NEWS

စက်မှုဇုန်လုပ်ငန်းခွင်ကို ကျောခိုင်းနှုတ်ဆက်ခဲ့ရတဲ့ လုပ်သားများ

CoverLogo
1.4K Views

စစ်အာဏာသိမ်းပြီးနောက်ပိုင်းဆိုးရွားတဲ့ လုပ်ငန်းခွင်အခြေအနေတွေကြောင့်လုပ်ငန်းခွင်ကိုစွန့်ခွာခဲ့ရတဲ့စက်မှု့ဇုန်လုပ်သားတွေတနေ့တခြားများပြားလာပါတယ်။

စက်ရုံတွေမှာ အော်ဒါနည်းပါးမှုအကြောင်းပြချက်နဲ့ တရားမဝင်လူလျော့တာတွေအပါအဝင် နည်းလမ်းအမျိုးမျိုးနဲ့ လုပ်သားအင်အားလျော့ချမှုတွေကြောင့် အလုပ်အကိုင်တည်မြဲမှုအာမခံချက်မရှိတော့တဲ့ အနေအထားကိုတွေ့မြင်နေရတာပါ။

ဒီထဲမှာစက်မှု့ဇုန်လုပ်သားဟောင်းကိုအောင်တယောက်လဲပါဝင်ပါတယ်။

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်ရှိစက်မှု့ဇုန်နားက လက်ရှိသူလုပ်ကိုင်တဲ့စက်ဘီးပြင်ဆိုင်လေးက လကုန်ပြီးစကာလတွေမှာစက်ဘီးချိန်းလဲတဲ့သူ၊ ဖာထေးပြုပြင်တဲ့သူတွေနဲ့စည်ကားလို့နေပါတယ်။

အဲ့ဒီလိုစည်ကားနေသလိုစက်ဘီးပြင်တဲ့လူငယ်တဦးဟာလဲစက်ဆီအထပ်ထပ် ချေးအထပ်ထပ်ပေနေတဲ့အဝတ်အစားနဲ့ရေပင်မသောက်နိုင်အောင်ပဲမအားမလပ်ဖြစ်နေပါတော့တယ်။

"ဒီလိုရက်တွေဆိုလူတအားကျတာသူတို့လစာထုတ်ရက်တွေဆိုကျတော်တို့တွေထမင်းတောင်မစားရဘူးသူတို့ကတစ်လတစ်ခါသူတို့ဘီးလေးတွေလာရွှိုင်းကြတယ်"လို့ ကိုအောင် ကပြောပါတယ်။

အမှန်တော့ကိုအောင်ဟာအရင်ကစက်မှု့ဇုန်လုပ်သားတဦးပါ။

စစ်အာဏာသိမ်းပြီးနောက်ရတဲ့လစာ၊ အခွင့်အရေးတွေဟာနည်းပါးလွန်းလှတဲ့အတွက်သူဟာ ၇ နှစ်နီးပါလုပ်လာတဲ့လုပ်ငန်းခွင်ကိုစွန့်ခွာဖို့ဆုံးဖြတ်ချက်ချခဲ့ရပါတယ်။

"ရတဲ့လစာကတဖြည်းဖြည်းနဲ့ တပဲခြောက်ပြားဖြစ်လာတယ်ဗျာ အဲ့ဒါနဲ့ခုစက်ဘီးပြင်ဆိုင်လေးမှာဝင်လုပ်ရတာပဲနယ်လဲမပြန်ဖြစ်တော့ဘူး"လို့ ကိုအောင်ကဆက်ပြောပါတယ်။

သူလုပ်ကိုင်တဲ့ရေသန့်စက်ရုံတခုကနေထွက်ပြီးနောက်ပိုင်းကိုအောင်တယောက်နယ်ကိုမပြန်ဖြစ်တော့ဘဲ အခုလိုစက်ဘီးပြင်ဆိုင်လေးတခုမှာနေ့စားအဖြစ်ပညာလဲသင်ရင်းဝင်လုပ်ဖြစ်ခဲ့တာလို့ပြောပြပါတယ်။

"ဒီမှာကတစ်ရက်ငါးထောင်လဲဟုတ်တယ်တသောင်းလဲဟုတ်တယ်ဗျ ာစက်ရုံမှာကျွန်လိုလုပ်ရမှတရက် ၄၈၀၀ ရတာအဲ့တုန်းက ခုဆိုပိုဆိုးနေပြီလို့ဘော်ဒါတွေပြောတယ်"

ကိုအောင်လိုလူငယ်တဦးအတွက်တော့ရန်ကုန်မြို့မှာကျရာအလုပ်ကြုံရာအလုပ်လုပ်မှပဲ စားဝတ်နေရေးအတွက်ရပ်တည်လို့ရမှာပါ။

သူ့လို့နယ်ကလာတဲ့လူငယ်တဦးအတွက်ရန်ကုန်ကရွေးချယ်စရာသိပ်များများစားစားမပေးခဲ့ပါဘူး။

"အမေတို့ကတော့နယ်မှာ စက်ရုံမှာလုပ်တုန်းကတော့သူတို့ကပြန်ပေးနေရတယ်ခုတော့ကိုယ်ကမထောက်နိုင်ပေမယ့်သူတို့ပေးစရာတော့မလိုတော့ဘူးပေါ့"

အဆောင်လခရေဖိုးမီးဖိုးတွေတောက် လျှောက်တက်လာတဲ့ကြားကပဲ စက်ရုံတွေဖက်ကပေးတဲ့လုပ်ခလစာဟာနည်းပါးလာတဲ့အတွက်ကိုအောင့်လိုစက်မှု့ဇုန်တွေကိုကျောခိုင်းခဲ့ရသူတွေများပြားလာပါတယ်။

စစ်အာဏာသိမ်းပြီးကာလအတွင်းယခင်သတ်မှတ်ထားတဲ့လုပ်သားတဦးအတွက်တရက်လုပ်ခလစာ ၄၈၀၀ ကျပ်ပေးတဲ့စက်ရုံတွေရှားပါးလာတဲ့အပြင်ပေးတဲ့ စက်ရုံတွေကလဲလုပ်သားတွေအပေါ်လုပ်အားမတန်တဆရယူဖို့ကြိုးစားလာကြတယ်လို့လုပ်သားတွေက 
Myanmar Labour News  ကိုပြောပါတယ်။

"ကျမကတော့အိမ်မှာမော်တာလေး တစ်လုံးဝယ်ပြီးအပ်ထည်တွေယူချုပ်လိုက်တယ် ဒါပေမယ့်အခုမီးကလဲမလာတော့ထင်သလောက်မရဘူး စိတ်တော့ချမ်းသာရတယ်"လို့အထည်ချုပ်စက်ရုံတစ်ခုကထွက်ပြီး ကိုယ်ပိုင်ချုပ်နေတဲ့အလုပ်သမတဦးကပြောပါတယ်။

အခုလိုကျွမ်းကျင်လုပ်သားတွေ၊ စက်မှု့ဇုန်တွေမှာရှိတဲ့စက်ရုံတွေမှာလုပ်ကိုင်လိုတဲ့အလုပ်သမားရှားပါးလာတဟာ အာဏာသိမ်း စစ်ကောင်စီနဲ့စက်ရုံလုပ်ငန်းရှင်တွေရဲ့လုပ်သားတွေအပေါ်ဖိနှိပ်မှု့တွေကြောင့်လို့ဆိုရမှာပါ။

ဒါကိုလဲအလုပ်သမားအများစုကတညီတညွတ်ထဲသဘောတူပါတယ်။

"ခုဟာကဘာမှညှိမရပြုမရတဲ့အခြေအနေလုပ်ချင်သလိုကိုလုပ်နေတာဆိုတော့ အလုပ်သမားတွေဖက်ကအစစအရာရာစိတ်ညစ်ညူးနေရတယ် အလုပ်ကပင်ပန်းတာတဖက် သူတို့ကစိတ်ပင်ပန်းအောင်လုပ်တာကတဖက်ဆိုတော့ဘယ်သူမှမလုပ်ချင်တော့ဘူးထွက်တဲ့သူတွေကိုအများကြီးပဲ"လို့လက်ရှိရွှေပြည်သာစက်မှု့ဇုန်ထဲကအထည်ချုပ်စက်ရုံတခုမှာလုပ်ကိုင်နေတဲ့အလုပ်သမားတဦးကဆိုပါတယ်။

ဒါ့အပြင်ယခင်စက်ရုံရဲ့လုပ်သားသမဂ္ဂတွေမှာပါဝင်တဲ့ခေါင်းဆောင်တွေပါဝင်သူတွေရဲ့ကိုယ်ရေးအချက်အလက်တွေကိုစက်ရုံတွေဖက်ကသိမ်းဆည်းထားတဲ့အပြင် စစ်တပ်ခေါ်ပြီးဖမ်းဆီးခိုင်းတာတွေကြောင့်သမဂ္ဂခေါင်းဆောင်သူတွေဖမ်းဆီးခံရသလိုတချို့လဲလုပ်ငန်းခွင်ကနေထွက်ပြေးတိမ်းရှောင်ကြရပါတယ်။

ကျန်နေခဲ့တဲ့သမဂ္ဂအဖွဲ့ဝင်တွေကိုလဲစက်ရုံဖက်ကအပစ်ရှာပြီးအလုပ်ထုတ်တာ ဖိအားပေးတာတွေကြောင့်ယခင်သမဂ္ဂအဖွဲ့ဝင်တော်တော်များများဟာယခုအချိန်အထိလုပ်ငန်းခွင်ထဲပြန်ဝင်ရောက်ခွင့်မရတော့တဲ့အခြေအနေပါ။

"အဏာသိမ်းပြီးနောက် ၆ လပိုင်းလောက်မှာသပိတ်တွေမှာပါတဲ့သူတွေကိုသူတို့ကိုအလုပ်ဝင်တုန်းကပေးထားတဲ့ကိုယ်ရေးအချက်အလက်တွေနဲ့ ခြိမ်းခြောက်လာတယ် အဲ့မှာပဲတော်တော်များများပြေးခဲ့ရတယ် ကျမဆိုလဲခုထိလုပ်ငန်းခွင်ထဲပြန်မရောက်တော့ဘူး"လို့အထည်ချုပ်စက်ရုံတခုရဲ့သမဂ္ဂအဖွဲ့ဝင်ဟောင်းတဦးက MLN ကိုပြောပါတယ်။

Myanmar Labour News ရဲ့အလုပ်သမားများကိုဆက်သွယ်မေးမြန်းချက်တွေအရစစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆိုးဆိုးဝါးဝါးပြောင်းလဲလာတဲ့လုပ်ငန်းခွင်အခြေအနေတွေကြောင့်လုပ်ငန်းခွင်ကိုစွန့်ခွာခဲ့ရတဲ့လုပ်သားသောင်းဂဏန်းမကရှိနေပါပြီ။

ဒါကတော့လုပ်ငန်းခွင်ကိုစွန်ခွာခဲ့သူလုပ်သားအရေအတွက်ခန့်မှန်းတွက်ချက်မှု့သာရှိပြီးစက်ရုံမီးလောင်ပြီးပိတ်လိုက်တာတွေ၊ အော်ဒါမရှိလို့ ဥပဒေမဲ့ရပ်နားလိုက်တဲ့စက်ရုံတွေကလုပ်သားတွေကိုထည့်ပေါင်းလိုက်ရင်ဒီ့ထက်မကများပြားလာနိုင်ပါတယ်။

"ကျမတို့ဆိုကျူးမှာပထမအိမ်လေးနဲ့နေတာပေါ့ ခုသူတို့ကျူးတွေရှင်းလိုက်တော့အဆောင်တွေမှာနေရတယ် နေမကောင်းဖြစ်ရင်တောင်ဆေးဝယ်သောက်ဖို့ချိန်ဆနေရတဲ့အချိန်မှာအဆောင်လခပါထပ်ပေးရတော့ တော်တော်များများပြန်ကုန်ပြီရတဲ့လစာကလည်းတပဲခြောက်ပြားကိုး"လို့လှိုင်သာယာစက်မှု့ဇုန်ထဲမှာလုပ်ကိုင်နေတဲ့အလုပ်သမားတဦးပြော​ပါတယ်။

ကိုဗစ်ကာလ မတိုင်ခင်က နယ်ကလာရောက်လုပ်ကိုင်သူများပြားလို့ အဆောင်မှာလူပြည့်အခန်းပြည့် ငှားခဲ့ရမှုက  ခုချိန်မှာတော့ နယ်ကိုပြန်လည်ပြောင်းရွှေ့သွားကြလို့ငှားနေတဲ့လူသိပ်မကျန်တော့ဘူးလို့ စက်ရုံလုပ်သားတွေအတွက် အဆောင်ဖွင့်လှစ်ထားသူတစ်ဦးက ဆိုပါတယ်။

ယခုလိုထပ်မံဆိုးဝါးလာတဲ့လုပ်ငန်းခွင်အခြေအနေတွေ၊ စက်ရုံနဲ့စစ်ကောင်စီတပ်တွေ၊ လက်ဝေခံတွေရဲ့ ဖိနှိပ်မှု့တွေရည်ရှည်နေမယ်ဆိုရင်ဒီ့ထက်မကသော လုပ်သားတွေဟာလုပ်ငန်းခွင်တွေကနေဆက်လက်ထွက်ခွာဖို့ပဲရှိတော့မယ်လို့လဲအလုပ်သမားရေးကျွမ်းကျင်သူတချို့သုံးသပ်ပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026