NEWS

ရေကြီးရေလျှံနေချိန် စက်ရုံအများစု အချိန်ပိုအတင်းကျပ်ခေါ်ယူနေ

CoverLogo
392 Views

မြန်မာနိုင်ငံမှာ နေရာအနှံ့အပြားမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်လျှက်ရှိရာ စက်ရုံအလုပ်ရုံမှာ ၀င်ရောက်လုပ်ကိုင်နေကြရတဲ့ အလုပ်သမားတွေအနေနဲ့ အချိန်ပိုအတင်းအကြပ်ခေါ်ယူတာတွေကြောင့် အခက်တွေ့နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

မြစ်ရေတွေ စိုးရိမ်ရေမှတ်ကျော် မြင့်တက်နေပြီး မြစ်ချောင်းတွေမှာ ရေလျှံနေသလို ရပ်ကွက် ကျေးရွာနဲ့ မြို့ပေါ်တွေပါ ရေလျှံမှုတွေဖြစ်နေတာပါ။ ဒီလိုအခြေအနေမှာ နေအိမ်တွေကို ရေဝင်ရောက်မှုကြောင့် ဘေးကင်းရေး အစီအမံတွေ လုပ်ချိန်မရဘဲ အလုပ်က အချိန်ပိုမဖြစ်မနေ  ခြိမ်းခြောက် ဆင်းခိုင်းနေလို့ အလုပ်အကိုင်တည်မြဲရေးစိုးရိမ်နေရပြီး  မဖြစ်မနေဆင်းပေးနေရတာလို့ ပြောပါတယ်။ 

"ရေကြီးနေချိန်ဆိုတော့ အိမ်မှာချက်ဖို့ပြုတ်ဖို့ကတော်တော်ခက်ခဲတယ်။ ကျွန်တော့်အလုပ်က ည၇နာရီမှအိမ်ရောက်တယ်။ ကျွန်တော့်မိန်းမကအချိန်ပိုဆင်းရတယ်။ ည၈နာရီအထိဆိုတော့ အဲ့အချိန်မှပြန်ရတယ်။မိုးတွေကရွာ ရေတွေကကြီးနေ တော့ထွက်ကြိုလို့မလွယ်သလို အိမ်မှာလည်းကျွန်တော့်သားတစ်ယောက်တည်းထားခဲ့လို့မရဘူး။ စားရေး သောက်ရေး နေထိုင်ရေး အကုန်ခက်ခဲတယ်။ အချိန်ပိုမဆင်းပါနဲ့မိန်းမရယ်ဆိုတော့ မဆင်းလို့မရဘူးယောကျားရေတဲ့ လစာဖြတ်ရင်တော်သေး အလုပ်ဖြုတ်မခံရချင်ဘူးတဲ့ဗျာ။ သူ့အလုပ်ကသူ့ အခက်အခဲသူရင်ဆိုင်ရတာမို့  ကျွန်တော်လည်းမပြောတော့ဘူး။ ဒီလိုရေကြီးရေလျှံနေချိန် အလုပ်ရှင်တွေက နားလည်ပေးသင့်တယ်လို့ ကျွန်တော်ထင်တယ်။  အခြားအလုပ်သမားတွေလည်း အဲလိုပဲညမိုးချုပ်မှရေထဲမိုးထဲပြန်ကြရတာ "လို့  ဒဂုံမြို့သစ်အရှေ့ပိုင်းရပ်ကွက်နေ ရေဘေးသင့်လုပ်သားတစ်ဦးကဆိုပါတယ်။ 

ယခုလိုမျိုးရေကြီးရေလျှံဖြစ်နေချိန်မှာ  စက်ရုံမှာအချိန်ပိုဆင်းရလို့ အိမ်ပြန်နောက်ကျပါက ရေထဲဖြတ်ပြန်ရသလို 
မမြင်နိုင်တဲ့ အန္တရာယ်တွေရှိနိုင်တာကြောင့် အချိန်ပိုမဆင်းဘဲ ညနေ၄နာရီဆင်းပေးဖို့နဲ့ အချိန်ပိုဆင်းဖို့အခက်အခဲရှိတဲ့အလုပ်သမားတွေကို ပြန်လွှတ်ပေးဖို့ အလုပ်သမား တွေတောင်းဆိုပေမဲ့ အချိန်ပိုတွေဆင်းပေးနေရဆဲဖြစ်လို့  အခက်အခဲဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။

ရေကြီးရေလျှံမှုတွေက လက်ရှိမှာ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့မှာ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ရန်ကုန်တိုင်းမှာဆိုရင် စက်မှုဇုန်ဧရိယာတွေမှာပါ ရေဝင်ရောက်မှုတွေဖြစ်ပေါ်နေတာပါ။

"လှိုင်သာယာ ရွှေပြည်သာဘက်တွေမှာလည်း ရေကြီးနေလို့ဆိုပြီး အလုပ်သမားတွေကိုမငဲ့ဘူးတော်။ အချိန်ပိုတွေမတရားခေါ်နေလို့ အလုပ်သမားတွေတော်တော်အဆင်မပြေဖြစ်နေကြတာ။ ပုံမှန်ဆို ရင်အကြောင်းမဆန်းဘူး။ ခုကရေဘေးသင့်နေတာ။ ရေဘေးကလည်းအခြေခံဆင်းရဲသားတွေ တစ်နေ့တစ်နေ့စားတွေကအများစုရင်ဆိုင်ရတာ။ ထိုင်စားလို့လည်းမရလို့ မဖြစ်လို့အလုပ်လုပ်နေကြရတာ။ အိမ်ပြန်မိုးချုပ်တော့ရေပေါင်လယ်လောက်ဖြတ်ပြန်ရဖို့ ဘယ်လိုအဆင်ပြေမလဲ ခုလိုအချိန်မျိုးမှာအလုပ်သမား တွေကို အချိန်ပိုတွေဖိအားပေးမခေါ်သင့်ပါဘူး"လို့  ပြည်တွင်းအလုပ်သမားရေးကူညီဆောင်ရွက်သူ တစ်ဦးကဆိုပါတယ်။ 

အလားတူ ရွှေပြည်သာမြို့နယ်ရှိ စက်ရုံအတော်များများကလည်း  အချိန်ပို အတင်းအကျပ်စေခိုင်းမှုတွေ ရှိနေရာ ထိုအထဲမှ အချိန်ပိုအတင်းအကြပ်ခေါ်ယူခြင်းခံရတဲ့ အမှတ် (-) ကန်သာယာလမ်း၊ စက်မှုဇုန်-၁၊ ရွှေပြည်သာမြို့နယ်။Xinda Home Textile Myanmar Co.,Ltd အထည်ချုပ်စက်ရုံဟာဆိုရင် ဇူလိုင် ၂၇ ရက်နေ့က နေအိမ် ရေနစ်မြုပ်နေတဲ့ အလုပ်သမားတွေ   ညနေ ၄ နာရီတွင် အလုပ်ကပြန်ရန် စက်ရုံမှူးက လက်မခံဘဲ စက်ရုံတံခါးများကို ပိတ်ထားခဲ့တဲ့အထိ  ပြုလုပ်ခံခဲ့ရတယ်လို့ သိရပါတယ်။

 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026