ထိုင်းအစိုးရမှ အထောက်အထားမဲ့ အလုပ်သမားများအား ဘတ်ခေါ် ပန်းရောင်ကတ် လျှောက်ထားခွင့်ပြုသည့် Website တွင် အောက်တိုဘာ ၁၅ ရက်နေ့တစ်နေ့လုံး အမည်စာရင်းတင်သွင်း မရဖြစ်နေကြောင်း ဘတ်လုပ်ငန်းစဥ်ဝန်ဆောင်မှုပေးနေသောလုပ်ငန်းရှင်များမှသိရပါတယ်။
မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံများမှထိုင်းနိုင်ငံတွင် အခြေခံအလုပ်သမားအဖြစ် လာရောက်လုပ်ကိုင်နေသူများအား တရားဝင်စေရန်ထုတ်ပေးသည့် ဘတ် ပန်းရောင်ကတ် ပြုလုပ်ပေးတာကို အောက်တိုဘာ ၁၅ ရက်နေ့တွင်စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်းထိုင်းအစိုးရမှတရားဝင်ကြေညာထားခြင်းဖြစ်ပါတယ်။
"မနက်ထဲကကွန်ပျူတာရှေ့မှာအလုပ်သမားဝန်ကြီးဌာနက Website မှာအမည်စာရင်တင်သွင်းဖို့လုပ်တာမရဘူးဖြစ်နေတယ်။၁၅ရက်နေ့ညနေအထိကိုမရသေးတာ။website အသစ်ကဘာမှအံဝင်ဂွင်ကျမဖြစ်သေးဘူး”လို့ဘတ်လုပ်ငန်းစဥ်ဝန်ဆောင်မှုပေးနေသည့်လုပ်ငန်းရှင်တစ်ဦးမှပြောပါတယ်။
လက်ရှိအချိန်တွင်အလုပ်သမားဝန်ကြီးဌာနမှဖွင့်လှစ်ထားသော Website အသစ်သည် ဘတ်ဝန်ဆောင်မှု စာရွက်စာတမ်းဝန်ဆောင်မှုပေးနေသောလုပ်ငန်းရှင်များနှင့်အကျွမ်းတဝင်မဖြစ်သေးသဖြင့်အခက်အခဲများရှိနေသောကြောင့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ကျန့်အော်ထုတ်ခြင်း ကျန့်ခေါက်ခြင်းများတွင်အခက်အခဲရှိနိုင်သေးသောကြောင့် လတ်တလောအချိန်တွင် အလုပ်ပြောင်းရွှေ့ရန်အခက်အခဲများရှိနိုင်ကြောင်းသိရပါတယ်။