NEWS

စစ်အာဏာသိမ်းမှု တစ်နှစ်ကြာပြီးနောက် အထက်မြန်မာပြည်က အလုပ်သမားများအခြေအနေ ပိုမိုကြပ်တည်းလာ

CoverLogo
1.7K Views

စစ်အစိုးရရဲ့ အာဏာသိမ်းမှု တစ်နှစ်ပြည့်ပြီးတဲ့နောက်မှာတော့ အထက်မြန်မာပြည်က အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်အခက်အခဲတွေဟာ ပိုမိုဆိုးဝါးလာတဲ့အခြေအနေအထိ ရောက်ရှိလာပါတယ်။

အလုပ်သမားအရေးလှုပ်ရှားတဲ့အဖွဲ့အစည်းတွေ၊ တရားဝင်မှတ်ပုံတင်ထားတဲ့အဖွဲ့အစည်းတွေ၊ မှတ်ပုံ တင်မထားပဲ လွတ်လွတ်လပ်လပ်လုပ်နေတဲ့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူအများစုဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီး မကြာခင်မှာပဲ ဆန့်ကျင်ဆန္ဒပြခဲ့ကြကာ စစ်အစိုးရရဲ့ ဖမ်းဆီးမှုတွေကြောင့် တိမ်းရှောင် ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။

တချို့ သမဂ္ဂခေါင်းဆောင်တွေဟာ ဖမ်းဆီးခံရမှုကြောင့် အကျည်းထောင်ထဲမှာပဲ ရှိနေသေးသလို တချို့ကလည်း နေအိမ်ကိုပါစွန့်ခွာထွက်ပြေးရတဲ့ အထိ ဖြစ်နေပြီး အလုပ်သမားထုကြီးရဲ့ အရေးကို ကူညီဖြေရှင်းပေးနိုင်မယ့်သူ မရှိတော့ပဲ အလုပ်သမားအများအပြားဟာ လုပ်ငန်းခွင်အတွင်း ဖိနှိပ်မှုတွေ အောက်မှာ ကူကယ်ရာမဲ့ အနေအထားကိုရောက်ရှိနေကြတာလည်း ဖြစ်ပါတယ်။

အလုပ်သမား သမဂ္ဂခေါင်းဆောင်တွေ မရှိတော့သလို အခြေခံအလုပ်သမားတွေဟာ ဥပဒေပါ ခံစားခွင့်တွေကိုတောင်မှ မတောင်းဆိုရဲတော့တဲ့အခြေအနေတွေ ရှိလာပြီး လတ်တလောအနေအထားတွေပေါ်မူတည်ကာ စက်ရုံတွေဘက်က အကြပ်ကိုင်ခံလာတာတွေလည်း ရှိတယ်လို့ Myanmar Labour News ရဲ့ မေးမြန်းမှုတွေ အရသိရပါတယ်။

"ဘာလဲဆိုတော့ မင်းတို့တွေ ငြိမ်ငြိမ်နေကြနော်၊ ငြိမ်ငြိမ်မနေရင် သမဂ္ဂနဲ့ အပတ်အသက်အဆက်အနွယ် ရှိတဲ့သူတွေ၊ ဒါမှမဟုတ်ရင်ဆန္ဒပြထားတုန်းကပါတယ်ဆိုတဲ့အကြောင်း social mediaမှာ ရှိထားတဲ့သူတွေဖြစ်တဲ့အတွက် စက်ရုံကို တစ်ခုခု တိုင်မယ် တောမယ်ပြဿနာရှာမယ်ဆိုရင် မင်းတို့တွေကို တိုင်မယ်ဆိုတာ‌မျိုးတွေပေါ့လေ၊ ဒါမျိုးတွေ ကျွန်တော်တို့က တော်တော်များများကြုံနေရတာတွေရှိတယ်၊ ပြီးတော့ အဲ့လိုအခြေအနေတွေနဲ့ဆက်စပ်ပြီးတော့ အတင်းအဓမ္မ ခိုင်းစေခံရတာတွေပေါ့"လို့ MICS ရဲ့ ဗဟိုအလုပ်အမှုဆောင် တစ်ဦးကပြောပါတယ်။

ယခင်ကတော့ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်၊ ခံစားပိုင်ခွင့်တွေနဲ့ပတ်သက်ပြီး အလုပ်ရှင်အထိ တိုက်ရိုက် ပြောကြား  ညှိနှိုင်းတောင်းဆိုခွင့် ရခဲ့ကြပေမယ့် လက်ရှိမှာတော့ စီမံခန့်ခွဲသူ(မန်နေဂျာ) အဆင့်ကတောင် လိုက်လျောပေးမှု မရှိတော့တာမျိုး ကြုံတွေ့လာရတယ်လို့ ဆိုပါတယ်။

" တနေ့က (Silent Strike)လိုမျိုး ရက်တွေမှာ၊ ဒါမှမဟုတ် သူတို့ခွင့်တင်ချင်တဲ့ရက်တွေမှာ အလုပ်သမားတွေက ခွင့်တင်ဖို့ရှိတယ်၊ သပိတ်မှောက်ခွင့်ရှိတယ်၊ စက်ရုံတောင်မှ အလုပ်မဆင်းချင်ရင် သပိတ်မှောက်ခွင့်ရှိတယ်၊၊ဒါပေမယ်လို့ အခုအခြေအနေမှာကျ အဲ့လိုမျိုး အခွင့်အရေးတွေက အလုပ်သမားတွေမှာလည်းမရှိတော့ဘူး၊ တနေ့ကဆိုလို့ရှိရင် စက်ရုံမပိတ်ဖူး၊ အလုပ်က ဆင်းရမယ်၊အလုပ်မဆင်းပဲနဲ့ ခွင့်ယူတယ်ဆိုရင် ခွင့်မပေးဘဲနဲ့ တိုင်ခံရမယ်ဆိုတဲ့ အနေအထားမျိုးတွေထိတောင် ကျွန်တော်တို့ကို တိုင်လာတာတွေရှိတယ်"လို့ MICS ရဲ့ ဗဟိုအလုပ်အမှုဆောင်က ပြောပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် အလုပ်လက်မဲ့နှုန်းများပြားလာသလို အလုပ်သမားတွေရဲ့ အလုပ်လိုအပ် နှုန်းနဲ့ အလုပ်ရရှိနိုင်မှု နှုန်း ကွာဟလာချိန်မှာတော့ အလုပ်သမားတွေဟာ ရရာအလုပ်မှာပဲ ခေါင်းငုံ့သည်းခံပြီး လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေကြရတဲ့ အနေအထားမျိုး ဖြစ်လာတယ်လို့ ဆိုပါတယ်။အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တချို့ဆိုရင် အခြေခံလစာနှုန်းထားပင် မရရှိပဲ တနေ့ကို ၁၈ နာရီခန့် အလုပ်လုပ်ကိုင်နေကြရတာတွေ ရှိလာတယ်လို့ သိရပါတယ်။

အလုပ်သမား သမဂ္ဂတွေ ဖျက်သိမ်းဖို့အထိတော့ ဖိအားပေးတာတွေ မရှိသေးပေမယ့် စစ်ကောင်စီရဲ့ အလုပ်သမားရေးရာဝန်ကြီးဌာနအနေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေကို ပြန်ပြီး မှတ်ပုံတင်ကြဖို့နဲ့ အလုပ်အမှုဆောင်စာရင်းတွေ ပေးပို့ဖို့ တောင်းဆိုလာတာရှိတယ်လို့လည်း သိရပါတယ်။

အလုပ်သမားသမဂ္ဂတွေရဲ့ ဆိုင်ရာမြို့နယ်အလိုက် အလုပ်သမားကိုယ်စားလှယ်အများစုလည်း မရှိကြတော့တဲ့အတွက် သုံးပွင့်ဆိုင် ဖြေရှင်းရေးကိစ္စတွေ ရှိလာခဲ့ရင်လည်း မျှတမှု ရှိလာအောင် ဖြေရှင်းပေးကြမှာ မဟုတ်ဖူးလို့ အလုပ်သမား အရေးဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

ဒီကာလအတွင်း အလုပ်သမားတွေရဲ့အခက်အခဲတွေနဲ့ပတ်သက်ပြီး အလုပ်သမားအရေးကူညီဖြေရှင်းပေးတဲ့အဖွဲ့အစည်းတွေထံ တစ်လလျှင်တိုင်ကြားမှု ၂၀မှုခန့်အထိ ရှိတယ်လို့လည်း သိရပါတယ်။

"ပြဿနာက ဘာလဲဆိုတော့ ကျွန်တော်တို့လည်း ရုံးလိုက်ရှင်းလို့ မရဘူး၊ ကျွန်တော်တို့ လုံခြုံရေးက ရှိသေးတာကိုး၊ အဲ့ဒီကျ ကျွန်တော်တို့ဘက်က ဘယ်လိုလုပ်ပါဆိုတာမျိုးပဲ သူတို့တွေကို ညွှန်ကြားပေးနိုင်တာမျိုးပဲရှိတယ်၊ ကျွန်တော်တို့ကိုယ်တိုင်က မြေပြင်လိုက်ရှင်းပေးလို့ မရဘူးပေါ့နော်၊ တော်တော်လေး အဆင်မပြေပါဘူး မြေပြင်မှာက၊ ဘာဖြစ်လို့လဲဆိုတော့ အလုပ်သမားတွေက ရုံးတွေတိုင်တာတောင်မှ ဥပဒေက ချိုးဖောက်ခံရမြဲ ချိုးဖောက်ခံနေရတာပဲ"လို့ MICS ရဲ့ ဗဟိုအလုပ်အမှုဆောင်က ဆိုပါတယ်။

လက်ရှိ နိုင်ငံရေးအကြပ်အတည်းတွေကြောင့် အထက်မြန်မာပြည်က လုပ်ငန်းအများအပြားဟာ ကောင်းကောင်းလည်ပတ်နိုင်ခြင်းမရှိတော့ပဲ အလုပ်သမားဦးရေ လျှော့ချလာတဲ့အတွက် အထက်မြန်မာပြည်မှာတော့ အလုပ်သမားအားလုံးရဲ့ ခန့်မှန်း ၂၀ ရာခိုင်နှုန်းခန့်ဟာ အလုပ်လက်မဲ့ဖြစ်နေပြီလို့ MICS ထံက သိရပါတယ်။

နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့်သွားလာရေး ခက်ခဲလာပြီး ကူးသန်းရောင်းဝယ်ရေးမှာ ပုံမှန်အတိုင်းလည်ပတ်နိုင်ခြင်း မရှိကြတော့ဘူးလို့ သိရပါတယ်။

လျှပ်စစ်မီးပုံမှန် မရရှိတော့သလို စက်ရုံကြီးတွေ အနေနဲ့လည်း ကုန်ထုတ်လုပ်မှု လျော့ကျလာခဲ့ပြီး အထက်မြန်မာပြည်မှာတော့ စက်ရုံတွေ ပိတ်မသွားပေမယ့် လုပ်ငန်းရပ်ဆိုင်းထားတာမျိုးတွေနဲ့ အလုပ်သမားတွေကို လျှော့ချလိုက်တာတွေ ဖြစ်လာတယ်လို့ သိရပါတယ်။

အဲ့ဒီလို အခြေအနေတွေဟာ စက်ရုံကြီးတွေတင် မက အလတ်စားနဲ့ အသေးစား လုပ်ငန်းတွေအထိ ရိုက်ခတ်နေတာလည်း ဖြစ်ပါတယ်။

"အလုပ်လက်မဲ့နှုန်းတွေက ဒီအတိုင်းသာဆက်သွားရင် များလိမ့်မယ်ပေါ့၊အခြေအနေက ပြန်ကောင်းသွားလို့ ရင်းနှီးမြှုပ်နှံမှုတွေဘာတွေ ပြန်ဝင်လာမယ်ဆိုတာမျိုး ထိမ်းသွားရင်တော့ ကောင်းနိုင်တာပေါ့လေ၊ မဟုတ်ပဲနဲ့ ဒီအနေအထားအတိုင်းသား ဆက်သွားရင်အဆိုးဘက်ကို အများကြီး ဦးတည်နေတယ်"လို့ အလုပ်သမားအရေးလှုပ်‌ရှားနေသူတစ်ဦးက ပြောပါတယ်။
 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026