NEWS

လုပ်ငန်းခွင်အတွင်း စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခိုင်းစေနေဟုဆို

CoverLogo
1.1K Views

အထည်ချုပ်လုပ်ငန်းခွင်ထဲမှာ နေ့စဉ်ဆိုသလို ဖိအားပေးပြီး အထည်အရေအတွက် အတော်များများကို ချုပ်လုပ်ခိုင်းယုံတင်မကဘဲ သတ်မှတ်ထားတဲ့ အထည်ပမာဏမချုပ်လုပ်နိုင်ပါက အလုပ်ထဲက ထွက်သွားဖို့ အော်ဟစ်ငေါက်ငမ်းခံရတဲ့အထိ ကြုံနေရလို့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခိုင်းစေမှုတွေကြုံတွေ့ခံစားနေရတယ်လို့ Myanto Industrial CO.Ltd   က အထည်ချုပ်လုပ်သားတွေကပြောပါတယ်။

စက်ရုံက ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် မြစိမ်းရောင်စက်မှုဇုန် မြခတ္တာလမ်းမှာ အလုပ်သမား ၆၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်လျှက်ရှိတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး လုပ်ငန်းခွင်ထဲမှာ October အမှတ်တံဆိပ် ဘောင်းဘီနဲ့ ရှပ်အင်္ကျီတွေချုပ်လုပ်တာလို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်အတွင်းအလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ယန္တရားဖြစ်တဲ့ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းလည်းဖွဲ့စည်းထားခြင်းမရှိဘူးလို့ သိရပါတယ်။ 

"ခွင့်ခံစားခွင့်တွေမပေးဘူး အလုပ်လာရင်း အရေးပေါ်ကိစ္စကြုံလို့ တာဝန်ရှိသူကိုဖုန်းဆက်ပြီးခွင့်တိုင်ရင်မပေးဘူး မပေးတော့ ရှောင်တခင်ခွင့်မရလို့ အလုပ်တရက်ပျက်ရင် ဒေးကြေး ၅၈၀၀ နဲ့ ရက်မှန်ကြေး ၂၀၀၀၀ အပြင် ကျွမ်းကျင်ကြေးတွေပါ အချိုးကျဖြတ်ပစ်တယ် နေထိုင်မကောင်းဖြစ်လို့ အလုပ်ထဲကနေ ဆေးခန်းသွားပြဖို့ ဂိတ်ပက်တောင်းရင် မပေးလို့ လုပ်ငန်းခွင်ထဲမှာနေမကောင်းဖြစ်နေလည်း အလုပ်ဆက်လုပ်နေရတာပဲ"လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတိုင်းခံစားခွင့်ရှိတဲ့ ဥပဒေပါခွင့်ခံစားခွင့်တွေ အရေးပေါ်ခွင့်နဲ့ ဆေးကုသခွင့်တွေ မရတာဟာအလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတာဖြစ်တယ်လို့ အလုပ်သမားကပြောပါတယ်။

ဒါ့အပြင် အလုပ်ခွင်ထဲမှာအ ထည်စံချိန်တွေ ကို တဖက်သတ် သတ်မှတ်တောင်းခံပြီး စက်လိုင်းတလိုင်းလျင် အလုပ်သမား ၃၀ ကနေ ၄၀ အထိ ရှိပြီး တနာရီလျင် လိုင်းပေါက်အထည် ၃၀ ချုပ်လုပ်နေရတယ်လို့ ဆိုပါတယ်။

"လူ ၃၀ ကနေ ၄၀ ထိရှိတဲ့ စက်လိုင်းတလိုင်းကို တနာရီကို ဝယ်လွန်သားအထည် လိုင်းပေါက်ကို ၃၀ ပေးရတယ် ရှပ်အင်္ကျီချုပ်တဲ့လိုင်းဆို တနာရီကို အထည် ၄၀ အထိပေးရတယ် စက်လိုင်းထဲမှာ အလုပ်သမားတယောက်အလုပ်ပျက်ပြီဆို အဲ့ဒီအလုပ်မဆင်းတဲ့လူအတွက်ပါ ထည့်တွက်ပြီးချုပ်ပေးရတယ် တောင်းတဲ့စံချိန်နဲ့လူဦးရေမမျှတဲ့အခါကျတော့ အလုပ်သမားတွေကဘယ်ချုပ်ပေးနိုင်တော့မလဲ လက်ဝင်တဲ့အထည်မျိုးဆို အထည်စံချိန်ပြည့်မီဖို့ခက်တယ်လေ အဲ့လိုစံချိန်မပေးနိုင်တော့ဘူးလားဆို အောစူပါနဲ့ စက်ရုံမှူး တရုတ်အမျိုးသမီးက စက်လိုင်းထဲဝင်လာပြီး အော်ဟစ်ဆဲဆိုပြီး အထည်မရရအောင်ပေးရမယ်ဆိုပြီး ပြောတယ် မလုပ်နိုင်ရင် ထွက်သွားဆိုပြီး ပြောတဲ့အပြင်ကို လိုင်း ၅၊ ၇၊ ၈ ကိုင်တဲ့အောစူပါဆိုရင် အထည်ချုပ်လာလုပ်ပြီးငါတို့တောင်းတာမပေးနိုင်ရင် ကေတီဗွီ မာဆက်မှာသွားလုပ် အထည်လာမချုပ်နဲ့ဆိုပြီးပြောတာ အလုပ်သမားတွေမှာ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတယ်လို့ ခံစားနေရတယ် အထည်စံချိန်တွေကို လူအပြည့်မပေးဘဲ ခြိမ်းခြောက်တဲ့နည်းနဲ့တောင်းနေတာ"လို့ အလုပ်သမားကပြောဆိုပါတယ်။

အခုလို လုပ်ငန်းခွင်အတွင်းမှာ ချုပ်လုပ်တဲ့ လူဦးရေနဲ့ သတ်မှတ်တောင်းခံတဲ့အထည်စံချိန် ကွာဟမှုကို ဖြေရှင်းပေးတာမလုပ်ဘဲ စက္ကန့်နဲ့အမျှ အထည်အရေအတွက်ပြည့်မီဖို့ကိုသာ ဖိအားပေးခြိမ်းခြောက်ပြီးချုပ်လုပ်ရန် စေခိုင်းနေတာကြောင့် နေ့စဉ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှက်ရွံ့သိမ်ငယ်မှုတွေပါခံစားနေရပေမဲ့လည်း စားဝတ်နေရေး အဆင်မပြေလို့ သည်းခံလုပ်ကိုင်နေရတယ်လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာနေ့စားအလုပ်သမားတွေလည်းရှိပြီး အလုပ်အကိုင်တည်မြဲမှုမရှိဘဲ အချိန်မရွေးအလုပ်ကထုတ်ခံရနိုင်တဲ့ အခြေအနေမှာ လုပ်ကိုင်နေရပြီး နစ်နာမှုတွေကြုံနေရတယ်လို့ ဆိုပါတယ်။

"သင်္ကြန်ဆိုလည်း ၄ လပိုင်း ၁၂ ရက်နေ့ အစားကို ၃ လပိုင်း ၃၁ ရက်နေ့ကိုအစားဆင်းခိုင်းတယ် တနင်္ဂနွေမနားရတော့ဘူးပေါ့ လုပ်ငန်းခွင်ထဲကို တရက်နောက်ကျပြီးပြန်လာရင်လည်း ပိတ်ရက် ၁၀ ရက်စာ မပေးဘူးဆိုပြီး ပြောတယ် အလုပ်ရှင်ဘက်က ဘာပဲလုပ်လုပ် အလုပ်သမားတွေနဲ့ သဘောတူညီမှုမယူဘဲ လုပ်ချင်သလိုလုပ်ပြီး အလုပ်သမားတွေကို ပဲဖိအားပေးတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

အခုလိုလုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတာတွေကို ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။ လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲတွေကြုံတွေ့နေရတဲ့အချက်တွေဖြစ်တဲ့ 

၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ရှိသော ခွင့်ရက်များကိုခံစားခွင့်ပေးရန်။
၂။ အလုပ်ရှင်ဘက်မှဖယ်ရီကားကြပ်တည်စွာ စီးနေရခြင်းကိုစီစဥ်ပေးရန်။
၃။ အော်စူပါ တရုတ်အမျိုးသမီးမှ အလုပ်သမားများကို ဆဲဆိုအော်ဟစ်ခြင်း မပြုလုပ်ရန်။
၄။ အလုပ်ရှင်ဘက်က မီတင်ပြုလုပ်လျှင်လည်း အလုပ်ရှင်အချိန်ထဲမှပြုလုပ်ရန်။
၅။ အောစူပါ၊ စူပါများမှအလုပ်သမားများကို စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ ဖိအားပေးဆဲဆိုခြင်း မပြုလုပ်ရန်။
၆။ အလုပ်သမားများချုပ်လုပ်နိုင်သော စံချိန်ကိုတောင်းခံရန်နှင့် အလုပ်ပျက်သောသူများအတွက် စံချိန်ကိုမတောင်းရန်။
၇။ နေ့စားအလုပ်သမားများကို အပြစ်တစ်စုံတစ်ရာမရှိပဲ အလုပ်မှထုတ်ပယ်ခြင်း မပြုလုပ်ရန်စတဲ့အချက်တွေကို ဖြေရှင်းပေးစေလိုတယ်လို့အလုပ်သမားတွေကတောင်းဆိုထားပါတယ်။

 


Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026