NEWS

ပေါ်ဆန်းမွှေးဆန်များအား အိမ်အရောက်ပို့စနစ်ဖြင့်ရောင်းချပေးမယ်လို့ ဆန်စပါးအသင်းချုပ်ပြော

CoverLogo
1.3K Views

ဆန်ဈေးနှုန်းတွေ မြင့်တက်နေလို့ ပြည်သူတွေ ဆန်ဝယ်ရခက်ခဲနေသလို ဆန်ကွဲကိုသာ ရွေးချယ်လာရတဲ့ အခြေအတွေ ဖြစ်ပေါ်နေပါတယ်။ ဆန်စပါးအသင်းချုပ်အနေနဲ့ သက်သာသောနှုန်းထားဖြင့် ဆန်ရောင်းချပေးမဲ့အစီအစဉ်တွင် အိမ်အရောက်ပို့စနစ်ဖြင့်ပါရောင်းချပေးသွားမှာဖြစ်တယ်လို့   ဇွန် ၂၅ ရက်ညကထုတ်ပြန်ကြေညာလိုက်ပါတယ်။  

ဇူလိုင် ၁ ရက်နေ့ကစပြီး အိမ်ရောက်ပို့စနစ်ဖြစ့်ရောင်းချပေးမှာဖြစ်ရာ ဈေးနှုန်းတွေကတော့  ရွှေဘိုပေါ်ဆန်း ၂၄ ပြည်တစ်အိတ်လျှင်  ၁၅၂၀၀၀ ၊ ဧရာ၀တီပေါ်ဆန်း ၂၄ ပြည်တစ်အိတ်လျှင် ၁၃၀၀၀၀ နဲ့  ဧရာ၀တီပေါ်ဆန်း ၅ ပြည်တစ်အိတ်လျှင် ၂၆၅၀ဝ ဖြစ်တယ်လို့ ထည့်သွင်းကြေညာထားတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ ဇွန် ၂၄ ရက်နေ့မှစတင်ပြီး  ရန်ကုန်မြို့ရှိ ဝါးတန်း ဆန်စပါးကုန်စည်ဒိုင်၊ ဘုရင့်နောင် ဆန်စပါးကုန်စည် ဒိုင်တို့တွင် ရွှေဘိုပေါ်ဆန်းတအိတ်လျှင် ၁၃၅,၀၀၀ မှ ၁၄၅,၀၀၀ ကျပ်၊ ဧရာဝတီ ပေါ်ဆန်းတအိတ်လျှင် ၁၁၀,၀၀၀ မှ ၁၂၀,၀၀၀ ကျပ် ၊ ဧည့်မထတအိတ်လျှင် ၇၂,၀၀၀ မှ ၇၅,၀၀၀ ကျပ် ဖြစ်ပြီး ပေါ်ဆန်းတပြည် ၅,၀၀၀ ကျပ်၊ ဧည့်မထတပြည် ၃,၀၀၀ ကျပ်နှင့်  ပေါ်ဆန်း ငါးပြည်တအိတ်လျှင် ၂၅,၀၀၀ ကျပ်ဖြင့် ရောင်းချပေးမယ်လို့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဆိုပါသက်သာသောနှုန်းထားဖြင့်ဆန်ရောင်းချခြင်းအစီစဉ်မှာ  ရန်ကုန်တိုင်းဒေသကြီး အတွင်း လက်လီဆိုင် (၅၈) ဆိုင်မှ တစ်ပြည် (၃၀၀၀) ကျပ်ဖြင့် ဧည့်မထဆန် ရောင်းချခြင်းနဲ့  စက်မှုဇုန်များ၊ စက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊ အလုပ်သမားမိသားစုများ၊ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများသို့ ရောင်းချပေးခြင်းများလုပ်ဆောင်လျှက်ရှိ တယ်လို့  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကထုတ်ပြန်ထားတာဖြစ်ပါတယ်။ 

အဲဒီလို သက်သာသောနှုန်းထားဖြင့် ဆန်ရောင်းချပေးမည့်အစီအစဉ်တွင် ဆန်ဝယ်သူရဲ့ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်ပါလာမှသာ ရောင်းချပေးမည်ဖြစ်ပြီး  မိသားစုတစု အတွက် တလစာ ပေါ်ဆန်းတအိတ်နှင့် ဧည့်မထဆန်တအိတ်ကို တန်းစီစနစ်ဖြင့်ဝယ်ယူရတာကြောင့် ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။

"ဈေးသက်သာတယ် ပြောပေမယ့် ဆန်ကို တန်းစီပြီးဝယ်နေရတယ်၊ တပြည် ၃၀၀၀ နဲ့ ရောင်းတာက အချိန်ကန့်သတ်ထားသေးတယ် ပြီးတော့ ၂ ပြည်ပဲ ရောင်းတာ တချို့အိမ်တွေဆို တရက်ကို တပြည်ချက်လောက်ကုန်တယ်လေ နေ့တိုင်း ဆန်အတွက် တန်းစီနေရမှာတော့ မဟုတ်သေးဘူး။ မှတ်ပုံတင် အိမ်ထောင်စုဇယား ပြရတယ် ကောင်းကြသေးရဲ့လား။ လူပိုမရှိတဲ့အိမ်တွေဆို မိုးလင်းမိုးချုပ် အလုပ်ထဲမှာ ဆန်တွေ ဆီတွေ လိုက်ပြီးတန်းစီနေဖို့ခက်ခဲပါတယ်၊ အောက်ခြေမှာတော့ တော်တော်ဒုက္ခရောက်နေပြီ"လို့ ပြည်သူတစ်ဦးကမှတ်ချက်ပြုပါတယ်။

သက်သာသောနှုန်းထားတဲ့ ရောင်းချပေးတယ် ဆိုရာမှာလည်း ရပ်ကွက်အတွင်းကလက်လီရောင်းချမှုမှာလည်း နေရာနှစ်ခုလောက်ကသာ တစ်ပြည်ချင်းစီရောင်းချပေးနေတာကြောင့် အဆမတန်ဈေးကြီးနေတဲ့ ဆန်ဈေးနှုန်းလျှော့ချရာမှာ  ထိရောက်မှုမရှိနိုင်သလို  အောက်ခြေအလုပ်သမားများအတွက်ဆန်၀ယ်ဖို့တန်းစီရန်အချိန်မပေးနိုင်တာကြောင့် ဆန်ဈေးကြီးပေးစားနေကြရမှာသာဖြစ်တယ်လို့  ဆန်အရောင်းကိုယ်စားလှယ်တစ်ဦးကဆိုပါတယ်။ 

ပြင်ဆင်သတ်မှတ်လိုက်တဲ့ဈေးနှုန်းတွေကတော့ အနိမ့်ဆုံးဈေးနှုန်းအဖြစ် ဧည့်မထ  ၂၄ ပြည်တစ်အိတ်ကို ကျပ် ၇၀,၀၀၀ ကနေ အမြင့်ဆုံး ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်ကို ကျပ် ၁၄၅,၀၀၀ သတ်မှတ်ထားပေမဲ့  ဈေးကွက်အတွင်း ပေါက်ဈေးမှာတော့  ရွှေဘိုပေါ်ဆန်းတအိတ်မှာ အနည်းဆုံး ၁၈၅,၀၀၀ ကျပ်ရှိပြီး ဧည့် မထဆန် တအိတ်မှာ အနည်းဆုံး  ၉၅၀၀၀ ကျပ် ကျော်အထိရှိနေတာပဲဖြစ်ပါတယ်။  

 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026