စစ်အာဏာသိမ်းမှု တစ်နှစ်အကြာမှာတော့ ကပ်ရောဂါကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှု အပိုင်းမှာလည်းအင်တိုက်အားတိုက်လုပ်ဆောင်တာတွေ မရှိတော့ဘူးလို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။
ကိုဗစ်ကာလ ပထမပိုင်းမှာတော့ ကူးစက်မှုလျော့ကျစေဖို့ အင်တိုက်အားတိုက် ပူးပေါင်းလုပ်ဆောင်ခဲ့ကြပေမယ့် လက်ရှိမှာတော့ ကြိုတင်ကာကွယ်မှုအပိုင်းမှာတောင် စစ်အစိုးရဘက်ကရော အလုပ်ရှင်တွေဘက်ကပါ လုပ်ဆောင်ပေးနိုင်တာ မရှိဘူးလို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ လုံခြုံရေးခေါင်းစဉ်တပ်ပြီး ဖမ်းဆီးအရေးယူနေတာတွေကလွဲရင် နိုင်ငံသားတွေရဲ့ မည်သည့် အခန်းကဏ္ဍတွေကိုမှ လုပ်ဆောင်ပေးနေတာ မရှိဘူးလို့ Solidarity of Trade Unions Myanmar ရဲ့ ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးက ဆိုပါတယ်။
STUM အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးက
"သူတို့ လုပ်နေတာကတော့ လုံခြုံရေးပေါ့၊မြေပြင်ပေါ်မှာ သူတို့ စိုးမိုးလို့ရဖို့အတွက် ဖောက်ခွဲဖျက်ဆီးရေးတွေ ဘာတွေ လိုက်ပြီးတော့လုပ်နေတာပဲတွေ့တယ်၊ အစိုးရတစ်ရပ်အနေနဲ့ လုပ်ရမယ့် ဒီနိုင်ငံသားတွေနဲ့ ပတ်သက်တဲ့ ယန္တရားတွေကို ဘာမှ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နိုင်နေတာ မတွေ့ဘူး"လို့ သုံးသပ်ပါတယ်။
အလုပ်ရှင်တွေဘက်က အလုပ်သမားအခွင့်အရေး တွေ အပေါ်မှာ ချိုးဖောက်လာတဲ့နောက် အလုပ်သမားတွေ ဒုက္ခရောက်နေပေမယ့် စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားရေးရာဝန်ကြီးဌာနက ဝန်ထမ်းတွေကလည်း ကိုင်တွယ် ဖြေရှင်းပေးတာ မရှိဘူးလို့ ဆိုပါတယ်။
CDM လုပ်ထားတဲ့ အခြေအနေမရှိပဲ ရုံးတက်နေကြသူတွေအနေနဲ့လည်း စိတ်ပါလက်ပါ ဖြေရှင်းပေးနေတာ မရှိဘူးလို့ ၎င်းက ပြောပါတယ်။
စက်မှုလုပ်ငန်းရှင်တွေအနေနဲ့ ရင်းနှီးမြှုပ်နှံဖို့ အခြေခံလိုအပ်ချက်တွေ မရနိုင်တာ၊လုံခြုံမှုမရှိတာ၊စက်ရုံမီးရှို့ခံရတာ၊ခြိမ်းခြောက်ခံရတာတွေ အမြတ်အစွန်းမရနိုင်တော့တဲ့အခြေအနေတွေ ဖြစ်ပေါ်လာပြီးနောက်မှာတော့ ပြည်ပရင်းနှီးမြှုပ်နှံသူတွေဟာ ထွက်ခွာသွားကြမှာဖြစ်ပြီး အလုပ်လက်မဲ့နှုန်းထားကလည်း ပိုမိုဆိုးဝါးလာနိုင်တယ်လို့ ဆိုပါတယ်။
ရရာအလုပ်ဝင်လုပ်ကြမယ့် အလုပ်သမားတွေအနေနဲ့လည်း ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှုတွေ ပိုမိုများပြားလာနိုင်တယ်လို့ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ အစိုးရ CDM ဝန်ထမ်းတွေအတွက်တင်မက ပုဂ္ဂလိက CDM ဝန်ထမ်းတွေအတွက်ကိုလည်း ထည့်သွင်းစဉ်းစားထောက်ပံ့ပေးနိုင်ဖို့လိုတယ်လို့ STUM ရဲ့ ဒါရိုက်တာက ဆိုပါတယ်။
STUM ရဲ့ ဒါရိုက်တာ ဒေါ်မျိုးမျိုးအေး က "တခုခု မျှော်လင့်ချက်နဲ့ လုပ်ကြတာတော့မဟုတ်ပါဘူး၊တိုင်းပြည်နဲ့ပတ်သက်လို့ အားလုံးထွက်ပြီးတော့ ရုန်းကြမယ်ဆိုတဲ့စိတ်နဲ့ ရုန်းကြတာပေါ့နော်၊ဒီလို အနေအထားမျိုးမှာ NUG အစိုးရအနေနဲ့ ဒါကိုလည်း စဉ်းစားပြီးတော့ လုပ်သင့်တယ်လို့ ကျွန်မက မြင်တယ်၊ တဆက်ထဲမှာပဲ NUCCကိုလည်းပြောသွားချင်တယ်၊ဘာလဲဆိုတော့၊ အားလုံးပူးပေါင်းပါဝင်ဖို့ ဒီလို အချိန်မျိုးမှာပေါ့တော်လှန်ရေး အင်အားစုတွေ၊ သပိတ်အင်အားစုတွေ အကုန်ပါဝင်ဖို့ကို NUCC အနေနဲ့ ဘာလို့ ကန့်သတ်ထားတာတွေရှိနေတာလဲ၊ ဘာဖြစ်လို့ တိုင်းရင်းသားလို့ပြောပြီးတော့ federal လို့ပြောပြီးတော့ ဟိုလူမပါနဲ့ ဒီလူမပါနဲ့ဆိုတဲ့ အနေအထားတွေ ဘာလို့ NUCC မှာ ရှိနေတာလဲပေါ့လေ၊ တကယ်ဆိုရင် အားလုံးပါဝင်ဖို့အတွက် လက်ကမ်းထားရမယ်၊ အကုန်ပါဝင်တဲ့ ပလက်ဖောင်းတစ်ခုကို တည်ဆောက်ထားဖို့လိုအပ်တယ်၊ ဒီအချိန်မှာ ကန့်သတ်ထားတာတွေဟာ သိပ်ပြီးတော့ စည်းခြားထားသလို ဖြစ်တယ်ပေါ့နော်၊ ဒါ မလုပ်သင့်ဘူးလို့ မြင်တယ်"လို့ ပြောပါတယ်။
နိုင်ငံရေးအခြေအနေကြောင့် စက်ရုံလုပ်သားတွေရဲ့ အလုပ်လက်မဲ့နှုန်းထားတွေတိုးလာသလို စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုတွေကြောင့် သတ္တုတွင်းနဲ့ ရေနံမြေဘက်က အလုပ်လက်မဲ့ ဖြစ်သွားသူတွေရဲ့ အရေးကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့လိုတယ်လို့ ၎င်းက ပြောပါတယ်။
လက်ရှိ အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်အတွင်း ဖိနှိပ်ခံရမှုတွေ များပြားလာတာနဲ့ ပတ်သက်ပြီး အလုပ်သမားတွေနဲ့ ဆက်သွယ် မေးမြန်းဖို့ကြိုးစားပေမယ့် အလုပ်သမားအများစုကတော့ မဖြေကြားရဲကြောင်း ငြင်းဆန်ခဲ့ကြပါတယ်။
မန္တလေးတိုင်းအတွင်းမှာ တစ်နှစ်ကြာ ရပ်နားထားတဲ့စက်ရုံတစ်ခုကနေ လစာမရရှိတော့ပဲ အလုပ်က ရပ်နားခံထားရတဲ့ စက်ရုံအလုပ်သမတစ်ဦးကတော့ အခြားလုပ်ငန်းတွေ ရရှိဖို့လည်း အင်မတန်ခက်ခဲတယ်လို့ ဆိုပါတယ်။
ခေါ်ယူတဲ့ အလုပ်တချို့ကလည်း နှစ်ချီတဲ့အထိ အလုပ်လုပ်ပေးဖို့ စာချုပ်ချုပ်ဆိုရမှာဖြစ်ပြီး စာချုပ်ကိုဖောက်ဖျက်ပါက ငွေကျပ် သိန်းဆယ်ချီ လျော်ကြေးပေးရမှာ ဖြစ်ကာ အလုပ်သမားတွေဟာ ရရာအလုပ်တွေ ဝင်လုပ်ကာ ပိုမိုကြပ်တည်းလာကြတယ်လို့ ၎င်းကပြောပါတယ်။
"ဒီပြင်စက်ရုံတွေကလည်း လက်မခံသေးဘူး၊တချို့ဆို သွားလျှောက်ကြတာလေ၊ လျှောက်ကြတော့ သူတို့စက်ရုံတွေကလည်း လူတွေက လောက်နေတော့ကျတော့လေ၊ နောက်ထပ်လည်း လူသစ်တွေ မခေါ်ကြဘူး"လို့ အဆိုပါ အလုပ်သမက ပြောပါတယ်။
လက်ရှိမှာတော့ အလုပ်လက်မဲ့နေကြတဲ့ အစိုးရဝန်ထမ်းတွေနဲ့ ပုဂ္ဂလိက ဝန်ထမ်း အလုပ်သမားတွေဟာ တော်လှန်ရေးမှာ ပါဝင်ရင်း ပြည်သူ့အစိုးရ အာဏာရလာမယ့်အချိန်ကို စောင့်မျှော်နေကြတာဖြစ်ပြီး ပြည်သူ့အစိုးရတက်လာပါက အလုပ်ကိုပိုမိုလုပ်ကိုင်ကာပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေလုပ်ဖို့ စိတ်အားထက်သန်နေကြဆဲဖြစ်ပါတယ်။
ရေနံတွင်း လုပ်ငန်းတစ်ခုကနေ CDM လုပ်ထားတဲ့ ဝန်ထမ်းတစ်ဦးကတော့ "နောင်တချိန်မှာ ကျွန်တော်တို့က နိုင်ခဲ့ပြီးသွားတာနဲ့ NUG ကပဲ အစိုးရဖွဲ့မယ်ပေါ့နော်၊NUCC နဲ့ NUG နဲ့ အစိုးရဖွဲ့မယ်ဆို အလုပ်သမားအခွင့်အရေးဆိုတာတော့ တန်းတောင်းဆိုလို့ရမှာ မဟုတ်ဖူး၊ဒီအပျက်ကြီးကို ကျွန်တော်တို့က ပြင်ရဦးမှာ၊ ပြင်ရဦးမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့က ကိုယ့်တိုင်းပြည်အတွက် ၊ပိုတောင်မှ အလုပ်ချိန်တွေ ပေးဆပ်ရလိမ့်မယ်၊ကျွန်တော်တို့ကတော့ အဲ့လိုပဲ မြင်တယ်ပေါ့နော်" လို့ ယင်းကပြောပါတယ်။