NEWS

ညနက် အချိန်ပိုတွင် သေဆုံးခဲ့သည့် အလုပ်သမားအတွက် ဖူလုံရေးလျှော်ကြေးရရှိရေး ဆောင်ရွက်နေ

CoverLogo
493 Views
 
ညနက် အချိန်ပိုလုပ်ကိုင်ပြီး သေးဆုံးခဲ့တဲ့ အထည်ချုပ် စက်ရုံ စက်ပြင် အလုပ်သမား အတွက် လူမှုဖူလုံရေး လျော်ကြေးရဖို့ ဆက်လက် ဆောင်ရွက်နေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ သေဆုံးသူက HKW Hyatt Knitwear Co.,Ltd အထည်ချုပ် စက်ရုံမှာ စက်ပြင် အလုပ်သမားအဖြစ် လုပ်ကိုင်နေသူ အသက် ၂၈ နှစ်အရွယ် ကိုအောင်ကျော်ကျော် ဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။
 
“ စက်ရုံ အောနိုက်ဆိုတာ ည ၁၁ နာရီအထိ ဆင်းရတယ်။သူ့အမျိုးသမီးလည်း အဲ့စက်ရုံကပဲ ။ သူ့အမျိုးသမီးက မနက် အိမ်ပြန်သွားတယ်။ အလုပ်ဆင်းဖို့ ပြန်လာတော့ အောင်ကျော်ကျော် က ဆုံးနေပြီ ။ စက်ရုံကတော့ နာရေးအတွက် ထောက်ပံ့ထားတယ်။ သူရဲ့ ဒီစက်ရုံလုပ်သက်က ၆ လ မပြည့်ဘူးဆိုပြီး ဖူလုံရေး တင်ပေးမရဘူး ပြောတာ ရှိတယ်။ ဒါပေမဲ့ ဖူလုံရေးကြေးကို ၂၀၁၈ ကတည်းက သူ သွင်းလာတာ။ ဒီအတွက် ဆောင်ရွက်ပေးဖို့ ရှိပါတယ်။” လို့ အလုပ်သမားအရေး ဆောင်ရွက်ပေးသူ တဦးက ပြောပါတယ်။
 
လှိုင်သာယာမြို့နယ်အတွင်း ညမထွက်ရ အမိန့် ရှိတာကြောင့် စက်ရုံတွေမှာ အောနိုက်အောလင်း ဆင်းရတိုင်း လုပ်ငန်းခွင်အတွင်းမှာပဲ ဖြစ်သလို အိပ်စက်ကြရတယ်လို့ အလုပ်သမားတွေက ပြောဆိုကြပါတယ်။ ကိုအောင်ကျော်ကျော်က စက်ရုံလုပ်ငန်းခွင်မှာ သေဆုံးခဲ့တာဖြစ်ပြီး စက်ရုံလုပ်သက် ၆ လ ဆိုပေမဲ့ လူမှုဖူလုံရေးအတွက် စက်ရုံဘက်က ဆောင်ရွက်ပေးရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
 
“သူ့တာဝန်က စက်လိုင်းတွေ အချိန်ပိုဆင်းရင် သူပါလိုက်ဆင်းရတဲ့ အနေအထားပါ။ ပြီးတော့ လုပ်ငန်းခွင်အတွင်း မဖြစ်မနေ အိပ်ခဲ့ရတယ်။ စက်ရုံကလည်း အောနိုက် အိုတီတွေ ခေါ်နေတာက ကြာနေပြီ။ လုပ်သက် ဘယ်လောက် ရှိရှိက စက်ရုံဘက်က လူမှုဖူလုံရေးအတွက် ဆောင်ရွက်ပေးဖို့ တာဝန်ရှိနေတာ.” လို့ အလုပ်သမားအရေး ဆောင်ရွက်ပေးသူ တဦးက ပြောပါတယ်။
 
ကိုအောင်ကျော်ကျော်က အိမ်တောင်ရှင် တစ်ဦး ဖြစ်ပြီး အသက် နှစ်နှစ်အရွယ် သားတယောက် ရှိတယ်လို့ သိရပါတယ်။ အမျိုးသမီးဖြစ်သူနဲ့ စက်ရုံတူလုပ်ကိုင်နေပြီး လုပ်ငန်းခွင်အတွင်း အရပ်မြင့်မားသူဖြစ်လို့ အရှည်ကြီးလို့ လူသိများတယ်ဆိုပါတယ်။ အောနိုက် အလုပ်ဆင်းနေတာ ၁၀ ရက် ကျော် ရှိနေပြီး အမျိုးသမီး ဖြစ်သူက ညနက်အချိန်ပို ဆင်းပြီး မနက်အစောပိုင်းမှာ နေအိမ်ကိုပြန်သွားလို့ ကိုအောင်ကျော်ကျော် သေဆုံးတာကို နောက်ကျမှ သိခဲ့ရတယ်လို့ လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။ အသက် မသေဆုံးမီ မနက်သုံးနာရီ ဝန်းကျင်လောက်မှာ ကိုအောင်ကျော်ကျော် ဖုန်းသုံးနေတာကို နောက်ဆုံး တွေ့ခဲ့ရတယ်လို့လည်း ပြောပါတယ်။
 
“ဆေးရုံကတော့ နှလုံးအစို့ရှင် ပိတ်သွားတာလို့ ပြောတယ်။ သွေးပေါင်ကျတယ်။ အောနိုက်တွေ ဆင်းပြီး စက်ရုံမှာ ဖြစ်သလို ဝယ်စား၊ ဖြစ်သလို အိပ်ဆိုတော့ လူလည်း အတော်ပိန်နေတာ။ စက်ပြင်ဆိုတော့ အချိန်ပိုဆို ဆင်းနေ ရတာများတယ်” လို့ ကာယကံရှင် မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
HKW Hyatt Knitwear Co.,Ltd ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၅ ၊ သံလွင်းလမ်းနဲ့ ဧရာလမ်းဒေါင့်မှာ ရှိပြီး အမျိုးသမီးဝတ် အထည်တွေ ချုပ်လုပ်နေပါတယ်။ စက်ရုံ တိုးချဲ့ဖို့ ပြင်ဆင်နေပြီး အဲဒီ ပြင်ဆင်နေတဲ့ စက်ရုံသစ်ထဲမှာ ကိုအောင်ကျော်ကျော်က သေဆုံးခဲ့တာလို့ လုပ်ဖော်ကိုင်ဖက်တွေက ပြောဆိုပါတယ်။
 
ဒီကနေ့ ဇူလိုင် ၂၁ ရက် မနက်ပိုင်းမှာ ကိုအောင်ကျော်ကျော်တို့ နောက်ဆုံးနေထိုင်ခဲ့တဲ့ လှိုင်သာယာမြို့နယ်၊ ၁၅ ရက်ကွက်၊ စကားဝါလမ်းက အဆောင်မှာ ရက်လည်ဆွမ်းကပ် တရားနာ ကျင်းပ ခဲ့တယ်လို့လည်း ဆိုပါတယ်။
ကိုအောင်ကျော်ကျော်ရဲ့ အရိုးပြာကို ဇာတိနေရာအထိ မိဘဖြစ်သူတွေက ပြန်သယ်သွားပြီး အမျိုးသမီးဖြစ်သူ မှာလည်း အလုပ်ကနေ နုတ်ထွက်သွားပြီလို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။
 

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026