ဟွာမြောင်စက်ရုံ အလုပ်သမား ၂ ဦး လှော်ကားစခန်းမှာ လုပ်ငန်းရှင်မှအမှူဖွင့်ထားလို့ ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
စက်ရုံပိတ်သိမ်းကိစ္စ လုပ်ခလစာနဲ့စက်ရုံပိတ်နစ်နာကြေးရဖို့ စက်ရုံအတွင်းညအိပ်စောင့်ဆိုင်းနေစဥ် အလုပ်သမား ၂ ဦးအထည်ခိုးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ လှော်ကားစခန်းမှာ ဖမ်းဆီးထိမ်းသိမ်းထားတယ် လို့သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ အမှတ်(၄)လမ်းမကြီးဘေးက ဟွမ်မြောင်အထည်ချုပ်( HONG MIAO Garment Co;Ltd)က စက်ရုံပိတ်လိုက်တာကြောင့် လုပ်ခလစာနဲ့စက်ရုံပိတ်နစ်နာကြေးရဖို့ အလုပ်သမားတွေ စက်ရုံအတွင်းညအိပ်စောင့်ဆိုင်းနေရတာဖြစ်ပါတယ်။
“ဟုတ်ပါတယ်။ လက်ရှိကတော့သူတို့ခေါ်ထားတဲ့လူတွေရှိနေတယ်။ သူတို့ဘက်ကတော့ သူဌေးရောမန်နေဂျာရော ဘာမှလာပြောတာမေးမြန်းတာမရှိဘူး။ ခုညတွင်းအလုပ်သမားသုံးရာလောက်ရှိတယ်။ ကလေးနို့တိုက်မိခင်နဲ့ကိုယ်၀န်ဆောင်တွေကတော့ ပြန်သွားပါတယ်။ ခုထိကတော့ရဲနဲ့စစ်တပ်ကခြိမ်းခြောက်တာတွေတော့ မရှိသေးဘူး။ သူတို့ကရှေ့မှာပါ။ ကျွန်တော်တို့ကတော့ စက်ရုံကပိတ်ထားတော့ ထမင်းစားဆောင်မှာပါ။ မီးလည်းမရှိတော့ ခြင်ကိုက်ထဲမှာပဲ မှောင်မဲထဲမှာပဲနေနေကြတယ်။ သူတို့ကခုစက်တင်ဘာရဲ့လစာကို ၅ရက်နေ့ပေးမယ်ပြေားထားတယ်။ ဒါပေမဲ့ စက်ရုံကပိတ်ထားတော့ လစာကဘယ်မှာသွားထုတ်ရမယ်။ ဘယ်မှာပေးမယ်တိတိကျကျမသိရတော့ ကျွန်တော်တို့ရဲ့လစာတွေကိုတော့စနေနဲ့တနင်္ဂနွေပိတ်ပြီး တနင်္လာနေ့မှာရချင်တာ တိကျတဲ့အဖြေရချင်လို့ခုလိုစောင့်နေကြတာပါ။ စက်ရုံကပိတ်သွားပြီဗျာ။ ပိတ်သွားတော့လစာကိုတစ်ခါတည်းလိုချင်တာပါ။ ကိုယ်၀န်ဆောင်တွေကိုလည်း ငါးသောင်းစီပဲပေးမယ်လို့ပြောတယ်။ ငါးသောင်းကဆေးခန်းတစ်ခါပြစာတောင်မရှိပါဘူး။ ကိုယ်၀န်ဆောင်တွေအတွက်လည်း ရချင်တယ်။ တိကျတဲ့အဖြေတစ်ခုရချင်တယ်”လို့ အလုပ်သမားနဲ့နီးစပ်သူက ဆိုပါတယ်။
အဆိုပါစက်ရုံက စက်တင်ဘာလရဲ့လုပ်ခလစာကို အောက်တိုဘာ၅ရက်နေ့မှာပေးမယ်ဆိုကာ စက်ရုံပိတ်လိုက်တာကြောင့် အလုပ်သမားတွေဟာ စက်တင်ဘာလရဲ့လုပ်ခလစာကိုတောစက်ရုံပိတ်တာနဲ့ထုတ်ပေးစေချင်တာကြောင့် ပိတ်ရက်နှစ်ရက်ကိုစောင့်ဆိုင်းကာ ဒီကနေ့အောက်တိုဘာ၂ရက်မှလုပ်ခလစာရလိုတာကြောင့် စက်ရုံတွင်းသို့ရောက်ရှိနေကြတာပဲဖြစ်ပါတယ်။
အဲ့ဒီလိုရောက်ရှိနေပေမဲ့ အလုပ်ရှင်က အလုပ်သမားတွေကိုဖြေရှင်းတာမျိုး ညှိနှိုင်းတာမျိုးမရှိသလို အလုပ်သမား၀န်ကြီးဌာနတာ၀န်ရှိသူများကလည်း မေးမြန်းတာတွေလာရောက်တာတွေမရှိတာကြောင့် အလုပ်သမားတွေဟာ စက်ရုံတွင်းညအိပ်စောင့်ဆိုင်းနေရတာဖြစ်သလို အလုပ်ရှင်ဘက်ကလည်း ရဲတပ်ဖွဲ့ကိုခေါ်ယူထားတယ်လို့သိရပါတယ်။
“ စက်ရုံကိုပိတ်ထားပြီ။ ၅ရက်နေ့မှလစာလာထုတ်တဲ့။ နစ်နာကြေးရတဲ့သူက ၂၆ရက်နေ့မှလာထုတ်တဲ့ နစ်နာကြေးရတဲ့သူတွေက တစ်နှစ်ကျော်သမားတွေကတစ်လစာပေးမယ်။ ၆လသမားတွေက လ၀က်စာပေးမယ်။ ကျန်တဲ့အလုပ်သမားတွေကဘာမှမရဘူးပြောတယ်။ အလုပ်သမားတွေကလစာကိုတော့ ပိတ်တာနဲ့ရချင်တယ်။ စက်ရုံကပိတ်ထားတော့ မသေချာဘူး။ ကျွန်တော်တို့ကိုဘယ်နေရာမှာထုတ်ရမယ်ဘယ်အချိန်ဆိုတာအတိအလင်းမပြောဘူး” လို့ ဆိုပါတယ်။
အဆိုပါအလုပ်သမားတွေဟာ စက်ရုံပိတ်လိုက်တဲ့အတွက် ၆လမပြည့်တဲ့ သူတွေကိုလည်းပေးဖို့။ ကိုယ်၀န်ဆောင်သမားတွေလည်း ဖူလုံရေးကြေးမရှိတဲ့အတွက် နစ်နာကြေးပေးဖို့နဲ့ ပုတ်ပြက်သမားတွေအရင်ပေးတဲ့အတိုင်းပေးဖို့အပြင် စက်ရုံပိတ်သည်နှင့်လစ ပေးချေစေလိုတယ်စတဲ့ တောင်းဆိုချက်၄ချက်အတွက်စောင့်ဆိုင်းနေကြတာဖြစ်တယ်လို့ သိရပါတယ်။
စက်ရုံတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများစွာကြောင့် သမဂ္ဂဖွဲ့စည်းရာက အလုပ်သမားသမဂ္ဂဖွဲ့၀င်ထားတဲ့ အလုပ်သမားများစွာကို အလုပ်ထုတ်လိုက်တာကြောင့် ပြဿနာဖြစ်ပွားခဲ့ရာ ပြီးခဲ့တဲ့လ စက်တင်ဘာ၂၀ရက်နေ့မှာ တွေ့ဆုံညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပြီးနောက်မှ အလုပ်ထုတ်ခံရတဲ့အလုပ်သမားတွေ လုပ်ငန်းခွင်မှာပြန်လည်ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလို၀င်ရောက်ခဲ့ပေမဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင် ၉ဦးကိုတော့ ပြန်လည်ခန့်အပ်ခဲ့ခြင်းမရှိခဲ့သလို အခြားသောချိုးဖောက်မှုများစွာကို ဆက်လက်ညှိနှိုင်းမယ်လို့ဆိုခဲ့ပေမဲ့ ဆက်လက်ဖြေရှင်းခြင်းမရှိဘဲ အော်ဒါမရှိဘူးဆိုကာ စက်ရုံပိတ်လိုက်တာပဲဖြစ်ပါတယ်။
#MyanmarLabourNews