ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှ တစ်ဆင့် အမျိုးသမီး လုပ်သားတွေ အပါအဝင် မြန်မာလုပ်သား ၁၂၀ကျော်ကို ယခု လအတွင်း စေလွှတ်ခဲ့တယ်လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မတ်လ၁၀ရက် နေ့ တွင် ဝန်ဆောင်မှုလုပ်သား အမျိုးသား (၇)ဦး၊ အမျိုးသမီး (၁၀)ဦး စုစုပေါင်း (၁၇)ဦး ကိုလည်းကောင်း၊မတ်လ၁၁ရက် တွင် ကုန်ထုတ်လုပ်သား (၇၂)ဦး နဲ့ စိုက်ပျိုးရေးလုပ်သား (၁)ဦး ကိုလည်းကောင်း၊မတ်လ၁၂ရက် တွင် Re-entry လုပ်သား၁ဦး ၊မတ်လ၂၅ရက်တွင် ကုန်ထုတ်လုပ်သား၂၉ဦး၊ဆောက်လုပ်ရေး လုပ်သား၁ဦး စုစုပေါင်း လုပ်သား ၁၂၁ဦး စေလွှတ်ခဲ့တယ်လို့ မြန်မာသံရုံး က ထုတ်ပြန် ထားပါတယ်။
စေလွှတ်လိုက်တဲ့ မြန်မာလုပ်သား များ အင်ချွှန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် အလုပ်သမား သံအရာရှိက ကြိုဆိုပြီး အလုပ်သမား များ သိရှိ လိုက်နာရမယ့် အချက်တွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။
တောင်ကိုရီးယား နိုင်ငံအနေနဲ့ မြန်မာအပါအဝင် နိုင်ငံပေါင်း၁၆နိုင်ငံ ကနေ EPS လုပ်သားတွေကို ခေါ်ယူနေတာ ဖြစ်ပြီး တောင်ကိုရီးယားသို့ မြန်မာအမျိုးသမီး လုပ်သားစေလွှတ်ခွင့်ကိုတော့ ၂၀၂၄ ခုနှစ်မှာ စတင်ခွင့်ပြုခဲ့ကြောင်း သိရပါတယ်။









