NEWS

စစ်အုပ်စုက ILO ကို ပြန်လည်ချေပနိုင်ရေး ဟန်ပြလုပ်ဆောင်ချက်တွေသာ ပြုလုပ်နေ

CoverLogo
634 Views

အာဏာသိမ်းစစ်တပ်က အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အကြံပြုချက်တွေ ကို အမှန်တကယ် ပြင်ဆင်လုပ်ဆောင်တာမရှိဘဲ ဟန်ပြလုပ်ရပ်တွေကိုသာ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင်က ပြောပါတယ်။ 

လက်ရှိမှာ အဓမ္မစစ်မှုထမ်းခိုင်းတာ၊ အလုပ်ရှင်၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်တာနဲ့ လူ့အခွင့်အရေး ချိုးဖောက်တာ တွေ လုပ်ဆောင်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ILOရဲ့ အ​ခြေခံဥပ​ဒေ Article 33 အရ အလုံးစုံ စီးပွားရေးပိတ်ဆို့မှုနဲ့ အရေးယူနိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့  ILO ညီလာခံ ဆုံးဖြတ်ချက်အရ မြန်မာ စစ်အုပ်စု အနေနဲ့ ILO သတ်မှတ်ချက် ၈၇ နဲ့ ၂၉  လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှုနဲ့ အဓမ္မ လုပ်အားခိုင်းစေမှုနဲ့ပတ်သက်ပြီး မလိုက်နာတဲ့အတွက်ကြောင့် ကမ္ဘာအလုပ်သမား အဖွဲ့ချုပ် အခြေခံဥပဒေရဲ့ အပိုဒ်  ၃၃ (Article 33) အရ ဆောင်ရွက်ဖို့အတွက်  မူကြမ်းရေးဖို့ ILO ညွှန်ကြားရေးမှူးချုပ်ကို ILO ရဲ့အုပ်ချုပ်မှုကော်မတီကနေပြီးတော့ တာဝန်ပေးလိုက်တာဖြစ်ပါတယ်။

“သူတို့က အခုလည်း ပြင်ဆင်နေပါတယ်။ ဒါပေမယ့် ပြင်ဆင်ရမယ့် အချက်တွေကို မပြင်ပါဘူး။ မယောင်တာကို ဆီလူး နေတာပါ။ ဝန်ကြီးဌာနက မယောင်တာ ဆီလူးနေတာပါ။ ဥပမာ အလုပ်သမားတွေကို အတင်းသမဂ္ဂဖွဲ့ခိုင်းတယ်။ CTUM အဖွဲ့ချုပ်လို အဖွဲ့တွေထဲဝင်ပြီးတော့ လုပ်ပါလားလို့ ပြောတယ်။ ဘာလို့လဲဆိုတော့ သူတို့က သုံးပွင့်ဆိုင်အနေနဲ့ရှိတာ ပြချင်တာ။ အမှန်တကယ်က စက်မှုဇုန်တွေမှာ အလုပ်သမားအငြင်းပွားမှု မရှိဘူး။ အချိန်ပိုတွေကို မတရားခေါ်တာ မရှိဘူး။ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားတာကို သူဘာသာ ဖြေရှင်းတာ မဟုတ်ဘဲ လက်နက်ကိုင်အဖွဲ့အစည်းမပါဘဲ။ နောက်ဆက်တွဲ အရေးယူတာ မရှိဘဲ ဖြေရှင်းနိုင်တာမျိုး လုပ်ပေးရမှာကို မလုပ်ပေးဘဲနဲ့ စက်ရုံတစ်ရုံက မန်နေဂျာကို ခေါ်ပြီးတော့ အလုပ်သမား (၄၀၀) ကျော်လောက်နဲ့ Article 33 မလိုချင်ဘူးပြောတယ်။ လူလေးရာကျော်နဲ့ ပြောနေတာက ဘာအဓိပ္ပာယ်ရှိမှာလဲ။ အလုပ်သမားသမဂ္ဂတွေ အတင်းဖွဲ့ခိုင်းတာက ဘာအဓိပ္ပာယ် ရှိမှာလဲ။ ဒီလိုအပေါ်ယံနဲ့ လုပ်လို့မရဘူး။ စနစ်ကိုပြင်မှရမယ်ဆိုတာ နားလည်ဖို့ လိုပါတယ်”လို့ သူက ပြောပါတယ်။

စစ်ကောင်စီကို ILO က အလုံးစုံ စီးပွားရေးပိတ်ဆို့မှု အောင်မြင်ခဲ့ပါက နိုင်ငံတွင်းသို့ စီးဆင်းနေတဲ့ နိုင်ငံခြားငွေကြေး အားလုံး ကို  ဖြတ်တောက်နိုင်မှာဖြစ်ပါတယ်။ (၂၀၀၀) ခုနှစ်ကလည်း   မြန်မာစစ်တပ် ဦးဆောင်တဲ့ စစ်အုပ်ချုပ်ရေးလက်ထက်မှာ  ILO က မြန်မာနိုင်ငံကို  အာတီကယ် -၃၃ အရ ပထမဆုံးအကြိမ် အရေးယူခဲ့ဖူးပါတယ်။ 

“ဘယ်လောက်ပဲပြင်ပြင် CDM လုပ်တဲ့လူလေးသိန်းကျော်ကို အလုပ်ပြန်ခန့်မလား၊ ခန့်ပါခန့်ဖို့ လိုပါတယ်။ ဒါကစာရင်းဇယား ရှိပါတယ်။ နောက်အဓမ္မစစ်မှုထမ်းဖို့ထုတ်တဲ့ဥပဒေ အဲဒီဥပဒေကို ပိတ်မလား ရပ်လိုက်မလား။ အဲဒါမျိုးတွေ လုပ်မှသာ စစ်အုပ်စုက တကယ်ပြင်ဆင်တာ ဖြစ်ပါလိမ့်မယ်။  ကိုသက်နှင်းအောင်ကိုဖမ်းတာ လွှတ်မလား၊ သမဂ္ဂခေါင်းဆောင်တွေကို ဝရမ်းထုတ်တာတွေ ရုတ်သိမ်းမလားလုပ်ပါ။ ဒါတွေလည်း မလုပ်ပါဘူး။ တကယ်လုပ်ရမယ့်ကိစ္စတွေကို ILO ထဲမှာ တစ်ခုစီ ရေးထားပါတယ်။ အဲဒီအတိုင်းအလုပ်ဘဲ ပတ်ချာလည်ပြီးတော့ စက်ရုံကလူတွေကို ပြောခိုင်းတဲ့ကိစ္စ လှိုင်သာယာ ရွှေပြည်သာ ကနောင်ခန်းမတွေမှာ အလုပ်သမားတွေ စုပြီးတော့ သမဂ္ဂဖွဲ့ကြ CTUM  လိုလုပ်ကြဆိုတာ ပြင်ဆင်တာ မဟုတ်ပါဘူး။ အချိန်ကုန်တာပါ”လို့ ဦးမောင်မောင်က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ ပြည်တွင်းမှာ အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံရတာတွေ ပိုများလာသလို အဓမ္မ ခိုင်းစေတာတွေကလည်း ပိုမိုဆိုးရွားလာတာပဲ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို အလုပ်သမားဝန်ကြီးဌာနကလည်း အရေးယူပေးတာ မရှိဘဲ လျစ်လှူရှုနေတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်ပ နိုင်ငံတွေ မှာ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ အနေနဲ့ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခြင်းခံရပါက အေဂျင်စီနဲ့အလုပ်သမား ချုပ်ဆိုတဲ့ EC စာချုပ်သက်တမ်း ပြည့်ချိန်မှာ မပျက်မကွက် မိခင်နိုင်ငံကို ပြန်လာပြီး စစ်မှုထမ်းရမယ်လို့ အေဂျင်စီနှင့်အလုပ်သမားအကြားချုပ်ဆိုရတဲ့ သဘောတူစာချုပ်ထဲမှာ အလုပ်သမားဝန်ကြီးဌာနက  ထပ်တိုးထည့်ထားပါတယ်။


Photo- စစ်အုပ်စု ​ခေါင်း​ဆောင်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံရှိစက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာစဥ်။

 


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026