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပြီး အနည်းဆုံး စက်ရုံ ၃ ရုံက အလုပ်သမား ၂၀ နီးပါးကို စစ်ကောင် စီက ဖမ်းဆီးလိုက်ပါတယ်။ ဒါ့အပြင် အလုပ်သမားတွေ ကို အနည်းဆုံးလုပ်ခ တိုးမြှင့်တောင်းဆိုရေးအတွက် အကူအညီပေးတဲ့ အလုပ်သမားရေး လှုပ်ရှားသူတွေ ကိုလည်း ဖမ်းဆီးခံထားရပါတယ်။ 

 

အခုလို အဖက်ဖက်ကနေ ဆိုးရွားနိမ့်ကျလာနေတဲ့ အခြေအနေကို ရင်ဆိုင်နေရသူတွေဟာ နိုင်ငံတကာမှာ ကျော်ကြားတဲ့ ကုန်အမှတ်တံဆိပ်တွေကို ချုပ်လုပ် ပေးနေတဲ့ ချုပ်လုပ်ရေး လုပ်သားတွေ ဖြစ်ပါတယ်။ 

“နိုင်ငံတကာအမှတ်တံဆိပ်တွေ ချုပ်ရတယ်၊ ဒေါ်လာ ဈေး မမြင့်ခင်တုန်းကလည်း ၄၈၀၀ နဲ့ လည်ပတ်ခဲ့ ရတယ်၊ ဒေါ်လာဈေး ၃၀၀၀ ကျော်တက်လာတဲ့ အခါ မျိုးမှာလည်း တကယ်ဆိုရင် လုပ်ငန်းရှင်တွေက ပိုပြီး တော့ခိုင်းတာ ပိုပြီးတော့အမြတ်အစွန်းတွေ ရနေတယ်၊ အလုပ်သမားတွေအတွက်ကျတော့ ပေးတဲ့ ပမာဏက လုံလောက်မှုက ဘာမှမရှိဘူး ဖြစ်နေတယ်။ သူတို့ အတွက်က ၃ ဆလောက် ဝင်ငွေပိုရှိလာပြီး ကျွန်မတို့ အတွက်ကျတော့ အစကထက်စာရင် ဝင်ငွေပိုလျော့ လာပြီးတော့ စားရသောက်ရတဲ့ နေမှုထိုင်မှုတွေက အဆိုးဆုံးပုံစံကို ရောက်နေသလိုဖြစ်နေတယ်။ လုပ်ငန်း ရှင်တွေက ပိုပြီး ချမ်းသာလာမယ် အလုပ်သမားတွေက ပိုပြီး ဆင်းရဲလာတယ်” လို့ ရွှေပေါက်ကံစက်မှုဇုန်မှာ လုပ်ကိုင်နေတဲ့ အထည်ချုပ်အလုပ်သမ မဝါဝါလှိုင် (အမည်လွှဲ) က ပြောဆိုပါတယ်။ 

 

သူတို့တွေ အဓိက ရင်ဆိုင်နေရတာက အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရပါဝင်တဲ့ သုံးပွင့်ဆိုင် ယန္တရား မဟုတ်ဘဲ အာဏာသိမ်းစစ်တပ်ကိုပဲ ဖြစ်ပါတယ်။ စစ်တပ်က စက်မှုဇုန်ပါဝင်တဲ့ မြို့နယ်တွေကို စစ်အုပ် ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။ 

“စစ်အုပ်ချုပ်ရေးနယ်မြေမှာ ဘာသမဂ္ဂမှ မရှိဘူး” လို့ လည်း စစ်တပ်အရာရှိတစ်ဦးက ဆန္ဒဖော်ထုတ်တဲ့ စက်ရုံက လုပ်သားတွေကို ခြိမ်းခြောက်ပြောဆိုထား ပါသေးတယ်။

 

“ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် အိုင်အယ်အိုကို မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အလုပ် သမားတွေရဲ့ ပြဿနာတွေကို တိုက်ရိုက်စုံစမ်းပြီး ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ပေးဖို့၊ မြန်မာ နိုင်ငံမှာရှိတဲ့ လက်ရှိအော်ဒါအပ်နေတဲ့ အမှတ်တံဆိပ် တွေဆိုရင် တာဝန်ယူမှု၊တာဝန်ခံမှုရှိဖို့ ဒါက ဘာကြောင့် ပြောလဲဆိုတော့ တချို့စက်ရုံတွေမှာ အပ်တဲ့အော်ဒါရှင် တွေ မိမိအပ်တဲ့ စက်ရုံက အလုပ်သမားတွေရဲ့ ပြဿနာ တစုံတရာကို ကူညီပေးခြင်းမရှိဘူး၊ ခေါင်းရှောင်တယ် ဒါတွေကို ကူညီပေးဖို့ အိုင်အယ်အိုကို အကူအညီ တောင်းပါတယ်” လို့လည်း အလုပ်းသမားတစ်ဦးက ပြောဆိုပါတယ်။

 

မြန်မာနိုင်ငံရဲ့ အထည်ချုပ်ကဏ္ဍက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ၁၁ လ အတွင်း ဝင်ငွေဒေါ်လာ ၄.၇ ဘီ လီယံ ဝင်ငွေရှိခဲ့ပြီး လက်ရှိအခြေအနေမှာ အထည်ချုပ် ကဏ္ဍက အလုပ်သမား ၄၅၀,၀၀၀ ရဲ့ လစာအတွက် ၆ ရာခိုင်နှုန်းအောက်သာ အသုံးပြုခဲ့တယ်လို့ မြန်မာနိုင်ငံ လုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် CTUM ရဲ့ ဗဟို အလုပ်အမှုဆောင် ဒေါ်ခိုင်ဇာအောင်က ပြောဆိုပါ တယ်။

 

အလုပ်သမားတွေအတွက် ရရှိတဲ့အကျိုးစီးပွားက မဖြစ် စလောက် အခြေအနေဖြစ်နေပြီး စစ်ကောင်စီကသာ အဲ့ဒီလိုရရှိတဲ့ နိုင်ငံခြားဝင်ငွေတွေကို စစ်လက်နက်တွေ၊ စစ်သုံးယာဉ်နဲ့ စက်သုံးဆီတွေ ဝယ်ယူကာ ပြည်သူ တွေကို လေယာဉ်နဲ့ ဗုံးကြဲတာ အကြမ်းဖက် သတ်ဖြတ် တာတွေ ပြုလုပ်နေတာဖြစ်လို့ EU ကော်မရှင်က မြန်မာ နိုင်ငံကို ပေးထားတဲ့ အခွန်ကင်းလွတ်ခွင့်၊ ကုန်သွယ်ခွင့် EBA ကို ရုတ်သိမ်းပေးဖို့နဲ့ EBA ကို ဆက်လက် ထိန်းသိမ်းထားတာက စစ်တပ်၊ ကုန်အမှတ်တံဆိပ် တွေ(Brands)နဲ့ တရုတ်လုပ်ငန်းရှင်တွေကိုသာ အကျိုး ရှိနေတယ်လို့ ဥရောပပါလီမန် အမတ် GABI Schoff နှင့် Nikolaj Villunsem တို့နဲ့ ၂၀၂၃ မေလ ၂၃ ရက်မှာ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

 

စစ်တပ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက် အနေနဲ့ ဆင်းရဲမွဲတေမှုနှုန်း မြင့်တက်လာခဲ့ရတဲ့ ပြည်တွင်းက အခြေခံအလုပ်သမားတွေအနေနဲ့ လက်ရှိ အလုပ်ကိုင်တွေကို စွန့်လွှတ်ပြီး ပြည်ပမှာ အလုပ်လုပ် ကိုင်ဖို့ ကြိုးစားနေကြရတဲ့ အလုပ်သမားဦးရေဟာ လည်း တိုးပွားလာပါတယ်။ 

 

လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေ၊ လုပ်ခလစာ နည်းပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ လူမှုဖူလုံရေး ဆိုင်ရာ ခံစားခွင့်နည်းပါးတာ၊ တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာတာ စတဲ့အချက်တွေကြောင့် နေ့စဉ်နဲ့အမျှ အကြောက်တရားတွေနဲ့ ရင်ဆိုင်နေရပြီး ဒီအခြေအနေ တွေကနေ ရုန်းထွက်လိုတယ်လို့ အလုပ်သမားတွေက အသီးသီး ပြောဆိုပါတယ်။

 

“ အခုက ဥပဒေမဲ့ဖြစ်နေတယ်လို့ ခံစားရတယ်။ ဘယ်အရာပဲဖြစ်ဖြစ် အကြောက်တရားတွေနဲ့ နေနေ ရတယ်။ တရားမျှတမှု မရှိတော့ဘူး၊ အကြောက် တရားတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် အမှန်တရား မဟုတ်လည်း ခေါင်းငုံ့ခံနေရတဲ့ အခြေအနေတွေ ရင်ဆိုင်နေရတယ်” လို့ မဝါဝါလှိုင်က ပြောဆိုပါတယ်။ 

 

အာဏာသိမ်းကာလမှာ အလုပ်သမားအခွင့်အရေးတွေ ဘာတစ်ခုမှ မရရှိဘဲ ချိုးဖောက်ခံနေရမှုတွေ လုပ်အားခ မလုံလောက်မှုတွေနဲ့ လက်ရှိအခြေအနေကနေ ရုန်း ထွက်နိုင်မဲ့ နိုင်ငံရေးအပြောင်းအလဲတစ်ရပ်ကို လိုလား နေတယ်လို့ ဆိုပါတယ်။ 

 

“ လုပ်ခလစာနဲ့ မလောက်ငှတော့တဲ့အပေါ်မှာ ခွန်အား တွေ ထပ်ပေးလာရတော့တယ်။ အလုပ်သမားတွေ အကုန်လုံးက အကောင်းဆုံးတွေ မျှော်လင့်နေကြတယ် ရသင့်ရထိုက်တဲ့ လုပ်ခလစာတွေ အခွင့်အရေးတွေ အစကလိုပဲ ပိုင်ဆိုင်လိုပါတယ်”လို့ မဝါဝါလှိုင်က သူမရဲ့ မျှော်လင့်ချက်ကို ထုတ်ဖော်ပြောဆိုပါတယ်။ 

“ အလုပ်အကိုင်အခွင့်အလမ်းကတော့ ပြောစရာမရှိ လောက်အောင်ကို ဖြစ်နေပြီ။ ဘယ်မှသွားလို့မရဘူး၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အလုပ် အကိုင်အခွင့်အလမ်း မရှိတာတွေက တနိုင်ငံလုံးနီးပါးပဲ၊ ဒီစက်ရုံက အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု များလို့ နောက်စက်ရုံသွားရင် နောက်ရုံလဲ ဒီတိုင်းပဲ၊ အကုန်လုံးက တရုတ်နိုင်ငံသားပိုင် စက်ရုံတွေဖြစ်တဲ့ အတွက်ကြောင့်မို့ ဘာမှသိပ်မထူးဘူး”လို့ ကိုကိုဇော်က ပြောပါတယ်။ 

 

“ ရှင်းရှင်းပြောရရင် ၂၀၁၁ ခုနှစ် အလုပ်သမား အဖွဲ့ အစည်း ဥပဒေက မရှိတော့ဘူး ပျက်စီးသွားပြီ။ ၁၉၅၁ ခွင့်ရက်နဲ့ အလုပ်ပိတ်ရက် ဥပဒေလည်း ဘာမှန်းမသိ တော့ဘူး။ အနည်းဆုံးအခကြေးငွေ ဥပဒေလည်း ဘာ မှန်းမသိတော့ဘူး။ “ပေးတာယူ ကျွေးတာစား ပြန်မ ပြောနဲ့” ဆိုတာကြီး ဖြစ်နေတဲ့အတွက်ကြောင့်မို့ နောက်တက်လာမဲ့ ဒီမိုကရေစီအစိုးရကိုတော့ လိုလား တယ်။ လက်ရှိအာဏာရှင် ပြုတ်ကျဖို့ကိုတော့ လိုချင် တယ်။ ဒါမှသာ အလုပ်သမားတွေရဲ့ အခွင့်အရေးက ရရှိမှာဖြစ်တယ်” လို့ ယင်းက ဆက်ပြောပါတယ်။

 

ဆုလာဘ်ဖြူ

 

#ငါတို့မျိုးဆက်_တော်လှန်စာစဉ် 

#အတွဲ၁_အမှတ်၂ 

#တော်လှန်ရေးနှင့်အလုပ်သမားရေးရာ

 

🔹🔹🔹🔹

 

ငါတို့မျိုးဆက်-တော်လှန်စာစဉ် အတွဲ၁၊ အမှတ်၂ ကို အောက်ပါ Link များတွင် Download ရယူ၍ ဖတ်ရှုနိုင်ပါသည်။ 

 

Drive Link 

https://drive.google.com/file/d/1Tig9q6ZCP9MRy9yeHEik8KPKCWPAtueH/view?usp=drivesdk

 

Facebook Page 

https://www.facebook.com/profile.php?id=100093176680035&mibextid=ZbWKwL

 

Telegram Channel

https://t.me/ngardohmyozet

@Ngardohmyozet


Related posts

Cover
PEPSI ကုမ္ပဏီကို ထပ်တိုးတရားစွဲရန်အမိန့်ချမှု ၉ရက်နေ့ပြန်လည်ချိန်းဆိုထား
May 08, 2024
Cover
လူငယ်တွေရဲ့အနာဂတ်ကို ရိုက်ချိုးလိုက်တဲ့ စစ်ကောင်စီရဲ့ ပြည်ပအလုပ်လုပ်ခွင့် အသက်ကန့်သတ်ပိတ်ပင်မှု
May 07, 2024
Cover
"ရုန်(လ်)သာအထည်ချုပ်စက်ရုံက အလုပ်သမားများကိုအချိန်ပို အတင်းအကျပ်ခေါ်ယူစေခိုင်း
May 07, 2024
Cover
မေဒေးအလွန်မှာ စက်ရုံအချို့ လုပ်အားခတိုးမြှင့်ပြီးလုပ်သားခေါ်ယူတာတွေရှိလာ
May 07, 2024
Cover
Myanmar Yong Jia Garment Color Correction(ကာလာကွဲဆေးခြယ်) လုပ်ငန်းက လုပ်ခလစာနဲ့နစ်နာကြေးပြန်လည်ပေးချေ
May 06, 2024
Cover
အထည်စံချိန်အလွန်အကျွံတောင်းခံချုပ်လုပ်ခိုင်း၊ အထည်စံချိန်မပြည့်ပါက ရေသောက်ခွင့်မပေး
May 06, 2024
Cover
အလုပ်လျှောက်ပါက ငွေကြေးတောင်းခံ၊ လုပ်ငန်းခွင်အတွင်းကိုယ်ထိလက်ရောက်ကျူးလွန်နေ
May 06, 2024
Cover
အမျိုးသားတွေပြည်ပကိုအလုပ်ထွက်လုပ်ခွင့်ပိတ်ပင်တာက တရားမဝင်ရွှေ့ပြောင်းသွားလာမှုတွေပိုမိုဖြစ်လာနိုင်တယ်လို့ဆို
May 03, 2024