NEWS

လုပ်ခလစာတိုးမြှင် အပိုထောက်ပံ့ကြေးဟု သုံးနှုန်းသည့်အတွက် လစာတွက်ချက်ရာတွင် ရှုပ်ထွေးမှုရှိနိုင်

CoverLogo
926 Views
 
အလုပ်သမား ဝန်ကြီးဌာနက ကျပ် ၁၀၀၀ ကို အပိုထောက်ပံ့ကြေးလို့ သုံးနှုန်းတဲ့အတွက် အချိန်ပို လုပ်အားခ ပေးချေရာမှာ ရှုပ်ထွေးမှုတွေ ရှိနိုင်တယ်လို့ အလုပ်သမားအရေး တက်ကြွဆောင်ရွက်သူတွေက ဝေဖန်ပါတယ်။
 
လက်ရှိ နိုင်ငံအတွင်းမှာ အလုပ်သမားတွေရဲ့ လုပ်ခလစာအနေနဲ့ အလုပ်ချိန် တရက် ၈ နာရီ အတွက် ကျပ် ၄၈၀၀ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ပြီးခဲ့ အောက်တိုဘာ လဆန်းမှာ အလုပ်သမားဝန်ကြီးဌာနက အပို ထောက်ပံ့ ကြေး ဆိုတဲ့ စကားရပ်ကို သုံးနှုန်းပြီး ကျပ်တစ်ထောင်ကို အောက်တိုဘာ ၁ ရက်က စပြီး တိုးပေးရမယ်လို့ ထုတ်ပြန် ထားတာ ဖြစ်ပါတယ်။
 
''အနည်းဆုံး အခကြေးငွေ နှုန်းထား ပြန်ပြောင်းရမယ့်အချိန်က တော်တော်ကျော်နေပြီ။ တိုးပေးတော့လည်း တထောင်ပဲ တိုးတယ်။ အပိုထောက်ပံ့ကြေးလို့ သူတို့ကပြောတော့ အချိန်ပိုကြေးက ဘယ်လို တွက်မလဲ။ တကယ်ဆို တိုးပေးတဲ့ ၁၀၀၀ ကိုပေါင်းပြီး ၅၈၀၀ နှုန်းနဲ့ တွက်မယ်ဆိုရင်တောင် လူတန်းစေ့နေနိုင်၊ စားနိုင်ဖို့ ခက်နေတဲ့ အချိန်မှာ အခုလို အပိုထောက်ပံကြေးဆိုပြီး လုပ်တော့ အချိန်ပိုတွက်မယ်ဆိုရင် ရှုပ်လာမှာပဲ''လို့ အလုပ်သမား အရေး ဆောင်ရွက်သူတစ်ဦးက ပြောပါတယ်။
 
အနည်းဆုံးအခကြေးငွေ ဥပဒေကို ၂၀၁၃ ခုနှစ်၊ မတ်လမှာ ပြဋ္ဌာန်းခဲ့ပြီး အလုပ်သမားတွေအတွက် မဖြစ်မနေ အနည်းဆုံးပေးရမယ့် လစာနှုန်းထားကို ၂၀၁၅ ခုနှစ်၊ ဇွန်လ၂၉ရက်မှာ သတ်မှတ် ပြဋ္ဌာန်း နိုင်ခဲ့တာ ဖြစ်ပါတယ်။
 
အဲဒီ ပြဋ္ဌာန်းချက်ထဲမှာ တစ်နာရီကို ကျပ် ၄၅ဝ နှုန်းနဲ့ အလုပ်ချိန် ၈နာရီအတွက် တရက်ကို ကျပ် (၃၆ဝဝ) ပေးရမယ်လို့ သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း နေရာဒေသနဲ့ လုပ်ငန်း အမျိုးအစား မခွဲခြားဘဲ အလုပ်သမားတွေအားလုံးကို ပေးချေရမယ်လို့ ဖော်ပြထားပါတယ်။
 
အဲဒီ သတ်မှတ်ချက်ထဲမှာ အလုပ်သမား ၁၅ ယောက်ထက် နည်းတဲ့ လုပ်ငန်းငယ်တွေ၊ မိသားစု တနိုင်တပိုင် လုပ်ငန်းတွေနဲ့ သက်ဆိုင်မှုမရှိဘူးလို့လည်း ဝန်ကြီးဌာနက ပြဋ္ဌာန်းခဲ့ပါတယ်။
 
ဒါ့အပြင် အနည်းဆုံးလုပ်ခလစာကို ပုံသေမသတ်မှတ်ဘဲ မြင့်တက်လာမယ့်ကုန်ဈေးနှုန်းနဲ့ ကိုက်ညီစေဖို့ (၂) နှစ်ကို တကြိမ် ပြန်လည်သုံးသပ်ပြင်ဆင်ဖို့ကိုလည်း ဥပဒေမှာရေးဆွဲပြဋ္ဌာန်းထားပါတယ်။ ဒါ့ကြောင့် (၂၀၁၈) ခုနှစ်မှာ တော့ အနည်းဆုံး လုပ်ခလစာနှုန်းထားကို ဒုတိယအကြိမ် ပြန်လည်ပြင်ဆင်ခဲ့ပြီး အလုပ်ချိန်(၈) နာရီ တရက် အတွက် လုပ်အားခကို ကျပ် ၃၆၀၀ ကနေ ကျပ် ၄၈၀၀ ကို တိုးမြှင့်ခဲ့ပါတယ်။
 
''အခုက တထောင်တိုးပေးတယ်ဆိုတာ အလုပ်ရှင်နဲ့ပေါင်းပြီး လူလည်ကျတာလို့ပဲမြင်တယ်။ တကယ်ဆို ဆန်ဈေး ၊ ဆီဈေးက အရင်လိုမှ မဟုတ်တာ။ ပြောရရင် အလုပ်သမားထုကို စေတနာရှိလို့ တိုးပေးတာ မဟုတ်ဘူး။ အတိုး ပြပြီး တစ်ဖက်လှည့်နဲ့ ပြန်ထိန်းထားတာပဲ''လို့ စက်ရုံအခြေခံ သမဂ္ဂခေါင်းဆောင်ဟောင်း တဦးက ပြောပါတယ်။
 
စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနဟာ လက်ရှိမှာ အလုပ်ရှင်သဘောကျ လည်ပတ်နေတဲ့ပုံစံ ဖြစ်နေပြီး အလုပ်သမားတွေရဲ့ ဥပဒေအခွင့်အရေး ချိုးဖောက်ခံရမှုတွေကိုလည်း မျက်ကွယ်ပြုနေတာ လို့ ပြေဆိုပါတယ်။
 
တတိယအကြိမ်မြောက် တိုးမြှင့်သတ်မှတ်မယ့် အနည်းဆုံးအခကြေးငွေနှုန်းထားကို အလုပ်သမား အဖွဲ့အစည်း တွေက ကျပ်ခုနှစ်ထောင်နဲ့ တစ်သောင်းကြား တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အပိုထောက်ပံ့ကြေးဆိုတဲ့ ခေါင်းစဉ်နဲ့ ကျပ်တထောင်သာ တိုးပေးခဲ့တာ ဖြစ်ပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026