NEWS

ပဲခူး K fine စက်ရုံက ကြီးကြပ်ရေးမှူးများ အလုပ်သမားများအား မတရားဆဲဆို

CoverLogo
2.8K Views

ပဲခူးအခြေစိုက်  K fine အထည်ချုပ်စက်ရုံရဲ့ အလုပ်သမား ကြီးကြပ်ရေးမှူး အဆင့်ဆင့်က လက်အောက်ခံ အလုပ်သမားတွေကို ဆဲဆိုမှုတွေ ပြုလုပ်နေတယ်လို့  Myanmar Labour News ကို ပြောပါတယ် ။

စက်လိုင်းတွေ ကို ကြီးကြပ်သူ ခေါင်းဆောင်တွေ အများစုဟာ လက်အောက်ခံ အလုပ်သမားကို နစ်နာအောင် ဆဲဆိုနေတာလို့ စက်ရုံအလုပ်သမားတွေက ပြောဆိုပါတယ်။ 

“ဆဲတာက မနက်ပိုင်း Meeting တိုင်းကို ဆဲတာ ။ ဆဲရင်လည်း မိဘတွေနဲ့ နှိုင်းပြီး နစ်နာအောင်ဆဲတာ ။ မနက်စောစော ကြားမကောင်းဘူး ။” လို့ စက်ရုံမှာ စက်ချုပ်နေတဲ့ အလုပ်သမား အမျိုးသမီး တဦးက ပြောပါတယ်။ 

K fine အထည်ချုပ်စက်ရုံမှာ စက်လိုင်းပေါင်း ၂၀ ဝန်းကျင်ရှိပြီး လိုင်းတလိုင်းမှာ ကြီးကြပ်ရေးမှူး (super) စူပါ တဦး၊ ခေါင်းဆောင် (leader) လီဒါ တဦး နဲ့ စက်လိုင်း လေးလိုင်းကိုတော့ အောစူပါ (All super) တဦးစီ က ကြီးကြပ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

စက်လိုင်းတွေမှာ စက်ချုပ် အလုပ်သမားနဲ့ အကူ စုစုပေါင်း ၅၀ ဝန်းကျင် လုပ်ကိုင်နေပြီး မနက်ပိုင်းမှာ လုပ်ငန်းခွင်မဝင်မီ Meeting သဘော လုပ်ငန်းအစီအစဉ်တွေကို ပြောဆိုကြတယ်လို့ သိရပါတယ်။ 

“ တလောကဆိုရင် မနက် မီတင်မှာပဲ လိုင်း ၁၀ က စူပါ က အလုပ်သမား အမျိုးသမီးငယ် တယောက်ကို အောက်တန်းစားမိဘက မွေးတာလား မေးပြီး ဆဲဆိုတယ်။

အဆဲခံရတဲ့ အမျိုးသမီးငယ် တအားရှက် မှာပေါ့ ။ အလုပ်က ထွက်သွားတယ်။ အောစူပါ စူပါ လီဒါတွေက ဆဲဆိုရင် စကားလုံးတွေက ထမိန်ထဲကကို မထွက်တော့ဘူး ။” လို့ စက်ရုံမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီးက ပြောပါတယ်။ 

K fine အထည်ချုပ် စက်လိုင်း ၁၀ က အောစူပါ (All Super)နဲ့ လီဒါ (leader) ၊ လိုင်း ၈ က စူပါ (Super) နဲ့ လိုင်း ၅ က လီဒါ (Leader) တို့တတွေဟာ လက်အောက်ခံ အလုပ်သမားတွေကို ကြမ်းတမ်းစွာ ဆဲဆိုကြ တယ်လို့ အလုပ်သမားတွေက ပြောဆို ပါတယ်။ 

“ တချို့စူပါတွေ တအားကို နစ်နာအောင်ပြောဆိုတာ ။ ပါးစပ်ထဲမှာ ‌ေ-ာက်ဆိုတဲ့ စကားလုံးနဲ့ကို ပြောတာ။ နောက် မိ တွေ၊ ဘတွေ၊ နှမတွေ၊ မောင်တွေနဲ့ ပေးစားဆဲတာ။ တခါတလေဆို ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပြောပြီးဆဲတယ်။ အမျိုးသမီးငယ်တွေ ရှက်ကြတော့ ဘယ်ခံနိုင်မလဲ ၊ ထွက်ကုန်တာပေါ့။ နောက်စူပါတွေက အကျိုးခံစားခွင့်က သာမန်အလုပ်သမားတွေထက် သုံးလေးဆ ရှိတာကြောင့် စက်ရုံဘက်က ဖိအားပေးတာ လည်းခံရတယ် ။ စက်ရုံအများစုကတော့ ဆဲတဲ့ စူပါပို ပိုကြိုက်ကြတယ်” လို့ စက်ရုံ ငါးရုံမှာ စူပါအဖြစ် လုပ်ကိုင်ဖူးတဲ့  မမျိုးမျိုးသန်းက ပြောပါတယ်။

စူပါတွေဟာ စက်လိုင်းအတွင်း အဆင်မပြေသူ အလုပ်သမားတချို့ကို အလုပ်ကနေ ထွက်သွားဖို့ မရည်ရွယ်ပေမဲ့ အညှိုးနဲ့ ပြောဆိုတာမျိုးလည်း ရှိနိုင်တယ်လို့ မမျိုးမျိုးသန်းက ပြောပါတယ်။ 

Kfine အထည်ချုပ်စက်ရုံမှာလည်း အလုပ်သမားတွေကို စူပါတွေက ဆဲဆိုနေတာတွေကို မန်နေဂျာတွေက သိမြင်ပေမဲ့ မသိသလိုပဲ လုပ်ကိုင်နေကြတယ်လို့ အလုပ်သမားအများစုက ပြောဆိုပါတယ်။

K fine အထည်ချုပ် ဟာ ကိုယ်ဝန်ဆောင် အလုပ်သမားတချို့ကို အလုပ်က ထွက်အောင်ပြုမူတာ၊ အချိန်ပိုကြေးကို အတိအကျ မပေးတာနဲ့ အစမ်းခန့် အလုပ်သမားတွေ သတ်မှတ်လအတိုင်း မခန့်အပ်တာတွေကြောင့် တိုင်ကြားခံထားရတဲ့ စက်ရုံဖြစ်ပါတယ်။ 

အဲဒီလို တိုင်ကြားမှုတွေ ရှိခဲ့လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ မြို့နယ် အရာရှိတွေက ဝင်ရောက် စစ်ဆေးရာမှာ စက်ရုံမန်နေဂျာက စစ်ဆေးရေးအရာရှိတွေအနီးမှာ ရှိနေလို့ စက်ရုံရဲ့ ချိုးဖောက်မှုတွေကို ပြောခွင့် မရခဲ့ဘူးလို့လည်း အလုပ်သမားတွေက ပြောဆိုပါတယ်။ 

ဒီ စစ်ဆေးမှုအပြီး K fine စက်ရုံအတွင်း ချိုးဖောက်မှု ရှိတယ်ဆိုပြီး အလုပ်သမားဝန်ကြီးဌာနက ပုဒ်မအချို့နဲ့ အရေးယူခဲ့တာပါ။ 

တိုင်ကြားမှုနဲ့ စစ်ဆေးမှုတွေ အပြီးမှာတော့ စက်ရုံအတွင်းက အလုပ်သမား အမျိုးသမီးငယ် လေးဦးကို စက်ရုံနဲ့ ပတ်သက်တဲ့တိုင်ကြားမှုတွေပြုလုပ်လို့ ဆိုပြီး အလုပ်က ထုတ်ပယ်ခဲ့တယ်လို့  စက်ရုံအတွင်း လုပ်ကိုင်နေတဲ့ အလုပ်သမားတဦးက Myanmar Labour News ကို လာရောက် ပြောပြထားပါတယ်။ 

အလုပ်ထုတ်ခံရတဲ့ အမျိုးသမီး လေးဦးကိုလည်း နောက်စက်ရုံတွေမှာပါ လုပ်ကိုင်ခွင့်မရအောင် လိုက်လံပိတ်ပင်တာတွေကို စက်ရုံဘက်က ဆောင်ရွက်ခဲ့တယ်လို့ အဲဒီ အလုပ်သမားက ပြောပြပါတယ်။ 

Kfine International Garment (Myanmar)  ကတော့ ပဲခူးမြို့၊ မြို့ရှောင်လမ်း၊ အဝိုင်းကျေးရွာ၊ နောင်တော်ကြီး ဘုရားအနီးမှာ ရှိပြီး လုပ်သား ၁၀၀၀ ဝန်းကျင်နဲ့ လည်ပတ်နေတယ်လို့ စက်ရုံပိုင် ကုမ္ပဏီ Nantong Kfine ရဲ့ wetsite မှာ ဖော်ပြပါတယ်။ 

ပဲခူး Kfine Myanmar အထည်ချုပ်ကနေ တနှစ် အထည်ပေါင်း သုံး သန်းကျော် ထုတ်လုပ်နိုင်ပြီး ဂျာကင်တွေကို အဓိက ထုတ်လုပ်နေတယ်လို့ ဆိုပေမဲ့ ဗြိတိန်အခြေစိုက် RESERVED ကုန်အမှတ် တံဆိပ်ကိုလည်း ချုပ်လုပ်ပေးခဲ့တယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။ 

Kfine International Garment (Myanmar)  ရဲ့ ပင်မကုမ္ပဏီ Nantong Kfine ဟာ တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီဖြစ်ပြီး ကမ္ဘာနိုင်ငံ တချို့မှာလည်း ရုံးခန်းတွေ ဖွင့်လှစ် လုပ်ကိုင်နေကာ ကုမ္ပဏီပိုင် စက်ရုံ ငါးရုံ ကနေ အထည်တွေကို ထုတ်လုပ်နေတယ်လို့ Myanmar Labour News က သိရှိထားပါတယ်။

#MyanmarLabourNews 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026