ရန်ကုန်မြို့ သာဓုကန်စက်မှုဇုန်ရှိ မိဘမေတ္တာအထည်ချုပ်စက်ရုံပိုင်ရှင်ဟာ စက်ရုံအတွင်းပစ္စည်းတချို့နှင့်အတူပျောက်ဆုံးနေခဲ့ပြီးမှ ယနေ့စက်တင်ဘာ ၁ ရက်နေ့မှာတော့ အလုပ်သမားတစ်ဦးလျှင် ခြောက်သောင်းစီနဲ့သာ ပြန်လည်ဖြေရှင်းပေးခဲ့တယ်လို့ သိရပါတယ်။
"အခုပြီးသွားပြီ။ သူဌေးထွက်ပြေးနေတယ်ဆိုတဲ့ကိစ္စပါ။ ခုသူတို့ပြန်လာဖြေရှင်းပေးပါတယ်။ ကျွန်တော်တို့ခုရုံးမှာပါ။ ကျွန်တော်တို့ကို သိန်း ၆၀ ချပေးပါတယ်။ ခွဲယူရတာပေါ့။ အလုပ်သမားတစ်ဦးကိုခြောက်သောင်းခွဲစီလောက်ပဲရပါတယ်။ အဲ့ဒါမှမယူရင်လည်း ဘာမှမရတော့ဘူးဆိုတော့ အလုပ်သမားတွေကလည်း ဒုက္ခရောက်မှာကြောက်တော့ ယူကြရတာပေါ့'' လို့ ယင်းစက်ရုံမှအလုပ်သမားတစ်ဦးကဆိုပါတယ်။
အဆိုပါစက်ရုံဟာ အလုပ်သမားတစ်ရာကျော်လောက်နဲ့ လည်ပတ်နေပြီး အဆိုပါလုပ်သားတွေကို ပုံမှန်ဒေးကြေးနဲ့ရှင်းမယ်ဆိုပါက အလုပ်သမားတစ်ဦးလျှင် အနည်းဆုံးတစ်သိန်းနှစ်သောင်းကျော်မှ အများဆုံးကတော့ နှစ်သိန်းကျော်ကျော် နှစ်သိန်းပတ်ချာလည်ရရမှာလို့ ဆိုပါတယ်။
အဆိုပါစက်ရုံဟာ လည်ပတ်နေရင်း စနေ၊ တနင်္ဂနွေ အလုပ်ပိတ်ရက်ပြီးလို့ တနင်္လာ နေ့စက်ရုံပြန်ဖွင့်ချိန် အလုပ်ရှင်ရောက်မလာတော့သလို စက်တချို့ပါမရှိတော့တာကြောင့် အလုပ်ရှင်ထွက်ပြေးသွားပြီလို့ သြဂုတ်လ ၂၆ ရက်က သိရှိခဲ့ရပြီး စက်တင်ဘာ ၁ ရက်နေ့မှာတော့ အခုလိုဖြေရှင်းလိုက်တာလို့ဆိုပါတယ်။
လက်ရှိမှာ ငွေကျပ်ခြောက်သောင်းကျော်သာရရှိခဲ့ပေမယ့် လတ်တလောအလုပ်အကိုင်မရှိတော့တာကြောင့် အဆိုပါအလုပ်သမားတွေက အလုပ်အကိုင်ရရှိဖို့ ပြန်လည်ရှာဖွေကြရအုံးမယ်လို့လည်း သိရပါတယ်။
MyanmarLabourNews









