NEWS

ပြည်ပရွှေ့ပြောင်းလုပ်သားများထံမှ နိုင်ငံခြားငွေရရှိရေး လျှပ်စစ်ကားတင်သွင်းခွင့်မက်လုံးပေးလာ

CoverLogo
561 Views

ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ လုပ်ခလစာတွေကို ဘဏ်လမ်းကြောင်းကတစ်ဆင့် မိသားစုဆီ ပြန်လည်ပေးပို့မယ်ဆိုရင် လွှဲပေးတဲ့ ပမာဏာနဲ့ တန်ဖိုးညီမျှတဲ့ လျှပ်စစ်သုံးမော်တော်ယာဉ်တွေ တင်သွင်းခွင့်ပြုမယ်လို့ စစ်ကောင်စီက မက်လုံးပေးတာတွေကို စတင်လုပ်ဆောင်ပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက အောက်တိုဘာလ (၃၁) ရက်မှာတော့ ဘဏ်လမ်းကြောင်းကတစ်ဆင့် တရားဝင်ငွေလွှဲသူတွေကို လွှဲပို့ငွေရဲ့ ၅ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ လျှပ်စစ်သုံးမော်တော်ယာဉ် တစ်နှစ်ကို တစ်စီးနှုန်း တင်သွင်းခွင့်ပေးမယ်လို့ ထုတ်ပြန်လာပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ ပုံမှန်လစာရရှိသူများ (သင်္ဘောသားများအပါအဝင်) တစ်နှစ်အတွင်း  အမေရိကန် ဒေါ်လာ ၂ သိန်းနဲ့အထက် လွှဲပို့ပါက လွှဲပို့ငွေရဲ့  ၅ ရာခိုင်နှုန်း တန်ဖိုးညီမျှတဲ့ လျှပ်စစ်သုံးမော်တော်ယာဉ် တစ်နှစ်ကို တစ်စီးနှုန်း တင်သွင်းခွင့် ရမယ်လို့ ပါရှိပါတယ်။ 
 
ဒါ့အပြင် ပုံမှန်လစာရရှိသူတွေကအပ အခြားဝင်ငွေရရှိသူတွေအနေနဲ့ တစ်နှစ်အတွင်း  အမေရိကန် ဒေါ်လာ  ၅ သောင်းနဲ့ အထက် လွှဲပို့ပါက လွှဲပို့ငွေရဲ့ ၅ ရာခိုင်နှုန်း တန်ဖိုးညီမျှတဲ့  လျှပ်စစ်သုံးမော်တော်ယာဉ်/ လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်  တစ်နှစ်ကို တစ်စီးနှုန်း တင်သွင်းခွင့် ရမယ်လို့လည်း ဖော်ပြထားပါတယ်။

“သံရုံးကစာထုတ်ထားတာ တွေ့ပါတယ်။ တစ်ယောက်ချင်းငွေမပြည့်လည်း လူစုပြီး တင်သွင်းလို့ ရတယ်ပေါ့နော်။ ကျွန်တော်တစ်ဦးချင်းသဘောပြောရရင် စိတ်မဝင်စားပါဘူး။ အခုလည်း ဘဏ်ကနေ မလွှဲဖြစ်ဘူး။ အသိထဲမှာ လည်း တရားဝင်လမ်းကြောင်းက လွှဲတာတော်တော် နည်းပါတယ်။ သူတို့ဘဏ်စနစ်က အိမ်ကလူတွေ အချိန်ကုန် တယ်။ ပေါက်ဈေးလည်း မရဘူး။ အဲဒါကြောင့် ကားလည်းစိတ်မဝင်စားဘူး”လို့ ထိုင်းရောက်မြန်မာနိုင်ငံသား တစ်ဦးကပြောပါတယ်။

စစ်ကောင်စီဟာ နိုင်ငံခြားငွေ ရရှိရေးအတွက် ပြည်ပရောက်မြန်မာအလုပ်သမားတွေကို လုပ်ခလစာရဲ့ (၂၅) ရာခိုင်နှုန်းကို တရားဝင်ဘဏ်တွေကတစ်ဆင့် ပြည်တွင်းကို လွှဲပြောင်းရေးကို အားစိုက်လုပ်ဆောင်နေပေမယ့် အောင်မြင်မှု မရသေးတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကြောင့် လုပ်သားစေလွှတ်တဲ့ အေဂျင်စီတွေကို ဖိအားပေးတာတွေ လုပ်ဆောင်သလို အလုပ်သမားတွေကိုပါ ကားတင်သွင်းခွင့်တွေ မက်လုံးပေးလာတာ ဖြစ်ပါတယ်။

“သူတို့က အလုပ်သမားတွေ နစ်နာတာတွေကိုကျ ဘာမှတာဝန်မယူပေးချင်ဘူး။ ဒီကလူတွေဆီက ဘာတွေရနိုင်မ လဲပဲ တွေးနေတယ်။ သံရုံးကလည်း အခွန်ကြေးကောက်တာ၊ ဟိုဟာကောက်၊ ဒီဟာကောက်ပဲ စိတ်ဝင်စားတာ။ နောက်တစ်ခုက သူတို့အတွက်နိုင်ငံခြားငွေရဖို့လည်း အထောက်အကူ မဖြစ်စေချင်ဘူး။ သူတို့ပြောတဲ့ပမာဏာ ရတဲ့သူကကော ဒီမှာဘယ်လောက်ရှိမှာလဲ။ စိတ်ဝင်စားစရာကောင်းတဲ့ ထုတ်ပြန်ချက် မဟုတ်ပါဘူး”လို့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေသူတစ်ဦးက ပြောပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားအများစုဟာ စစ်ကောင်စီက ဖိအားပေးနေတဲ့ တရားဝင်ငွေလွှဲပြောင်းရေးစနစ်ကို လိုက်နာလုပ်ဆောင်မှု မရှိသေးပါဘူး။ ဒီလိုအခြေအနေကြောင့်လည်း စစ်ကောင်စီဟာ ခြိမ်းခြောက်တာတွေ၊ မက်လုံးပေးတာတွေအစရှိတဲ့ နည်းလမ်းမျိုးစုံကို လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။


Related posts

Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026
Cover
မလေးရှားသွားရန် ဘတ် ၅ သောင်း မှ ၁သိန်း အထိ ပေးလာရသည့် မြန်မာလုပ်သား ၆၀ နီးပါး ထိုင်းတွင်အဖမ်းခံရ
Mar 07, 2026