ပြည်ပကနေခွင့်ပြန်လာတဲ့ လုပ်သား တွေ အပေါ် စစ်ကော်မရှင်က မူဝါဒ မျိုးစုံ ချမှတ်ပြီး လုပ်သား များ ပြန်လည်ထွက်ခွာ မှုကို ပိုမိုတင်းကြပ်စွာ လုပ်ဆောင်လာတယ်လို့ ခွင့်ပြန် လုပ်သားတွေ ထံမှ သိရပါတယ်။
ယခင်က PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ လုပ်သားတွေမှာ OWIC ကတ် ရှိပါက မြန်မာနိုင်ငံသို့ အချိန်မရွေး ဝင်ထွက် ခွင့်ရနေရာမှ ပြည်ပပြန်ထွက်ခွင့် ကို email ဖြင့် လျှောက်ထားပြီး မှ ထွက်ခွင့်ပြုမယ်လို့စစ်ကော်မရှင် ဘက်မှ စတင် သတ်မှတ်လာပါတယ်။
ထပ်မံ ပြီး ပြည်ပထွက်ခွင့်ကို email ကတစ်ဆင့် ပို့လို့မရတော့ဘဲ နေပြည်တော်ရှိ အလုပ်သမားရုံးကို စာတိုက်ကတစ်ဆင့်လျှောက်ထားဖို့ ညွှန်ကြားလာသလိုပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံ ကတ်ပြား(OWIC)တွင် ပါရှိတဲ့ နိုင်ငံ ၊လုပ်ငန်းနေရာ ၊အလုပ်ရှင် နဲ့ လက်ရှိ လုပ်နေတဲ့ နိုင်ငံ၊လုပ်ငန်းနေရာ၊အလုပ်ရှင် တို့ မတူပါကလည်း ထွက်ခွာခွင်မပေးဘူးလို့ သိရပါတယ်။
""အခုလ ၂၆ ရက် နောက်ပိုင်းကစပြီး PJ ပတ်စပို့ ၊ Owic card ရှိလဲ မိမိ လုပ်ထားတဲ့ Owic card ထဲမှာပါတဲ့ နိုင်ငံနဲ့ အလုပ်ရှင် အမည်နဲ့ အလုပ် ဝေါ့ပါမစ်အကုန်ကွက်တိ အမည် ထပ်တူမှန်ကန်နေမှ ပြည်ပထွက်ခွင့် ချပေးတယ် အဲ့ အချက်အလက် တွေ မတူ လို့ ပြန်ထွက်ခွင့်မရ တဲ့ သူတွေ အတော်လေး များတယ် အကုန်ခက်ခဲ ကုန်တာပေါ့ တကယ်ဆို အကြောင်းအမျိုးမျိုးနဲ့ အလုပ်သမားက အလုပ်ပြောင်းခဲ့ရင် owicကတ်ပါ ချိန်းဖို့ ကို သံရုံး တွေမှာ လုပ်ခွင့်ပေးထား ကြိုတင် အသိပေးကြေညာထားလေ အခု ခွင့်နဲ့ ပြန်လာ တဲ့ လ ပိုင်း လေးကျမှ OWIC ကတ်မှာပါတဲ့ အလုပ်နဲ့ အခု လုပ်နေတာ မတူလို့ ထွက်ခွင့်မပေးဘူး ဆိုတာမျိုးက ပြည်ပ ပြန်ထွက်လို့မရအောင် သက်သက် လုပ်တာလို့ မြင်တယ်""လို့ ခွင့်ပြန်လုပ်သားတစ်ဦးကပြောပါတယ်။
ဒါ့အပြင် စစ်ကော်မရှင် လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စာရွက်စာတမ်း အထောက်အထားအချက်အလက် စုံလင်ပေမယ့် တစ်ဖက်နိုင်ငံရှိ လုပ်ငန်းရှင်သို့မဟုတ် HR တို့ကို အလုပ်သမားဝန်ကြီးဌာနက ဖုန်းဖြင့် ဆက်သွယ်ပြီး ၎င်းအလုပ်ရှင်သို့မဟုတ် HR ရဲ့ မှန်ကန်ကြောင်း ပြောကြားမှ ပြည်ပ ပြန်လည်ထွက်ခွင့်ပြု သဖြင့် အလုပ်ရှင်နဲ့ အဆက်သွယ်မရလို့ဆိုကာ ပြည်ပ ထွက်ခွင့် ပြန်လည်တင်ပြရတဲ့ ခွင့်ပြန် လုပ်သား များလည်း ရှိတယ်လို့ သိရပါတယ်။
""စာရွက်စာတမ်း စုံတော့လည်း သူဌေး တို့ HRက လူတွေကို ဖုန်းဆက်မရလို့ဆိုပြီး ထွက်ခွင့်မပေးဘူး ကိုယ်တွေမှာ ပြန်တင်ရတယ် စက်ရုံက မန်နေဂျာ ကိုလည်း ဖုန်းခေါ်ရင် ဖုန်းလေးကိုင်ပေးဖို့ တောင်းပန်ထားရတယ် ကိုယ့်နိုင်ငံ မိသားစု ကို သတိရလို့ ခွင့်ယူပြီး ပြန်လာတာ မိသားစု ဘေး အေးဆေးမနေရဘူး ပြန်ထွက်ခွင့်မရ မှာ စိုးလို့ လိုက်လုပ် နေရတာ
အတော်လေးသောကရောက်ရတယ်""လို့ ခွင့်ပြန်လုပ်သားတစ်ဦးကပြောပါတယ်။
အခုလို စစ်ကော်မရှင် ဘက်မှ အမျိုးမျိုး တင်းကြပ် တာခံရတဲ့ ခွင့်ပြန် လုပ်သား တွေ အပေါ်မသမာသူအချို့က ပြည်ပထွက်ခွင့် အတွက် ငွေကြေးလိမ်လည်တာတွေရှိသလို ၊ဌာနဆိုင်ရာ ဝန်ထမ်းတွေ ဘက်မှ လည်း ငွေကြေးတောင်းပြီး ခွင့်ပြုပေးတာတွေ လည်းရှိနေတယ်လို့ သိရပါတယ်။









