လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) က မြန်မာစစ်အုပ်စု၏ ပြည်သူများအပေါ် အတင်းအဓမ္မ စစ်မှုထမ်းခိုင်းမှုနှင့် လူပြန်ပေးဆွဲမှုများ တိုးပွားလာနေသည့် အခြေအနေကို ထောက်ပြပြီး အိမ်နီးချင်းနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့နေမှုများကို ချက်ချင်းရပ်တန့်ရန် မေလ ၂၅ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။
APHR ၏ ထုတ်ပြန်ချက်တွင် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသား ၃,၅၀၀ ကျော်ကို အတင်းအဓမ္မ ပြန်လည်ပို့ဆောင်ခဲ့မှုကြောင့် အခြေအနေ ပိုမိုဆိုးရွားလာခဲ့ကြောင်း ဖော်ပြထားပြီး ပြန်လည်ပို့ဆောင်ခံရသူများထဲမှ အချို့ကို မြန်မာစစ်အာဏာပိုင်များက ခြိမ်းခြောက်၍ စစ်မှုထမ်းရန် အတင်းအကျပ် ခေါ်ဆောင်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ကာ၄င်း အခြေအနေဟာ နိုင်ငံတကာဥပဒေအရ ပြန်လည်ပို့ဆောင်ခြင်း (refoulement) နှင့် လူကုန်ကူးမှုဆိုင်ရာ စိုးရိမ်မှုများကို မြင့်တက်စေတယ်လို့လည်း ဆိုထားပါတယ်။
ဒါကြောင့် အိမ်နီးချင်းနိုင်ငံများအား မြန်မာနိုင်ငံသားများကို ပြန်လည်ပို့ဆောင်ခြင်း ချက်ချင်းရပ်တန့်ရန်နဲ့ မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် လူငယ်များရဲ့ ဘေးကင်းလုံခြုံရေးကို ဦးစားပေးကာ “ပြန်မပို့ရေးမူ” (non-refoulement principle) ကို လိုက်နာရန် APHR တိုက်တွန်းထားပါတယ်။
လက်ရှိတွင် မြန်မာလုပ်သားတွေဟာ ပြည်တွင်းအခြေအနေ မတည်ငြိမ်မှု၊ အလုပ်အကိုင်ရှားပါးမှုနှင့် စစ်မှုထမ်းရန် အတင်းအကျပ် ခေါ်ဆောင်ခံရမှုများကြောင့် အိမ်နီးချင်းနိုင်ငံများသို့ လမ်းကြောင်းအမျိုးမျိုးဖြင့် ဝင်ရောက်အလုပ်လုပ်ကိုင်လျက်ရှိပြီး အထောက်အထားမဲ့နေထိုင်မှုနှင့် ဖမ်းဆီးခံရမှုများလည်း နေ့စဉ်ဖြစ်ပွားနေပါတယ်။
ဖမ်းဆီးခံရသူများကို ထိုင်းအပါအဝင် အိမ်နီးချင်းနိုင်ငံများက လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူပြီးနောက် မြန်မာစစ်အာဏာပိုင်များထံ လစဉ် လွှဲပြောင်းပို့ဆောင်လျက်ရှိကြောင်း သိရပါတယ်။
ရနောင်းလူဝင်မှုကြီးကြပ်ရေးဌာန၏ စာရင်းတွေအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ မေလအထိ မြန်မာလုပ်သား ၆၅၀ ကျော်ကိုထိုင်းအာဏာပိုင်တွေက စစ်အစိုးရထံ ပြန်လည်လွှဲပြောင်းခဲ့ကြောင်းသိရပါတယ်။
ပြန်လည်ပို့ဆောင်ခံရသူများထဲမှ လူငယ်များကို အာဏာပိုင်များက စစ်သင်တန်းကျောင်းများသို့ အတင်းအကျပ် ခေါ်ဆောင်သွားကြောင်းနှင့် အချို့ကို မိသားစုများက ငွေကြေး သိန်းဆယ်ချီပေး၍ ပြန်လည်ရွေးယူရတဲ့ ဖြစ်စဉ်များလည်း ရှိနေကြောင်း နစ်နာသူများရဲ့ ပြောကြားချက်များအရ သိရပါတယ်။
စစ်အုပ်စုဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီတွင် စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် လူပေါင်း ၁၂၀,၀၀၀ ခန့်ကို အတင်းအကျပ် စစ်မှုထမ်းခိုင်းကာ စစ်မြေပြင်များသို့ စေလွှတ်ထားကြောင်း APHR ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။









