ထိုင်းနိုင်ငံ ချောင်ဘူရီခရိုင်၊ စီရာချာမြို့နယ်ထဲက အဝေးပြေးလမ်းမကြီး တွင် မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ပစ်ကပ် ကားဟာ ကွန်တင်နာယာဉ်နဲ့ တိုက်မှု ဖြစ်ပွားပြီး ယာဉ်ပေါ်ပါရှိတဲ့ မြန်မာလုပ်သား၁၈ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထိုင်းသတင်းတွေ အရ သိရပါတယ်။
ဖေဖေါ်ဝါရီ ၇ ရက် ဒီကနေ့မနက် ပိုင်းမှာ ပင်ထောင် (၃) စက်မှုဇုန်အနီး မြန်မာအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ပစ်ကပ်ကားတစ်စီး ဟာ ရုတ်တရက် လမ်းကြောင်းပြောင်း မောင်းတာကြောင့် နောက်ကပါလာတဲ့ကွန်တိန်နာယာဉ်မှ တိုက်မိပြီး ဘေးကားတွေပါ ဆင့်ကဲယာဉ်တိုက်မှု ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။
ယာဉ်တိုက်မှုကြောင့် ပစ်ကပ်ကားပေါ် လိုက်ပါလာတဲ့ မြန်မာလုပ်သား အမျိုးသား၁၀ဦးနဲ့ အမျိုးသမီး၈ဦးတို့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကာ ကယ်ဆယ်ရေးအဖွဲ့တွေက ဒဏ်ရာရသူတွေကို အနီးနားက ဆေးရုံတွေကို အမြန်ဆုံး ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
ယာဉ်တိုက်မှုအရှိန်ကြောင့် ကွန်တိန်နာကား အရှေ့မျက်နှာစာ မှာ ထိခိုက်ပျက်စီးခဲ့သလို စုစုပေါင်း ယာဉ်၄စီး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာလုပ်သားတွေတင်ဆောင်လာတဲ့ ယာဉ်မောင်းဟာ အသက်၃၁နှစ်အရွယ် ထိုင်းနိုင်ငံသားဖြစ်ပြီး လတ်တလော မှာတော့ ရဲတပ်ဖွဲ့က သက်ဆိုင်ရာ ယာဉ်မောင်းအားလုံးကို စခန်းကိုခေါ်ယူပြီး အမှုမှန်ပေါ်ပေါက်ဖို့နဲ့ တရားဥပဒေအရ အရေးယူနိုင်ဖို့ အသေးစိတ် ဆက်လက်စစ်ဆေးနေတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
Ref-MGR Online









