ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ နာဟုန်ရင်ရပ်ကွက်တွင်ရှိသော (ကြေးအဟောင်းဖြုတ်စက်ရုံ)တွင် အလုပ်လုပ်ကိုင်နေသော (CI)ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမား ကိုဇော်မိုးသည်စက်ရုံမှ ကြေးပိုက်များခိုးယူသည်ကို ဖမ်းမိခဲ့သော်လည်း ဥပဒေနှင့်အညီအရေးမယူဘဲ စက်ရုံလုံခြုံရေးနှင့်တရုတ်များက ဝိုင်းဝန်းနှိပ်စက်သည်ကိုမကျေနပ်သောကြောင့်အလုပ်သမားများဆန္ဒပြခြင်းဖြစ်ပွားခဲ့ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရပါတယ်။
ကိုဇော်မိုးသည်အဆိုပါစက်ရုံတွင်အလုပ်လုပ်နေသည်မှာ ၇ လကျော်ပြီဖြစ်ပြီး အောက်တိုဘာ ၁၄ရက်ညနေအလုပ်ပြန်ချိန် ယမ်းဂိတ်တွင် လုံခြုံရေးမှစစ်ဆေးရာ လွယ်အိတ်ထဲမှ ကြေးပိုက်များဖမ်းမိခဲ့ပြီး လုံခြုံရေးမှ ကိုဇော်မိုးဦးအား ဂုတ်မှဆွဲကာ ထိုးနေစဥ် စက်ရုံမှတရုတ်နှစ်ယောက်နှင့် အပြင်မှတရုတ်၁ယောက်မှာလည်း လုံခြုံရေးနှင့်အတူ ဝိုင်းဝန်းထိုးကြိတ်ကြပြီး နောက် သံကြိုးနှင့်တုတ်ထားကာ သံတုံးများကိုလည်ပင်းအားဆွဲထားခဲ့ကြောင်းသိရပါတယ်။
"ခိုးတဲ့အမှုကတော့ခိုးတဲ့အမှုပေါ့။အထိုးအကြိတ်ခံရတာနဲ့ပတ်သက်ပြီးတော့သူ့ကိုဆေးရုံတင်ထားတယ်။သူခန္ဓာကိုယ်ကိုဓာတ်မှန်ရိုက်ဘာညာစစ်ဆေးတာပေါ့။အဲ့ဒါတော့သူလျော်ကြေးရမှာပေါ့။အပြင်ပစ္စည်းခိုးတာနဲ့စက်ရုံပစ္စည်းခိုးတာမတူဘူး။ထောင်သုံးနှစ်ကနေငါးနှစ်အထိကျခံရနိုင်တယ်။သူခိုးတာလည်း ငါးကီလိုထိုင်းဘတ်ငွေနှစ်ထောင်နီးပါးဘဲရှိပါတယ်"လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ခေါင်းဆောင်ကိုမုန်တိုင်းက Myanmar Labour News ကိုပြောပါတယ်။
ကိုဇော်မိုးနှင့်အတူပစ္စည်းများအားဖမ်းမိသော်လည်း ရဲစခန်းသို့တန်းမပို့ဘဲ ဝိုင်းဝန်းနှိပ်စက်သည်ကို မကျေနပ်သဖြင့် အလုပ်သမားများမှ ဆန္ဒပြရာ ညနေ ၆ နာရီ အချိန်တွင် ရဲစခန်းမှတာဝန်ရှိသူများ ရောက်ရှိလာပြီး ကိုဇော်မိုးနှင့်အတူ စက်ရုံမှ တရုတ်(၂ )ယောက်အား ထိန်းသိမ်းရန်ည ၈ နာရီ အချိန်တွင် ဖမ်းဆီးသွားကြောင်းသိရပါတယ်။
အဆိုပါအမှုနှင့်ပတ်သက်ပြီး အလုပ်သမားများမှ တရားဥပဒေနှင့်အညီ မဖြေရှင်းပေးဘဲ ညှင်းပန်းနှိပ်စက်သောကြောင့် တရားမျှတမှုရအောင်တွတ် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံလာသောကြောင့် အောက်တိုဘာ ၁၄ ရက် ညဆယ်နာရီအချိန်တွင်အမှုကိုလက်ခံခဲ့ကြောင်းသိရပါတယ်။