NEWS

ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခြေခံလစာ ၂၅ ရာခိုင်နှုန်းကို မိသားစုထံမဖြစ်မနေပြန်လွှဲခိုင်းတဲ့ အမိန့်ကြေညာစာကို ပယ်ဖျက်ရေး တိုက်တွန်း

CoverLogo
312 Views

ပြည်ပမှာအလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေ အခြေခံလုပ်လစာရဲ့ (၂၅)ရာခိုင်နှုန်းကို မိသားစုတွေဆီ ဘဏ်လမ်းကြောင်းက တရားဝင်ပြန်လည်လွှဲပြောင်းပေးဖို့ ဖိအားပေးထားတဲ့ အမိန့်ကြေညာချက်ကို ပယ်ဖျက် ပေးဖို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အရပ်ဖက်လူမှုအဖွဲ့အစည်းများနဲ့ အလုပ်သမားအဖွဲ့အစည်း များကွန်ရက်က ဒီဇင်ဘာလ (၁၈) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့မှာ ထုတ်ပြန်တောင်းဆိုထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီက နိုင်ငံခြားငွေရရှိရေးအတွက် ပြည်ပမှာ အလုပ်လုပ်ကိုင်နေသူတွေကို နည်းမျိုးစုံနဲ့ ဖိအားပေးတာတွေ၊ မက်လုံးပေးတာတွေ လုပ်ဆောင်ပြီး လုပ်ခလစာရဲ့ (၂၅) ရာခိုင်နှုန်းကို ဘဏ်လမ်းကြောင်းက ပြန်လည်လွှဲပြောင်းပေးဖို့ အမိန့်ကြေညာချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

“ဘဏ်မှာပေးတာက အပြင်ပေါက်ဈေးလောက် မရပါဘူး။ ငွေထုတ်ဖို့လည်း အချိန်ပေးရတယ်။ အဆင်မပြေတာ တွေ ရှိတယ်။ ကလေးက လစာလွှဲလိုက်ပြီး သွားထုတ်ပါဆိုလို့သွားတာကို ဘဏ်ကနောက် တစ်ပတ် ထပ်ချိန်းတယ်။ ဘာလို့မထုတ်ပေးတာလဲမေးတော့လည်း သေချာမသိဘူးပဲ ပြောတယ်။ ကိုယ်က တစ်မနက်လုံး အချိန်ကုန်ခံစောင့်နေတာ အဲဒီလိုကျ အဆင်မပြေဘူး”လို့ ပြည်ပလွှဲငွေ ရရှိနေတဲ့ မိခင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံခြားငွေရရှိရေးအတွက် ဖိအားပေးတာတွေ လုပ်ဆောင်တာတွေကို အလုပ်သမားတွေတင် မဟုတ်ဘဲ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေတဲ့ အေဂျင်စီတွေကိုပါ ဖိအားပေးတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

လက်ရှိမှာ လစာပုံမှန်လွှဲနေသူစာရင်းတွေအပြင် လစာပြန်လည် လွှဲပေးတာ မရှိတဲ့သူစာရင်းတွေကိုပါ စတင်တောင်းခံနေပါတယ်။

“ဘဏ်စနစ်က လူတိုင်းအတွက်တော့ အဆင်မပြေဘူး။ ပိုက်ဆံထုတ်ဖို့လုပ်ရတဲ့ စာရွက်စာတမ်း လိုအပ်ချက်တွေ ရှုပ်တယ်။ နောက်တစ်ခုက လူကြီးတွေက ဘဏ်ထိသွားပြီး သွားထုတ်ဖို့လည်း မလွယ်ဘူး။ အခုကျွန်တော်တို့ဆို ဟွန်ဒီခေါ်မလား လွှဲလိုက်တယ်။ အိမ်အရောက် ငွေသားပို့လည်း ရတယ်။ ကိုယ်လိုချင်တဲ့ပုံစံရတယ်။ အပြင် ပေါက် ဈေးအတိုင်းလည်း ရတယ်။ အလုပ်မရှုပ်တာကို သဘောကျကြတယ်”လို့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေသူ တစ်ဦးက ပြောပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် အလုပ်သမားအဖွဲ့အစည်းများ ကွန်ရက်က ထုတ်ပြန်ချက်မှာတော့ ရွှေ့ပြောင်းလုပ်သားတွေဟာ မိမိတို့ရဲ့ လုပ်ခလစာကို ကိုယ်တိုင်စီမံပိုင်ခွင့်ရှိ တယ်လို့ ဖော်ပြပါရှိထားပါတယ်။

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့ကို ၁၉၉၀ ခုနှစ် ဒီဇင်ဘာလ (၁၈) ရက်မှာ စတင်သတ်မှတ် ခဲ့တာဖြစ်ပြီး အခုနှစ်မှာတော့ “လူမှုအသိုက်အဝန်းအတွက် ရွှေ့ပြောင်းအလုပ်သမားများ၏ ပံ့ပိုးပါဝင်မှုများကို လေးစားခြင်းဖြင့် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများကို တန်ဖိုးထား လေးစားကြပါစို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့ လုပ့်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

အခုနှစ်မှာတော့ လုပ်ခလစာ လွှဲပြောင်းရေး  ဖိအားပေးနေတာကို ပယ်ဖျက်ရေးအပါအဝင် အချက် (၈) ချက်ကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

#MyanmarLabourNews


Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026