NEWS

ဒီဇင်ဘာလ စတုတ္ထတပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်

CoverLogo
488 Views

တစ်ပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်

ဒီဇင်ဘာ ၂၉ ၊ ၂၀၂၄

Myanmar Labour News မှာ ဒီဇင်ဘာလ (၂၃) ရက်ကနေ (၂၉) ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါး တွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ပဲ ဖြစ်ပါတယ်။

ဒီတစ်ပတ်တာသတင်း အနှစ်ချုပ် အစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေညတိုင်းမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

ဒီဇင်ဘာ ၂၃ ရက်

LITA MYANMAR အထည်ချုပ်စက်ရုံက အလုပ်သမား (၂၅၀) ကျော်က လုပ်ငန်းခွင်တွင်းမှာ တောင်းဆိုမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ Finishing နဲ့ စက်လိုင်းက အလုပ်သမားတစ်ချို့က လုပ်ငန်းခွင်တွင်းမှာ လုပ်ခလစာ မညီမျှတာတွေအတွက် တောင်းဆိုခဲ့ကြတာပါ။

စစ်ကောင်စီ အစိုးရရုံးပိတ်ရက်တွေနဲ့ အများပြည်သူအလုပ်ပိတ်ရက်တွေရဲ့ ကြားရက်တွေကို တစ်ဆက်တည်း ပိတ်ပေးပြီး စနေနေ့မှာ အစားထိုးရုံးပြန်တက်ဖို့ ထုတ်ပြန်ကြေညာထားပါတယ်။

ပေါ်တာဆွဲတဲ့သတင်းတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ ရန်ကုန်မြို့ရဲ့ လူထူထပ်တဲ့ နေရာတွေမှာ အသွားအလာ နည်းပါးလာပြီး အရောင်းအဝယ်တွေ ကျဆင်းလာတယ်လို့ ဈေးရောင်းချသူတွေက ပြောပါတယ်။

ညရေးညတာ သွားလာရေး အခက်အခဲကြောင့် စက်ရုံတွေမှာ အချိန်ပိုအိုတီတွေ အလွန်အကျွံ ခေါ်နေတာကို အလုပ်သမားဝန်ကြီးဌာနက ကြပ်မတ်ပေးဖို့ အလုပ်သမားတွေက လိုလားနေကြပါတယ်။

ဒီဇင်ဘာ ၂၄ ရက်

ပေါ်တာဆွဲတဲ့သတင်းတွေကြောင့် အချိန်ပိုနာရီတွေ နေ့စဉ်လုပ်ကိုင်နေရတဲ့ စက်ရုံအလုပ်သမားတွေဟာ စိုးရိမ် သောကတွေ မြင့်တက်နေပါတယ်။ ဒီအခြေအနေမှာ New Plus အထည်ချုပ်စက်ရုံက လနဲ့ချီပြီး ည(၈) နာရီတွေ အချိန်ပိုတွေဆက်တိုက် ခေါ်ယူနေတာကြောင့် အလုပ်သမားတွေ စိုးရိမ်သောက ဖြစ်နေတာကို ပေးစာပေးပို့ထားပါ တယ်။

ပြည်ပနိုင်ငံတွေမှာ အိမ်တွင်းအထောက်အကူပြုလုပ်သား(အိမ်အကူ) အနေနဲ့ သွားရောက်လုပ်ကိုင်သူတွေအတွက် တရားဝင် ရွှေ့ပြောင်းသွားလာတဲ့လမ်းကြောင်းဖြစ်ပေါ်စေဖို့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့ မှာ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုချက် ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံသားပိုင် Myanmar Blue Moon အထည်ချုပ်စက်ရုံမှာ အောလင်း၊အောနိုက်တွေ အလွန်အကျွံ ခေါ်ယူနေတာကြောင့် အလုပ်သမားတွေ ကျန်းမာရေး ထိခိုက်နေတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။

Golden Colour Fashion စက်ရုံပိုင်ရှင်က အလုပ်သမားကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ပြီး နစ်နာသူ အလုပ်သမားက တိုင်ကြားမှု လုပ်ဆောင်ထားပါတယ်။

လှိုင်သာယာ၊ ရေဥက္ကံရပ်ကွက်တွင်းမှာ စစ်မှုထမ်းမဲပေါက်တယ်ဆိုပြီး ယောင်္ကျားလေးတွေကို ဆက်တိုက်ဆိုသလို ခေါ်ယူနေပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ညအချိန်ပိုင်းမှာ လူငယ်တွေကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ ဒီလို လုပ်ဆောင်တာဟာ စစ်မှုထမ်းဖို့အတွက် လူသစ်စုဆောင်းတာအပြင် ပြည်သူတွေဆီက ငွေကြေးရယူမှု အတွက်ကြောင့်လည်း ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၅ ရက်

ထိုင်းနိုင်ငံတွင်းမှာ ၂၀၂၅ ခုနစ် ဇန်နဝါရီလ (၁) ရက်ကစပြီး နိုင်ငံတစ်ဝှမ်းမှာ အခြေခံလုပ်ခလစာကို တိုးပေးလိုက် တာဖြစ်ပြီး အနိမ့်ဆုံး လုပ်အားခ ဘတ် ၃၃၇ ကနေ အများဆုံး ဘတ် ၄၀၀ အထိ ခရိုင်အလိုက် တိုးပေးထားတာ ဖြစ်ပါတယ်။

ကိုရီးယားနိုင်ငံမှာ ဝန်ဆောင်မှုလုပ်ငန်း အမျိုးအစားနဲ့ သွားရောက်လုပ်ကိုင်မယ့် အမျိုးသမီး အလုပ်သမားတွေရဲ့ အလုပ်လျှောက်လွှာတွေကို ဇန်နဝါရီလဆန်းမှာ စတင်လက်ခံသွားမယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက ထုတ်ပြန်ကြေညာပါတယ်။

ဒီဇင်ဘာ ၂၆ ရက်

စစ်ကောင်စီလက်ထက်မှာ ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့်နဲ့ ပတ်သက်ပြီး မူဝါဒတွေ အမျိုးမျိုး ထုတ်ပြန်နေပါ တယ်။ ဒီလို မူဝါဒမတည်ငြိမ်မှုကို အကြောင်းပြပြီး လေဆိပ်ကဝန်ထမ်းတွေက ငွေရပေါက်လမ်းကြောင်းတွေကို ဖန်တီးနေပြီး ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခတွေ ပေးနေပါတယ်။ “ပြည်ပထွက်ခွာလိုသူတွေအတွက် ရန်ကုန် လေဆိပ်ရဲ့ အိမ်မက်ဆိုး” ဆောင်းပါးမှာတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လုပ်ဆောင်နေတဲ့ ဖိနှိပ်မှုတွေကို ဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

ရွှေပြည်သာမြို့နယ်တွင်းမှာ အိမ်အကူအနေနဲ့ လုပ်ကိုင်တဲ့ အသက် (၁၅) နှစ်အရွယ် ကလေးလုပ်သားတစ်ဦးကို နံရိုးကျိုးတဲ့အထိ ရိုက်နှက်နှိပ်စက်မှု ဖြစ်ပွားခဲ့ပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ တရားဝင် အလုပ်လုပ်ခွင့် သက်တမ်းတိုးရာမှာ စက်ရုံတွေမှာ သက်တမ်းတိုးကြေးကို သုံးဆအထိ တိုးတောင်းလို့ တောင်းဆိုမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိမှာတော့ တောင်းဆိုမှု လုပ်ဆောင်ခဲ့တာကြောင့် စက်ရုံ (၁၀၀) ကျော်မှာ သက်တမ်းတိုးကြေးတွေ လျှော့ပေးလိုက်တာတွေ ရှိလာတယ်လို့ သိရပါတယ်။

Delo Myanmar အထည်ချုပ်စက်ရုံမှာ တစ်လမှာ တနင်္ဂနွေနှစ်ရက်သာ ပိတ်ပေးပြီး အချိန်ပိုတွေကို အလွန်အကျွံ ခေါ်နေပေမယ့် လုပ်ခလစာ တွက်ချက်ရာမှာ အချိန်ပိုကြေးကို အပြည့်အဝမရှင်းပေးဘဲ အကြွေးချန်တာကြောင့် အလုပ်သမားတွေ အခက်တွေ့နေပါတယ်။

ဒီဇင်ဘာ ၂၇ ရက်

စစ်အာဏာသိမ်းပြီးနောက်မှာ ပြည်ပနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်လိုသူ အရေအတွက်ဟာ သိသိသာသာ များလာပြီး ပြည်ပလုပ်သားစေလွှတ်ခွင့် လိုင်စင်ရယူသူ အရေအတွက်ဟာလည်း (၆၀၀) ကျော်ထိ ရှိလာပါတယ်။

စစ်ကောင်စီက အစိုးရရုံးပိတ်ရက်တွေနဲ့ အများပြည်သူ ရုံးပိတ်ရက်တွေရဲ့ ကြားရက်တွေကိုပါ  ဆက်တိုက်ပိတ်ပေးပြီး စနေနေ့ကို အစားထိုးရုံးတက်ရမယ်ပြီး  ထုတ်ပြန်ကြေ ညာထားပါတယ်။ ဒီကြေညာချက်ဟာ ပုဂ္ဂလိက စက်ရုံ၊အလုပ်ရုံတွေပါ အကျုံးဝင်တယ်လို့လည်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၈ ရက်

နှစ်သစ်ကူး ရုံးပိတ်ရက်ကြေညာမှု စက်ရုံအလုပ်ရုံ လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေကြားမှာ ရှုပ်ထွေးမှု ဖြစ်နေပြီး အလုပ်သမားတွေဟာ ဒီဇင်ဘာလ (၂၈) ရက်ထိ အလုပ်လုပ်ကိုင်ပေးနေရဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပုဂ္ဂလိက လုပ်ငန်းတွေဟာ စနေနေ့တွေပါ အလုပ်လုပ်ကိုင်ရတာဖြစ်ပြီး နှစ်သစ်ကူးပိတ်ရက်ခံစားခွင့်ကို ကြိုတင်မသိရှိတာကြောင့် (ဒီဇင်ဘာ ၃၀၊ ၃၁) ရက်တွေအတွက်ပါ အစားထိုးပြီး ကြိုတင်လုပ်ကိုင်ပေးခဲ့ရတာ ဖြစ်ပါတယ်။

Sinsay အမှတ်တံဆိပ်ချုပ်လုပ်တဲ့ စက်ရုံလုပ်ငန်းခွင်တွင်းမှာ အလုပ်သမားကို ကိုယ်ထိလက်ရောက် ကျူးလွန်ပြီး ခံစားခွင့် တစ်စုံတစ်ရာမပေးဘဲ အလုပ်က ထုတ်ပယ်လိုက်ပါတယ်။ ဒီဖြစ်စဉ်ကို သက်ဆိုင်ရာ ဦးစီးဌာနကို တိုင်ကြားမှု လုပ်ခဲ့ပေမယ့် ထိရောက်တဲ့ ဖြေရှင်းမှု လုပ်ဆောင်ပေးတာမရှိဘဲ ရဲစခန်းကနေ အမှုဖွင့် တရားစွဲဆိုမယ်ဆိုပါက စာထုတ်ပေးမယ်လို့ ပြောဆိုနေပါတယ်။

တပတ်တာ သတင်းအနှစ်ချုပ်ကို မမက စုစည်းပေးထားတာပါ။

Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews 

#MyanmarLabourNews


Related posts

Cover
တပတ်တာ ကုန်ဈေးနှုန်း စုစည်းချက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 31, 2026
Cover
စက်သုံးဆီ အကျပ်အတည်း နဲ့ တပတ်အတွင်း စျေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 23, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026