NEWS

လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ဆောင်မှု အားနည်းသော်လည်း လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီ (၂၀၀၀) ကျော် ဖွဲ့စည်းထားဟု ဒုဝန်ကြီးဆိုပြန်

CoverLogo
481 Views

စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ဆောင်မှုအားနည်းနေပြီး အသေးစား ထိခိုက်တာတွေ မကြာခဏ ဖြစ်ပေါ်နေပေမယ့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီ (၂၀၀၀) ကျော် ဖွဲ့စည်းထားပြီး ရန်ကုန်တိုင်းမှာ အများဆုံး ရှိနေတယ်လို့ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။

လက်ရှိမှာတော့ ပြည်တွင်းက လုပ်ငန်းရှင်တွေဟာ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် စနစ်တကျ စီမံဆောင်ရွက်ပေးထားတာမရှိသလို စက်ရုံတွေမှာ လေဝင်လေထွက်ကောင်းဖို့၊ သောက်ရေ သန့်ရှင်းဖို့၊ သန့်စင် ခန်းတွေ သန့်ရှင်းဖို့နဲ့ လုပ်ငန်းခွင်ကို ကျန်းမာရေး နဲ့ ညီညွတ်တဲ့ အခြေအနေရှိဖို့ ၊ လုပ်ငန်းခွင်အဆောက်အအုံနဲ့ အလုပ်သမား အရေအတွက် မျှတဖို့ ၊ စွန့်ပစ်ပစ္စည်းအတွက် အမှိုက်ပုံးတွေကို လုံလောက်အောင် ထားပေးဖို့ စတာတွေ စနစ်တကျလုပ်ဆောင်ပေးမှု အားနည်းနေတဲ့ အခြေအနေတွေ ရှိနေပါတယ်။

“အမှန်ပြောရရင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုတာ သိပ်မသိပါဘူး။ အိမ်သာအနံ့တို့၊ မသန့်တာတို့၊  ရေသောက်ရတာ အဆင်မပြေတာတို့၊ အလုပ်ထဲမှာ ပူအိုက်နေတာတို့က ပြောမယ်ဆို ပုံမှန်လိုပဲ ဖြစ်နေတယ်။ ပြဿာနာရှိတယ်လို့တောင် မမြင်ပါဘူး။ နောက်လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ဖို့လည်း ပြောတာ မရှိပါဘူး”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။

ပြည်တွင်းမှာ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေ (၂၀၁၉) အရ အလုပ်သမား (၅၀) ဦးနဲ့ အထက်ရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကော်မတီဖွဲ့စည်းတာကို စည်းရုံးဆောင်ရွက်ခဲ့ရာမှာ ဒီကနေ့ထိ စက်ရုံ၊အလုပ်ရုံ ၂၁၀၀ ကျော်မှာ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကော်မတီ ဖွဲ့စည်းထားပြီးဖြစ်သလို ရန်ကုန်တိုင်းဒေသကြီးမှာ အများစု  ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ဒုတိယဝန်ကြီးက ဒီဇင်ဘာလ (၁၆) ရက်မှာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၆ ခုနှစ်ကစတင်ပြီး လက်ရှိအချိန်အထိ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးကွန်ရက် ထူးခြားစွမ်းဆောင်ဆု (ASEAN-OSHNET Excellence Award) ဆုရ စက်ရုံ (၅) ရုံ၊ အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ကောင်းမွန်သည့် အလေ့အထ ကျင့်စဉ် စွမ်းဆောင် ဆု (ASEAN-OSHNET Best Practices Award) ဆုရ စက်ရုံ (၅) ရုံ၊ စုစုပေါင်းစက်ရုံ (၁၀) ရုံက ဆုတွေ ရရှိထားတယ်လို့လည်း အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

“ပုံမှန်ပိတ်ရက်တွေတောင် အချိန်ပိုတွေခေါ်နေလို့ နားခွင့်မရတဲ့အခြေအနေမှာ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး ဘာညာပြော လည်း သိပ်ထူးမယ်မထင်ပါဘူး။ ဒါပေမယ့် ငွေကြေးသိပ်မကုန်ဘဲ လုပ်ပေးလို့ ရတဲ့ကိစ္စလေးတွေကိုပဲ ဝန်ကြီးဌာနက သေချာကြပ်မတ်ပေးရင်တောင် ကော်မတီတွေ ဘယ်လောက်ရှိပါတယ် ပြောနေတာထက် ပိုအလုပ်ဖြစ်မယ် ထင်ပါတယ်”အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်ဟောင်းတစ်ဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ ပြည်တွင်းက လုပ်ငန်းရှင်တွေဟာ အလုပ်သမားဥပဒေပါ အချက်အလက်တိုင်းကို ဝန်ကြီးဌာနက စစ်ဆေးရေးဝင်တဲ့ အချိန်ကာလလေးတစ်ခုမှာပဲ ဟန်ပြသာ လုပ်ဆောင်နေသလို ဝန်ကြီးဌာနက လည်း ရှောင်တခင် ဝင်ရောက်စစ်ဆေးတာမျိုး မဟုတ်ဘဲ ကြိုတင်အသိပေးပြီးမှသာ စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။


ဓာတ်ပုံ-အလုပ်သမားဝန်ကြီးဌာန
#MyanmarLabourNews


Related posts

Cover
SHUN YU (MYANMAR) Garment တွင် အချိန်ပို မဆင်းသူများအား အထည်ကြေး၊ ဆုကြေး၊ ဂရိတ်ကြေးဖြတ်မည်ဟု ခြိမ်းခြောက်
Jan 27, 2026
Cover
Mei Jie Myanmar အလုပ်နေရာ အတင်းအကျပ်ပြောင်း၊ ဆန္ဒမပါဘဲ အချိန်ပို ဆင်းခိုင်း
Jan 27, 2026
Cover
တရုတ်နှစ်သစ်ကူးမတိုင်မီ “၀"ဒေသရှိ အလုပ်သမားများ၏ လုပ်ခလစာ ကို အကုန်ရှင်းပေးရမည်ဟု WSP ထုတ်ပြန်
Jan 27, 2026
Cover
Eternal Fashion အထည်ချုပ် စက်ရုံ အလုပ်နေရာ ပြောင်းရွှေ့ပြီး လုပ်ခ လုပ်စာ ခွဲခြားပေး ၊ ဖိနှိပ်
Jan 27, 2026
Cover
Sunrise Myanmar Fashion အထည်ချုပ် စက်ရုံ ညနက် အချိန်ပို အပြင် တနင်္ဂနွေပိတ်ရက် အလုပ်ဆင်းခိုင်း
Jan 27, 2026
Cover
Tai Hong အထည်ချုပ် EC စာချုပ် ဖောက်ဖျက်ပြီး သတိပေးလက်မှတ်ထိုးခိုင်း
Jan 27, 2026
Cover
Tianjin fashion Milestone အထည်ချုပ် အလုပ်သမားတောင်းဆိုမှု ၁၈ ရက်ကြာမြင့်ပေမဲ့ ပြေလည်မှုမရ
Jan 24, 2026
Cover
Innovation Food Co.,Ltd ကုန်ကြမ်းမရှိသည့် ပိတ်ရက်အတွက် အစားထိုး အလုပ်ဆင်းခိုင်း
Jan 22, 2026