NEWS

ယာယီပိတ်သိမ်းလိုက်တဲ့ Yi Cai အထည်ချုပ်စက်ရုံ အလုပ်သမားဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းမရှိဟုဆို

CoverLogo
1.9K Views

လုပ်ငန်းလည်ပတ်ဖို့ အော်ဒါမရရှိတော့တာကြောင့် ယာယီပိတ်သိမ်းမယ်လို့ ကြေညာခဲ့တဲ့    Yi Cai အထည်ချုပ်စက်ရုံဟာ အလုပ်သမားတွေအပေါ် အလုပ်ပိတ် နစ်နာကြေးတွေကို ဥပဒေနှင့်အညီ ဖြေရှင်းမှုမရှိဘူးလို့ အလုပ်သမားအရေး စောင့်ကြည့်သူတွေထံက သိရပါတယ်။

အဆိုပါ Yi Cai အထည်ချုပ်စက်ရုံကို ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် စက်မှုဇုန် ၁ ခရေလမ်းမှာ  ဇန်နဝါရီလကဖွင့်လှစ်ထားပြီး  အော်ဒါပြတ်လပ်ခြင်းအခက်အခဲကြောင့် အောက်တိုဘာ ၁ ရက်နေ့မှနို၀င်ဘာ ၃၁ ရက်အထိ  နှစ်လတိတိ ယာယီပိတ်သိမ်းသွားမှာဖြစ်တာကြောင့်  ၀င်ရောက်လုပ်ကိုင်နေတဲ့စက်ရုံလုပ်သား (၃၃၆)ဦးကို နစ်နာကြေးခံစားခွင့်အဖြစ်  စက်တင်ဘာ(၁၉)တွင် ရှင်းလင်းပေးပြီးဖြစ်တယ်လို့  စက်ရုံရဲ့အကြောင်းကြားစာမှာ  ဖော်ပြထားပါတယ်။

စက်ရုံမှာလုပ်ကိုင်တဲ့အလုပ်သမားတွေအနေနဲ့ လုပ်ငန်း ၂ ယာယီပိတ်သိမ်းလိုက်တဲ့အပေါ် အလုပ်ပိတ်ကြေးဉပဒေနဲ့အညီမရရှိတာကြောင့် ကျေနပ်မှုမရှိတဲ့လုပ်သား ၂၉ ယောက်က ကန့်ကွက်ခဲ့ပေမယ့် လက်ရှိမှာတော့ စက်ရုံထဲမှာလည်း စက်ပစ္စည်းတွေမရှိတော့တာနဲ့ ပြောင်းရွှေ့မှုတွေပြုလုပ်နေတာအပေါ် သံသယရှိနေတယ်လို့ ဆိုပါတယ်။

''သူတို့ကနစ်နာကြေးပေးမယ်ဆိုပြီးကပ်ထားတာတွေက ဥပဒေနဲ့မညီလို့ ဆယ်ယောက်ကနေပြောလို့ အဲ့ဒီဆယ်ယောက်ကိုဖြုတ်ပစ်လိုက်တယ်။ ကျန်တဲ့သူတွေကယူကြတယ်။ ယူကြတဲ့အထဲမှာမှ နောက်ထပ် ၁၉ ယောက်က မယူကြပြန်ဘူး။ ခု၂၉ယောက်ဖြစ်သွားတယ်။ စက်ရုံထဲမှာလည်း စက်ပစ္စည်းတွေဘာတွေမှမရှိတော့ဘူး။ အထည်တွေကိုလည်း ကွန်တိန်နာနဲ့တင်နေတာတွေ့တယ်။ စောင့်နေရင်း ရဲတွေရောအကုန်စောင့်နေလို့အခြေအနေမဟန်လို့ အပြင်ကပဲကြည့်နေရတယ်။  သူတို့ကနှစ်လပိတ်တယ်လို့ပြောတယ်။ ခုက စက်ပစ္စည်းတွေအကုန်သည်နေတော့ နှစ်လပိတ်တာမဖြစ်နိုင်ဘူး။ အပြီး ပိတ်တာဖြစ်မယ်။ အပြီးပိတ်တယ်ဆိုရင် အလုပ်ပိတ်နစ်နာကြေးတွေ ဥပဒေနဲ့အညိပေးရမှာစိုးလို့ ခုလိုကလိမ်ကကျစ်နည်းကိုသုံးတာ''လို့ ယင်းအလုပ်သမားများအား ကူညီဆောင်ရွက်ပေးနေသူက ဆိုပါတယ်။

ယင်းစက်ရုံမှ  စကားပြန်လုပ်ကိုင်သူ၏အမျိုးသားက အလုပ်သမား တစ်ဦးအားထိုးကြိတ်ခြင်းမှုဖြစ်ပွားခဲ့ပြီး နောက်  အဆိုပါစက်ရုံဟာ အောက်တိုဘာ(၁)ရက်မှာ  စတင်ပိတ်သိမ်းသွားမယ်လို့  စက်ရုံပိုင်ရှင်ရဲ့ မြို့နယ်အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနကို   တင်ပြအကြောင်းကြားထားတာဖြစ်ပါတယ်။

လုပ်ငန်းအပြီးပိတ်သိမ်းပါက အလုပ်သမားများကို အလုပ်ပိတ်လျော်ကြေးအဖြစ် ဉပဒေနဲ့အညီ လုပ်သက်အလိုက် ပေးချေရမှာဖြစ်ပေမယ့် ယာယီပိတ်သိမ်းဟုဆိုကာ ၄၈၀၀ နှုန်းနဲ့သာတွက်ချက်ပေးချေဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင်လုပ်သက်(၆)လနှင့်အထက်အလုပ်သမားများအားနစ်နာကြေးခံစားခွင့်ကို စက်တင်ဘာ(၁၉)တွင် ရှင်းလင်းပေးတဲ့အပြင် ဂရုဏာကြေးအဖြစ် လုပ်သက်(၆)လအထက်အလုပ်သမားအား (၅၀၀၀၀)ကျပ်နှင့် လုပ်သက် (၅)လအောက်အလုပ်သမားများကို (၃၀၀၀၀)ကျပ် ကို ယခုလကုန်ထည့်မည့်  စက်တင်ဘာလစာတွင်ထည့်သွင်းပေးပြီး  လုပ်ငန်းခွင်ပြန်ဝင်ရောက်ပါက  တစ်ဦးလျှင်တစ်သိန်းနှုန်းစီထပ်မံပေးအပ်မယ်လို့  ၎င်းတို့ရဲ့အကြောင်းကြားစာတွင်ဖော်ပြထားပါ သေးတယ်။

''အမှန်က တွက်နည်းမှားတယ်။ ၄၈၀၀ နဲ့ပဲ ပေးတယ်။ နောက်ဆုံးထုတ်လစာလည်းမပေးဘူး။ ပြီးရင်နှစ်လပဲပိတ်မယ် ပြန်ဖွင့်ရင်ပြန်ပေးမယ် ပြန်ခန့်မယ်ဆိုတာတွေကို မကြိုက်လို့ လုပ်နည်းလုပ်ဟန်တွေမှားလို့ပြောနေတာ အလုပ်ရှင်ရော အလည လူကြီးတွေရော အလုပ်သမားတွေကိုပြောဆိုညှိနှိုင်းတာမရှိဘဲ ပြန်ထွက်သွားတယ်'' လို့ ဆိုပါတယ်။

လက်ရှိမှာတော့ လုပ်ငန်းယာယီပိတ်သိမ်းတဲ့အပေါ် အလုပ်သမားဉပဒေနှင့်အညီဖြေရှင်းပေးတာမရှိဘဲ စက်ရုံရှိ ပစ္စည်းများကို သယ်ယူပြောင်းရွှေ့နေတဲ့အတွက် စိုးရိမ်မှုတွေရှိနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

MyanmarLabourNews

 


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026