မလေးရှား နိူင်ငံ မှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံပြီး မလေးရှား လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွေမှာ နေရပ်ပြန်ရန် စောင့်နေသူတွေထဲမှ ယခုဇွန်လ အတွင်း မှာ မြန်မာနိုင်ငံသား ၈၀၀ နီးပါးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံ(ကွာလာလမ်ပူမြို့)ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မြန်မာသံရုံးအနေနဲ့ ထိန်းသိမ်းရေးစခန်းတွေမှ နေရပ်ပြန်မယ့် မြန်မာနိုင်ငံသားတွေရဲ့ အမည်စာရင်း နေ့ရက် နဲ့ လေယာဉ်ချိန်တွေကို သံရုံး Face book စာမျက်နှာကနေ ဇွန်လ ၄ ရက်မှစပြီး ထုတ်ပြန်ကြေညာပေးမယ်လို့ အသိပေးလာပါတယ်။
အခုလို ထုတ်ပြန်ပြီးနောက် ဇွန်လ ၉ ရက်တွင် Bidar Campနဲ့Bukit Jalil Camp တို့မှ မြန်မာနိုင်ငံသား ၇၁ဦး၊ဇွန်လ ၁၀ရက်တွင် Belantik Campမှ မြန်မာနိုင်ငံသား ၅၀ဦး၊ ဇွန်လ ၁၁ရက်တွင် Kemayan Camp မှ ၈၅ဦး၊ဇွန်လ ၁၂ရက်တွင် lenggeng Camp မှ ၅၈ဦး၊ဇွန်လ ၁၇ရက် တွင် Tanah Merah Camp မှ ၈၀ဦး၊ဇွန်လ ၁၈ရက်တွင် Ajil,Beranang,KLIA Camp တို့မှ ၆၆ဦး၊ဇွန်လ ၁၉ရက်တွင် Langkap Camp ၆၀ဦး၊ဇွန်လ ၂၀ရက်တွင်Pekan Nenas Camp မှ ၁၁၀ဦးတို့ကို မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း သိရပါတယ်။
ထပ်မံပြီး ဇွန်လ ၂၃ရက် တွင် Tanah Merah,Perlis,Melaka Camp တို့မှ မြန်မာနိုင်ငံသား ၁၃၁ဦးနဲ့ ဇွန်လ ၂၄ရက် မှာ Belantik Camp မှ မြန်မာနိုင်ငံသား ၇၆ဦးတို့ကို မြန်မာနိုင်ငံသို့ လေကြောင်းဖြင့်ပြန်လည်ပို့ဆောင်ပေးမယ်လို့ မြန်မာသံရုံးမှ အသိပေးကြေညာထားပါတယ်။
အခုလို မြန်မာနိုင်ငံသို့ ပြန်ရန် လေယာဉ်လက်မှတ်ခ ကုန်ကျစရိတ်ကို ဖမ်းဆီးခံရသူများရဲ့ ကိုယ်ပိုင်စုဆောင်းငွေသို့မဟုတ် မိသားစုဝင်တွေရဲ့ ထောက်ပံ့ငွေ ဖြင့်ကျခံရပြီး အချို့ကိစ္စရပ်တွေကိုတော့ သံရုံးဘက်မှ ဖြေရှင်းပေးတာမျိုးရှိကြောင်းသိရပါတယ်။
နေရပ်ပြန်လည်ပို့ဆောင်ခံရသူတွေအားလုံးဟာ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနစနစ် တွင် အမည်ပျက်စာရင်း(Blacklist)သွင်းထားမှာဖြစ်ပြီး သတ်မှကာလ အတွင်း မည်သည်အကြောင်းပြချက်နှင့်မျှ မလေးရှား နိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့်ရမှာ မဟုတ်ဘူးလို့ သိရပါတယ်။
ပြစ်ဒဏ်ကျခံရသူ အများစုမှာ မလေးရှားနိုင်ငံအတွင်း အထောက်အထားမဲ့ ဝင်ရောက် နေထိုင် အလုပ်လုပ်ကိုင်ခြင်းကြောင့် ဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့အခြား ပြစ်မှုကျူးလွန် ခြင်းတို့လည်း ပါဝင်တယ်လို့သိရပါတယ်။









