NEWS

တစ်ကတ်ကြေး ပွင့်လင်းမြင်သာမှုရှိဖို့ YUHUA အထည်ချုပ်စက်ရုံလုပ်သားတွေပြော

CoverLogo
788 Views

လှိုင်သာယာမြို့နယ် စက်မှုဇုန် ၃ နဝဒေးလမ်းမကြီးပေါ်က YUHUA အထည်ချုပ်စက်ရုံက အထည်ချုပ် အလုပ်သမားတွေကို တစ်ကတ်ကြေး (ticket) နဲ့ လုပ်ခလစာရှင်းပေမဲ့ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ အလုပ်သမားတွေက Myanmar Labour News ကို ပြောပါတယ်။ 

 

“ စက်ရုံက ချုပ်ထည်ကို ဘယ်လောက်ပေးတယ်ဆိုတဲ့ ဈေးနှုန်းလည်း ပြောတာမျိုးမရှိဘူး။ အလုပ်သမားတွေ မှာလည်း ချုပ်ခကို ဘယ်အထည်က ဘယ်လောက် ရတယ်ဆိုတာ မသိရဘူး။ ပေးသလောက်ပဲ ယူနေရတာ။ ကြီးကြပ်ရေးမှူးနဲ့ အဆင်ပြေတဲ့သူက တော်တော်ရနေတာမျိုးရှိတယ်။ ဒါကြေညာင့် ချုပ်ထည် အတွက် ဘယ်လောက်ပေးတယ် ၊အထည် ဘယ်လောက်ချုပ်ပြီးတယ်၊ ဒီအတွက် ဘယ်လောက်ရတယ်ဆိုတာမျိုး ပြောပြစေချင်တာ “ အလုပ်သမားတဦးက ပြောပါတယ်။

 

စက်ရုံက တရက်လုပ်ခ ၄၈၀၀ ကျပ်ကို ခုနှိမ်ပြီး ပိုတဲ့ အထည်ပေါ်မှာ တကတ်ကြေးနဲ့ ရှင်းပေးတာဖြစ် ပေမဲ့ အချိန်ပိုကိုတော့ နာရီနဲ့ပဲ ပေးချေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။  

 

YUHUA အထည်ချုပ်စက်ရုံမှာ ကြီးကြပ်ရေးမှူး (super) လေး ဦးနဲ့ အော်စူပါ (all super) တဦးရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အဲဒီထဲက ကြီးကြပ်ရေးမှူး (super) တချို့ကလည်း စက်ရုံအလုပ်သမားတွေ ရဲ့ လစငွေ အစွန်းတွေကို ဖြတ်တောက်ရယူနေတယ် အလုပ်သမားတွေ က ပြောပါတယ်။ 

 

“စူပါတွေမှာ လေးလိုင်းကိုင်တဲ့ စူပါကတော့ လစာအစွန်းထွက်တွေကို ဖြတ်တယ်လို့ စက်လိုင်းထဲက ကလေး တွေက ပြောတယ်။ စက်ရုံဘက်ကတော့ အဲလို အစွန်းထွက်တွေကို ဖြတ်တာမျိုးမရှိပါဘူး။ အလုပ်သမားဆိုတာ ကိုယ့် ပိုက်ဆံ ဖြတ်ယူထားတာမျိုး ဘယ်ကြိုက်မလဲ။ လိုင်းထဲမှာ စားတာ သောက်တာကို ဒီဖြတ်တဲ့ငွေပဲ သုံးမယ် ဆိုပြီး ပြောတယ်။ ဒါပေမဲ့ အဲလို ကိစ္စတွေရှိလာလည်း လိုင်းထဲက အလုပ်သမားတွေဆီက ထပ်ကောက်ပြန်တယ်။ ဖြတ်ထားတဲ့ ပိုက်ဆံကို သုံးတယ်ဆိုတာ မရှိဘူး ။ စက်ရုံကလည်းလစာကို စူပါတွေထက်ထဲ ထည့်လိုက်တော့ ဒီလို ပြဿနာတွေဖြစ်နေရတာ။ အလုပ်သမားတွေကတော့ လက်ထဲကို လစာငွေထည့်ပေးစေတယ်” လို့ လို့ ပြောပါ တယ်။ 

 

YUHUA စက်ရုံ လုပ်ငန်းခွင်အတွင်းမှာ ရိုင်းပျတဲ့ စကားလုံးတွေနဲ့ ဆဲဆို ခိုင်းစေနေတာတွေလည်း ရှိတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောဆိုပါတယ်။ 

 

စက်ရုံအတွင်း အောစူပါဆိုသူဟာ အထည်ချုပ် အလုပ်သမားတွေကို အထည်တွေချုပ်နိုင်ဖို့ ကောင်းကောင်းမွန်မွန် ပြောဆို ပြသတာတွေ မလုပ်ဘဲ ဆဲဆို ခိုင်းစေနေတာလို့ အလုပ်သမားတွေက ပြောပါတယ် ။  

 

“စက်ရုံမှာ အောစူပါက တယောက်တည်းရယ် ရိုင်းတာလဲ သူပဲ။ အထည်တွေ ချုပ်ခိုင်းရင် သေချာလည်း ပြ မပေးဘူး။ ဆဲဆိုပြီး ပြောတယ်။ အမှန်ဆို သူက သေချာပြပေးဖို့ တာဝန်ရှိတာ။ အဲဒါကို ကောင်းကောင်း မွန်မွန်မပြောဘဲ ဆဲပြီးပြောတော့ ။ အထည်ချုပ် မိန်းကလေးတွေ လူရှေ့အပြောခံရတော့ တချို့ဆို စက်မချုပ် နိုင်တော့ဘဲ့ ငိုယို ကြတယ်။ ပြန်မပြောရဲဘူး ဆိုတော့ ရှက်တာပေါ့။ စက်ရုံအုပ်ချုပ်သူတွေ မြင်လည်း မပြေဘူး။ အောစူပါကလည်း အလုပ်သမားပဲ တားမြစ်ပေးပေါ့ “ လို့ ပြောပါတယ်။ 

YUHUA စက်ရုံအလုပ်ချိန်ကတော့ မနက် ၈ နာရီကနေ ညနေ ၄ နာရီခွဲအထိ ဖြစ်ပေမဲ့ အလုပ်ဝင်ချိန်ကတော့ ၇ နာရီ ၄၅ မိနစ် ဖြစ်တယ်လို့ Myanmar Labour News ကို အလုပ်သမားတွေက ပြောပါတယ်။ 

 

“အလုပ်မဝင်မီ ၁၅ မိနစ်ဆိုရင် အစည်းအဝေး(Meeting) ဆိုပြီး စူပါတွေက အလုပ်သမားတွေက အရောက်လာ ခိုင်းတယ်။ အဲဒီ အစည်းအဝေး အမီမရောက်ဘူးဆိုရင်တော့ လူရှေ့မရှောင် ဆဲတော့တာဘဲ။ စက်ရုံတရုံးရှေ့ ဆဲတာဆိုတော့ ရှက်ကြတာ၊ တချို့ဆိုချုံးပွဲချ ငိုတာ။” အလုပ်သမားတွေက ပြောပါတယ်။

 

အဲ့ဒီအစည်းအဝေးဟာ တနေ့ လုပ်ကိုင်ရမဲ့ အစီအစဉ်တွေကို ပြောဆိုတာဖြစ်လို့ အလုပ်ချိန်အဖြစ် သတ်မှတ်ပေးဖို့ လိုလားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“အစည်းအဝေး အရေးကြီးတယ်ဆိုတာ အလုပ်သမားတွေက နားလည်ပါတယ်။ ဒါပေမဲ့ တခါတရံ နောက်ကြ တာကိုပဲ ဆဲဆိုတာပါ။ အဲဒီ အစည်းအဝေးကိုလည်း အလုပ်ချိန်လို့ သတ်မှတ် မထားဘူး။ ကိုယ်ပိုင် အချိန်ကနေ နုတ်လိုက်တာမျိုး။ တရက် ၁၅ မိနစ်ဆို တပတ် ဆို တစ်နာခွဲ ၊ တလဆိုရင် ခြောက် နာရီလောက် နုတ်ခံနေ ရတယ်။ အချိန်ပိုကြေး ၁၂၀၀ နဲ့ပဲ တွက်ကြည့် ကျပ် ၇၂၀၀ နစ်နာနေရတယ်” လို့ Myanmar Labour News ကို အလုပ်သမားတဦးက ရှင်းပြပါတယ်။ 

 

အလုပ်သမား ဝန်ကြီးဌာနက ပြောင်းလဲလိုက်တဲ့ လုပ်ခလစာအတိုင်း စက်ရုံဘက်က ပြောင်းလဲပေးချေလို့ ပြောဆိုတာကို အလုပ်သမားတွေကို တိုင်ပင် ဆွေးနွေးတာမရှိဘဲ YUHUA စက်ရုံက ကြီးကြပ်ရေးမှူးတွေက လက်ခံခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

 

“စက်ရုံမှာ တလလုံး အလုပ်ကောင်းမှ အချိန်ပို နာရီ ၆၀ တောင်မပြည့်ချင်ဘူး။ လက်ရှိလုပ်ခထက် မလျော့ဘူး ဆိုပြီး တိုင်ပင်တာမရှိဘဲ သူတို့က လက်ခံလိုက်တယ် ။ အလုပ်သမားတွေရဲ့ အကျိုး စီးပွားဆိုတော့ သူတို့ သဘောနဲ့ ဆုံးဖြတ်လို့မရဘူး။ တခြား စက်ရုံတွေက အရင်ရနေတဲ့ ၅၆၀၀ အတိုင်းပဲ ပေးချေတာတွေရှိတော့။ ကျွန်မတို့က အဲဒီ ၅၆၀၀ အတိုင်းပဲ လိုချင်တယ်။ စက်ရုံက တစ်ကတ်ကြေးဆိုတော့ ကျွန်မတို့က အိုတီမှာ နစ်နာ တာပေါ့။ အချိန်ပိုမှာ တစ်ကတ်ကြေး နှစ်ဆပေးမယ်ဆိုရင် လက်ခံနိုင်တယ်လေ “ လို့ အလုပ်သမားတဦးက ရှင်းပြပါတယ်။ 

စက်ရုံအတွင်း အသက်ငယ်ရွယ်တဲ့ ကလေးလုပ်သားတွေလည်း လုပ်ကိုင်နေပြီး အဲဒီကလေး လုပ်သားတွေ ကတော့ အမြဲတမ်းလုပ်သားတွေနဲ့အတူ လုပ်ကိုင်ကြရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

 

“ အသက် ၁၄ ၊ ၁၅ အရွယ်လေးတွေ စက်ရုံထဲမှာ အလုပ်လုပ်နေတာ အများကြီးရှိတယ်။ သူတို့ကတော့ စက်ရုံ အလုပ်သမားတွေအတူ အလုပ်ချိန်အတူတူလုပ်ရတယ်။ အတူတူလုပ်ရပေမဲ့ သူတို့ရတာက တရက် ၅၀၀၀ ပဲရ တယ်။ သူတို့လည်း အဆဲခံ အဆူခံပြီး လုပ်ကိုင်နေရတာ။ သူတို့ကိုလည်း လုပ်ခအတူ ပေးဖို့လိုပါတယ်။ ” လို့ ပြောပါတယ်။ 

 

YUHUA အထည်ချုပ်စက်ရုံက လုပ်ငန်းခွင်ညှိနှိုင်းဖြန်ဖြေရေးကော်မတီ (WCC) ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဖွဲ့စည်း ခဲ့ပေမဲ့ အလုပ်သမားတွေက ရွေးကောက်ခဲ့တာမဟုတ်ဘဲ စက်ရုံဘက်က ရွေးချယ်ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

 

YUHUA အထည်ချုပ်စက်ရုံကတော့ တရုတ်အမျိုးသားတဦးပိုင်ဆိုင်ပြီး အလုပ်သမား ၃၀၀ ဝန်းကျင်လောက်က ဂျပန် ကုန်အမှတ်တံဆိပ် ဆွယ်တာတွေကို ချုပ်လုပ်နေတယ်လို့ အလုပ်သမား တွေက ပြောကြားထားပါတယ်။

 

#MyanmarLabourNews


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026