NEWS

ကုန်ဈေးနှုန်းဆက်တိုက်မြင့်တက်လာလို့ အလုပ်သမားတွေပိုမိုခက်ခဲလာ

CoverLogo
527 Views

ပြည်တွင်းအလုပ်သမားတွေရဲ့ အခြေခံလုပ်ခလစာကို ပြောင်းလဲမှုမရှိဘဲ ထောက်ပံ့ကြေးအဖြစ်   ကျပ်တစ်ထောင်ကိုသာ နှစ်ကြိမ်ဆက်တိုက်တိုးပေးလိုက်ပြီးနောက်မှာ ကုန်ဈေးနှုန်းတွေဆက်တိုက်မြင့်တက်လာလို့ အလုပ်သမားတွေဟာ စား၀တ်နေရေးပိုလို့ပင်ခက်ခဲလာတယ်လို့ သိရပါတယ်။ 

"လောက်တယ်လည်းမဟုတ်ပါဘူး။ ကုန်ဈေးနှုန်းတွေကတစ်ဖြေးဖြေးတက်နေတာ။ အမြဲတမ်းတက်နေတာ။ တိုးတာကတစ်နေ့နှစ်ထောင် တစ်လလုံးမှခြောက်သောင်းလောက်ပဲတိုးတယ်။ အဲ့တာနဲ့အဆင်မပြေပါဘူး။ အခန်းခကတင် ၆သောင်းခွဲနှစ်ယောက်နေရတယ်"လို့ အလုပ်သမားတစ်ဦးကဆိုပါတယ်။  

မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်ကတည်းက အတည်ပြုသတ်မှတ်ပေးခဲ့တဲ့ အနိမ့်ဆုံးလုပ်ခလစာတစ်နေ့လုပ်ခ ၄၈၀၀ ကျပ်ကို  ပြင်ဆင်သတ်မှတ်ပေးတာမရှိပါဘူး။ စစ်အာဏာသိမ်းပြီးနောက်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေရဲ့ ရိုက်ခတ်မှုဒဏ်တွေကို  အလုပ်ချိန်  တနာရီ ၆၀၀ကျပ်နှုန်းနဲ့ တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်သာရနေတဲ့ အခြေခံအလုပ်သမားတွေက  သုံးဆကနေ  ငါးဆလောက်အထိ ရင်ဆိုင်နေရတယ်လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေကထောက်ပြမှုတွေရှိပါတယ်။

"လစာကတော့ အတိုးပြတယ်ပေါ့။ ကုန်ဈေးနှုန်းတွေကလည်း လိုက်တိုးတာပဲ။မထူးဘူး။ ကိုယ်ကခြွေတာရတယ်။ ပိုက်ဆံကစုဖြစ်တယ်လို့မရှိဘူး။ အိမ်ကိုပေးရတာနဲ့ကိုယ်တွေသုံးတဲ့အသုံးစရိတ်နဲ့ စားရတာမကိုက်ဘူး။ ကုန်ဈေးနှုန်းတွေကလည်းတိုးတာ  ဆန်တို့ဆီတို့ဆိုကြောက်စရာ။  ဆီငါးဆယ်သားတစ်ဗူးကိုအရင်က သုံးထောင်။ ခု ငါးထောင်တောင်ပေးရတယ်။လစာတိုးလည်းတိုးတိုး ကုန်ဈေးနှုန်းတွေကဆက်တိုက်တက် နေတော့အဆင်မပြေကြဘူး။ စားနိုင်လောက်ပဲရှိတယ်။ အင်္ကျီတွေလည်း၀ယ်မ၀တ်နိုင်ဘူး။ ကုန်ဈေးနှုန်းကလည်းတက်တော့  စားစရိတ်နဲ့တင်ကုန်ရော" လို့ စက်မှုဇုန်လုပ်သား အမျိုးသမီး တစ်ဦးကပြောပါတယ်။

လက်ရှိမှာ စက်မှုဇုန် အခြေခံလုပ်သားတွေရဲ့ လစာဝင်ငွေဟာ အချိန်ပိုအပါအဝင် ၄ သိန်း ဝန်းကျင် ရရှိပေမယ့် အများစုကတော့ ၃ သိန်း ပတ်ချာလည်မှာရှိနေပြီး  ဒီထက်လျှော့နည်း ရရှိတဲ့အလုပ်သမားတွေ စားဝတ်နေရေး ဖြေရှင်းဖို့ မလောက်ငှမှုတွေ ဖြစ်ပေါ်နေတာပါ။ 

"အနည်းဆုံးအခကြေးငွေကို ၂၀၁၈ ကနေပြဌာန်းထားတာ ခုချိန်ထိပြောင်းလဲပြင်ဆင်မှုမရှိသေးဘူး။ ပုံမှန်ဆို ၂နှစ်တစ်ကြိမ်ပြင်ဆင်သတ်မှတ်ရမှာ ။ ခု၂၀၂၄ ရောက်တဲ့တိုင်အောင် ပြောင်းလဲတာမရှိဘဲ  ထောက်ပံ့ကြေးအနေနဲ့  တိုးပေးတာပဲရှိတယ်။ အနည်းဆုံးအခကြေးငွေ ၄၈၀၀ ကဘယ်လိုမှ အဆင်မပြေဘူး။ တကယ်ဆို ထောက်ပံ့ကြေး ဆိုတာထက် မဖြစ်မနေပေးရမယ့် အခြေခံလုပ်ခလစာနှုန်းကို တိုးပေးရမှာ" လို့ အလုပ်သမားအရေး လှုပ်ကရှားသူ က ဆိုပါတယ်။

၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံရဲ့အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်စဉ်က အလုပ်ချိန် ၈ နာရီတစ်နေ့လုပ်ခ ၄၈၀၀ကျပ် ကို နေရာဒေသ၊အလုပ်အမျိုးအစားမခွဲခြားဘဲ တစ်ပြေးညီသတ်မှတ်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ထိုစဉ်အချိန်က အနိမ်ဆုံးလုပ်ခလစာကို ၅၆၀၀ ကျပ်ပေးဖို့တောင်းဆိုနေခဲ့ကြတာဖြစ်ပြီး ယခုအချိန် ၆ နှစ်ခန့်အထိအကြာမှာ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်လာမှုတွေကြောင့် တစ်နေ့လုပ်ခကျပ်တစ်သောင်းတောင်းဆိုနေစဉ်မှာ စစ်ကောင်စီက တစ်နေ့လုပ်ခကို ၄၈၀၀ ကျပ်အတိုင်းသာထားပြီးထောက်ပံ့ကြေးအဖြစ်ကျပ် ၁၀၀၀ ကိုသာ နှစ်ကြိမ်တိုးပေးထားတာဖြစ်ပါတယ်။

 


Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026