ကမ္ဘာကျော် Adidas ဖိနပ်ချုပ် Myanmar Pou Chen (မြန်မာပေါင်ချိန်) စက်ရုံက တစ်ရက်လုပ်အားခ ကျပ် ၄၅၀ နီးပါးဖြစ်တဲ့ ကျပ် ၄၃၃ ကျပ်ကို တိုးမြှင့်ပေးလိုက်တယ်လို့ စက်ရုံရဲ့ ဖေ့ဘွတ် လူမှုကွန်ရက်စာမျက်နှာကနေ ဇွန်လ ၁၄ ရက် ညပိုင်းက ထုတ်ပြန်ထားပါတယ်။
ဒီလိုတိုးမြှင့်လိုက်တဲ့ ပမာဏကြောင့် အလုပ်သမားတွေဟာ တစ်ရက်လုပ်ခ ၅၂၃၃ ကျပ် ရရှိမှာ ဖြစ်ပြီး ဒီပမာဏဟာ ယာယီသာဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။ အစိုးရက အခြေခံလစာမူဝါဒနှင့် ပတ်သက်ပြီး ကြေငြာချက်မရှိသေးတာကြောင့် အလုပ်သမားတွေရဲ့ နေစဉ် အခက်အခဲတွေကို တည့်သွင်းစဉ်းစားပြီး လစာတွေကို တိုးမြှင့်ဖို့ စက်ရုံက ဆုံးဖြတ်ခဲ့တာလို့လည်း ဆိုပါတယ်။ ဒါပေမဲ့ ဒီကြေညာချက်ထဲက တိုးမြှင့်လိုက်တဲ့ တစ်ရက်လုပ်ခ ပမာဏကို ဘယ်ကာလမှ စတင်ခံစားရမယ်ဆိုတာကို ဖော်ပြထားတာ မရှိပါဘူး။
“ ကျေးဇူးတင်ပါတယ်။ သူများစက်ရုံဝန်ထမ်းတွေ ဒေးကြေး ၅၆၀၀/၅၈၀၀ စားနေချိန်မှာ စက်ရုံက ဒေးကြေး ၅၂၀၀ ကို ၆ လပိုင်းမသေချာသေးဘူးဆိုလို့ ကျေနပ်အားရမိပါတယ်” လို့လည်း ဖေ့ဘွက်လူမှုကွန်ရက်မှာ မှတ်ချက်ပြုထားတာကို တွေ့ရပါတယ်။
မြန်မာ ပေါင်ချိန်စက်ရုံဟာ သာဓုကန်စက်မှုဇုန်မှာ ရှိပြီး အလုပ်သမား ၇၀၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ စက်ရုံဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း တစ်ရက်လုပ်အားခတိုးမြှင့်ပေးဖို့တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ စက်ရုံအတွင်း ပြုလုပ်ခဲ့တာကြောင့် အလုပ်သမား ၂၀ ကျော် အလုပ်ထုတ်ခံခဲ့ရပါတယ်။
Adidas ကုမ္ပဏီရဲ့ ဖိအားပေးမှုကြောင့် အလုပ်သမားတချို့ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ခွင့်ရခဲ့မဲ့ တချို့ကတော့ ပြန်လည်ဝင်ရောက် လုပ်ကိုင်တာ မရှိခဲ့ပါဘူး။
နိုင်ငံအတွင်း အလုပ်သမားအရေး ဆောင်ရွက်သူတွေကတော့ မြန်မာအလုပ်သမား(ချုပ်လုပ်ရေး စက်ရုံ) တွေရဲ့ တစ်ရက်လုပ်အားခဟာ ၃ ဒေါ်လာ ရသင့်တယ်လို မှတ်ချက်ပြုထားပါတယ်။ တရားဝင် သတ်မှတ်ထားတဲ့ တစ်ရက်အနည်းဆုံးအခကြေးငွေကတော့ ၁.၆ ဒေါ်လာ ဝန်းကျင်သာရှိပါတယ်။
#MyanmarLabourNews