NEWS

ကိုရီးယား ရာသီချိန်လုပ်သားအလုပ် ရမယ် ပြောဆိုပြီး သိန်းချီလိမ်လည်

CoverLogo
460 Views

“သင်တန်းမှာ သတင်းတွေလည်း ပြတယ်။ မြန်မာ့အလင်းမှာပါတဲ့ ဝန်ကြီးဌာနက MOUထိုးဖို့ လုပ်နေတယ် ဆိုတာတွေလည်း ပြတယ်၊ ပြောတယ်။ ဟိုမှာ အလုပ်လုပ်ပြီး အဆင်ပြေနေတယ်ဆိုတဲ့ သူတွေရဲ့ မူဗီ (ရုပ်သံဖိုင်) တွေလည်း ပြတယ်။” 
(ရာသီချိန်လုပ်သား အလုပ်အတွက် ငွေကြေးလိမ်လည်ခံသူ တဦး)


ကိုရီးယားနိုင်ငံက ရာသီချိန်လုပ်သား ခေါ်ယူတော့မယ်ဆိုပြီး ငွေကြေးလိမ်လည်တာတွေက နယ်ဒေသတွေ မှာတင် မဟုတ်ဘဲ ရန်ကုန်တိုင်းဒေသကြီးထဲမှာ ပါ လိမ်လည်မှုတွေ ရှိလာပါတယ်။ 
အလုပ်သမားဝန်ကြီးဌာနကလည်း ဒီအခြေအနေကို ထိန်းသိမ်းမှုမရှိဘဲ နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာ ကနေ တစ်ဆင့် MOU ရေးထိုးဖို့ ကြိုးပမ်းနေတယ်လို့ သတင်းထုတ်ပြန်ခဲ့တာကြောင့်လည်း တရားဝင် လိမ်လည်ခွင့်ရတဲ့ ဈေးကွက်ကြီး ပမာ ဖြစ်နေပါတယ်။ ဒါကြောင့် ကိုရီယားနိုင်ငံကို ရာသီချိန်လုပ်သားအနေနဲ့ သွားရောက် လုပ်ကိုင်ဖို့ ပြင်ဆင်နေသူတွေ သတိထားမိနိုင်ဖို့ နစ်နာသူတဦးတွေ့ ကြုံခဲ့ရတဲ့အခြေအနေတွေကို Myanmar Labour News က မေးမြန်းဖော်ပြလိုက်ပါတယ်။

 
မေး။ ။ ကိုရီးယားနိုင်ငံမှာ ရာသီချိန်လုပ်သားအနေနဲ့ လုပ်ကိုင်ဖို့ ဘာကြောင့် ရွေးချယ်ခဲ့လဲ။ ဒီအလုပ်အတွက် ကိုရီးယားက ခေါ်နေတယ်လို့ သတင်းအချက်အလက်တွေ ရခဲ့လား ။ 
ဖြေ။ ။  ဒီအလုပ်ကို ကိုးရီးယားကခေါ်နေတယ်လို့ CK KR Sharing vlog pageတွေနဲ့ Social Media တွေကနေသိရ တာပါ။ ပြောမယ်ဆို လူအသုံးများတဲ့ tiktok၊ youtube ၊ facebook အဲဒါတွေကနေ ခေါ်နေတယ်လို့ သိရတာပါ။ သူတို့က တကယ်ခေါ်နေတဲ့ ပုံစံတွေ၊ အလုပ်လာလုပ်ဖို့ ဆွယ်တာတွေပြောပါတယ်။ ပြောမယ်ဆို တကယ်ဖြစ်လာ တော့မယ့် အလုပ်လို့ ပြောနေတာတွေပါ။ အဲဒါကြောင့် သေချာတယ်လို့ ထင်မိတာပါ။ နောက်တခုက ညီမတို့ ကိုယ်တိုင်လည်း ဂျပန်မှာ အလုပ်လုပ်ဖို့ သင်တန်းတက်နေတာပါ။ ဒါပေမယ့် ဂျပန်စာက သင်ရတာကြာမယ်၊ စာမေးပွဲဖြေရမယ်၊ ဒါတွေ တွေးမိပြီး ရာသီချိန်လုပ်သားအလုပ်က ပိုအဆင်ပြေတယ် ထင်မိတာပါ။ သူက ဘာသာ စကားလည်း သိပ်မလိုဘူး။ ပိုက်ဆံလည်း ပိုရတယ်လို့ သတင်းတွေကို ယုံမိတာပါ။ 


မေး။ ။ ကိုရီးယား ရာသီချိန်လုပ်သား လုပ်ကိုင်ဖို့ကို ပို့ပေးမယ့် အဖွဲ့အစည်းနဲ့က ဘယ်လိုချိတ်ဆက်မိလဲ။ 
ဖြေ။ ။ သင်တန်းကျောင်းကနေ တဆင့် ချိတ်မိတာပါ။ ပြောမယ်ဆို သင်တန်းကျောင်းကို ယုံကြည်လို့လည်း လုပ်ဖြစ်တာပါ။ အခု ရာသီချိန်လုပ်သားအလုပ်ကို ချိတ်ပေးတဲ့ အေဂျင်စီနဲ့ သင်တန်းကျောင်း က အချိတ် အဆက်ရှိ လို့ပါ။ ပြောရမယ်ဆို ချိတ်ပေးတဲ့သူကလည်း ယုံကြည်ရတဲ့သူပါ။ အလိမ်ခံရမယ်လို့ သူကိုယ်တိုင် လည်း မသိပါဘူး။ ချိတ်မိတဲ့ အေဂျင်စီက သူကိုယ်တိုင်လည်း တခြားနိုင်ငံတွေကို လုပ်သားတွေ ပို့နေတယ်လို့ တော့ ကြားပါတယ်။ သူတို့ကလည်း ညီမတို့ လိုင်းပေါ်က မြင်ဖူးတဲ့ ရုပ်သံဖိုင်တွေကိုလည်းပြတော့ သိထားတာ မလွဲလောက်ဘူး ထင်မိတာပါ။ 


မေး။ ။ အေဂျင်စီနဲ့သဘောတူပြီး လုပ်ဆောင်ထားတဲ့အခြေအနေလေးပြောပြပေးပါ။(စာချုပ်စာတမ်း၊ငွေ ပေး ချေမှု၊ သူတို့ဘက်ကတာဝန်ယူတဲ့အခြေအနေ)ပုံစံတွေ ထည့်သွင်းပြောပြပေးပါ။
ဖြေ။ ။ ညီမတို့က သူတို့ပြောပြတာကို သဘောတူတယ်။ လုပ်ဖြစ်မယ်ဆိုတော့ စရိတ်အနေနဲ့ (၂၅) သိန်းကို အရင်သွင်း ရ ပါ တယ်။ ငွေသွင်းတာကိုတော့ အရပ် စာချုပ်နဲ့ပဲ ချုပ်ပေးပါတယ်။ စရန်တွေသွားပေးတော့ ကျွန်မတို့မပါပါဘူး။ သင်တန်းကျောင်းက ဆရာမကပဲ တာဝန်ယူပြီး စရံပေးပေးတာပါ။ ဆရာမက အုပ်ထိန်းသူအနေနဲ့ တာဝန်ယူပြီး လက်မှတ်ထိုးခဲ့တာပါ။ ကျွန်မတို့ဘက်ကလည်း စာချုပ်ချုပ်ဖို့ ဆရာမတစ်ယောက်တည်း လွှတ်မိတယ်။ ညီမတို့ ပါမယ် ဆိုရင်တောင် ဒီလိုပုံစံဆို စရန်ပေးမိမှာ မဟုတ်ဘူး။ ဒါပေမယ့် ဆရာမကယုံကြည့်ပြီး ပေးလိုက်တယ်။ စရန်စပေးပြီး အလုပ်အပ်တာနဲ့ ပိုက်ဆံနဲ့အတူတူ ပတ်စပို့ကိုပါ သိမ်းတာပါ။ ပတ်စပို့ပါ သိမ်းထားတော့ တခြား ဘယ်နိုင်ငံမှလည်း ထွက်မရဘူး။ အတိအကျပြောရရင်တော့ (၆၅) ကုန်မယ်ပြောတယ်။ စရံပေးတာကတော့ ၂၀၂၃ ၊ ၁၁ လပိုင်းမှာပါ။ စရန်ပေးပြီးတာနဲ့ ကိုရီးယားဘာသာစကားအခြေခံသင်တန်းမှာ  သင်ရတယ်။


မေး။ ။သင်တန်းတွေ တက်ရတယ်လို့ သိရပါတယ်။ ဘာတွေသင်ရလဲ။ သင်တန်းကာလမှာ ကြုံရတဲ့အခြေအနေနဲ့ သင်တန်းတက်ရောက်သူတွေ ဘယ်လောက်များနေလဲ ပြောပြပေးပါ။ သင်တန်းကာလမှာ ဒီအလုပ်အကိုင်ရဲ့ ခိုင်မာမှုကိုသူတို့ ဘက်ကဘာတွေချပြလဲ။
ဖြေ။ ။ ပြောမယ်ဆိုသင်တန်းက ကိုယ်ရွေးချယ်ရတယ်။ ကိုရီးယားဘာသာစကားသင်တဲ့ သင်တန်းကျောင်း ဖြစ်ဖြစ် ၊နောက်ပြီး ကိုရီးယားစာ တနိုင်တပိုင်သင်နေတဲသူတွေဆီမှာဖြစ်ဖြစ် အခြေခံဟာ အပ်ပေးတာ။ တလလောက် တက်ရတယ်။ အဲဒီသင်တန်းပြီးရင် ပိုက်ဆံကို အပြည့် သွင်းခိုင်းတယ်။ 


သူက ငွေသွင်းရင်လည်း နှူန်းထား မတူဘူး။ အမြန်သွားချင်တဲ့သူဆို ၈၅သိန်းထိ တောင်းတယ်။ အနည်းဆုံး က ၆၅ သိန်းပေးရ တယ်။ ညီမအပါ ၄ ယောက်ကတော့ ပိုက်ဆံ အပြည့်မသွင်းခဲ့ရဘူး။ သူတို့ကို အလုပ်ခေါ်စာ ပြခိုင်းတာ၊ မပြနိုင်လို့ သံသယတွေနဲ့ အဆင့်ဆင့် လိုက်မေးတာပေါ့။ ဒါပေမယ့် ညီမတို့အဖွဲ့က ကျန်တဲ့ ၁၀ ယောက်ကတော့ အပြည့် သွင်းလိုက်တယ်။ 


ငွေအကြေ ချေပြီး ဆက်လုပ်တဲ့ သူတွေကို မေးကြည့်တော့ ငွေအပြည့်သွင်းပြီးရင် အကြာဆုံး တပတ် အတွင်း ကမ့်ဝင်ခိုင်းတယ် ပြောတယ်။ သူတို့အပြောတော့ နှစ်နေရာရှိတယ်။ မြင်သာနဲ့ ညောင်နှစ်ပင် နှစ်နေရာတဲ့။ ညောင်နှစ်ပင်မှာဆို ၁၅ ရက် ဝင်ရတယ်။ အဲဒီမှာ လက်တွေ့ပိုင်း နည်းနည်းသင်တယ် ပြောတယ်။ ပြောမယ်ဆို စိုက်ပျိုးရေးလုပ်ငန်းခွင်မှာ တွန်းလှည်း သုံးတာတို့၊ စိုက်ပျိုးရေးနဲ့ ပတ်သက်တာ နည်းနည်း သင်ပေး တယ်။ နောက်ပြီး မျက်လုံးအရောင် (color blind) စစ်တယ်။ ဆီးစစ်ရတယ်။ သွေးစစ်ရတယ်။ မြင်သာမှာ ကတော့ တစ်ပတ်ပဲ။ သူတို့လည်း စစ်ရတယ်။ Camp သဘောနေရ၊ စားရတယ်။ သင်တန်းတက်ခဲ့တဲ့ သူတွေ ပြောတာတော့ အခြေခံ(၁၉)လုံးကို တမျက်နှာနှုန်းနဲ့ ၁၉ ရွက်ရေး ရတယ်။ နောက် ဟောပြောပွဲ ပုံစံလုပ်တယ်။ ပြောမယ်ဆို လူကြီးပိုင်းက ဆင်းလာတဲ့ပုံစံမျိုးနဲ့ ကလေးတွေကို အယုံသွင်းတယ်။ ကိုရီးယားလူမျိုးလည်း ခေါ်ပြတယ်။ Camp စခန်းလို လုပ်ပြီး လက်တွေ့ပါ သင်တန်းပေးတဲ့ ပုံစံလုပ်တယ်။ အနေအစားက စုတ်ပြတ် နေတာ ပဲတဲ့။ တက်ဖူးတဲ့သူတွေက ပြောတယ်။ လူတကိုယ်စာ ကော်ဇောလေးတွေနဲ့ သံမံတလင်းပေါ် ၁၅ ရက် လုံး အိပ်ရတယ် ပြောတယ်။ နောက်ပြီး သင်တန်းကာလမှာ သတင်းတွေလည်း ပြတယ်။ မြန်မာ့အလင်းမှာ ဝန်ကြီးဌာနက MOUထိုး ဖို့လုပ်နေတယ်ဆိုတာတွေလည်း ပြတယ်၊ ပြောတယ်။ နောက်ပြီး ဟိုမှာ အလုပ်လုပ်ပြီး အဆင်ပြေနေတယ်ဆိုတဲ့ သူတွေရဲ့ ရုပ်သံဖိုင်တွေ လည်း ပြတယ်။ ညီမတို့ကတော့ စရန်ပဲ ပေးလိုက်ရတော့ အဲဒါတွေ မကြုံခဲ့ရပါဘူး။ နောက်ပြီး သင်တန်းပြီးလာတဲ့သူကို QR code လေးတွေ ပေးတယ်။ အဲဒါကို အထောက် အထားအနေနဲ့ ပေးတယ်။


မေး။ ။ ကိုရီးယားကို ရာသီချိန်လုပ်သားအဖြစ် ခေါ်ယူမှုမရှိဘူးဆိုတာ ဘယ်အချိန် သိခဲ့ရလဲ။ ဘယ်လို သိခဲ့ရလဲ။
ဖြေ။ ။ဘယ်လိုစပြီး သံသယရှိလာတာလည်း ဆိုတော့ ပိုက်ဆံကို ခဏခဏ ခေါ်တောင်းတယ်။ ဒါပေမယ့် သူတို့ ဘက်က ခိုင်မာမှု မေးရင် ဘာမှမပြနိုင်ဘူး။ အလုပ်ခေါ်စာလည်း မပြနိုင်ဘူး။ ၁၂ လပိုင်း ၂၇ ရက် အမြန်ထွက် ရမယ် ဆိုပြီး ပိုက်ဆံ ခေါ်တောင်းတယ်။ ညီမတို့က ၂၅ သိန်းသွင်းထားတော့ အမြန်ကြေး ၁၀ သိန်းနဲ့ ထပ်သွင်းဖို့ ကျန်တဲ့ သိန်း ၄၀ ထပ်တောင်းတယ်။ တခါတည်း သွင်းရမယ် ပြောတယ်။ နောက်ပြီး ကိုရီးယားက အလုပ်ရှင်က ဒီကထွက်ခါနီးကျရင် ထောက်ပံ့ကြေး သိန်း ၈၀ ပေးမှာမလို့ အပို ၁၀ သိန်း ထပ်ပေးရမယ် ပြောတယ်။ တကယ် သိလိုက် ရတော့လည်း ထောက်ပံ့ကြေး မဟုတ်ဘူး။ ချေးငွေလို့ ပြောတယ်။ ထွက်ရမယ့်သူကို ချေးငွေထုတ် ပေးပြီး တလ ၁၀ သိန်းနဲ့ ၈ လ ပြန်ဖြတ်မယ် ဖြစ်ပြန်တယ်။ ပြောမယ်ဆိုစကားတွေက အမျိုးမျိုး ဖြစ်လာတယ်။ အလုပ်ခေါ်စာ တောင်းရင် ဘယ်တော့မှ မပြနိုင်ဘူး။ အာ့လိုနဲ့ စိတ်ထဲ သံသယတွေဝင်လာလို့ ရုံးတွေမှာ လိုက် စုံစမ်းတယ်။ အဲဒီတော့မှ ဘယ်ရုံးနဲ့မှ မချိတ်ထားဘူးလို့ သိရတာ။ နောက်ပြီး EPS ကိုရီးယား တွေနဲ့ ပတ်သက်ပြီး အလုပ်သမားအရေး လုပ်တဲ့သူကို မေးလိုက်တော့လည်း မလုပ်ဖို့ ပြောပါတယ်။ အဲဒီလိုတွေ အကုန်စုပြီး လိမ်နေတာ ကိုသိပြီး ဆက်မလုပ် ဖြစ်တော့တာပါ။


မေး။ ။ လိမ်လည်မှန်းသိရတဲ့ အချိန်  ဘယ်လို ဖြေရှင်းနေလဲ။ လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေလေး သိချင်ပါတယ်။
ဖြေ။ ။ အလိမ်ခံရတာ သိတော့ စရံ ပြန်တောင်းတယ်။ ဒါပေမယ့် သူတို့က အလွယ်တကူ ထုတ်မပေးဘူး။ စာချုပ်ချုပ်တုန်း က သူတို့ဘက်က သုံးလတွင်း ပို့ပေးမယ်လို့ ထည့်ချုပ်တယ်။ အခုညီမတို့က သုံးလ မပြည့်သေးဘဲ မသွားတော့ဘူးဆိုတော့ စရံ အဆုံးလို့ ပြောတယ်။ ပြီးတော့ ညီမတို့ရဲ့ ပတ်စပို့တွေကိုလည်း သူတို့က သိမ်းထားတယ်။ ပတ်စပို့နဲ့ စရန် ပြန်တောင်းဖို့ကို စကားတွေ အများကြီးပြောရတယ်။ သူတို့ အိမ်ကို လိုက်စုံစမ်းမှ ဘေးပတ်ဝန်းကျင်က ပြောတာတွေပါ သိရတာ ပေါ့နော်။ အဲဒါနဲ့ ရဲစခန်းမှာ ညှိမယ် ခေါ်။ ညှိ ကြပေါ့။ နောက်ဆုံး သူတို့မှာ ပြည်ပကို လုပ်သား ပို့ဆောင်ခွင့် လိုင်စင်မရှိဘဲ လုပ်နေတော့ ၊ ပြည်ပ(၂၆)နဲ့ အမှုဖွင့်မယ်ထိ ပြောတော့မှ ပြန်လျော်ပါတယ်။ လက်ရှိ တော့ ညီမတို့ ၁၄ ယောက် အုပ်စုမှာ စရံပဲပေးထားတဲ့ ၄ ယောက်က အပြည့်တော့ မရဘူး တယောက်ကို သိန်း ၂၀ ပြန်ရတယ်။


မေး။ ။ ဒီငွေကြေး လိမ်လည်ခံရတာ၊ ညီမအပါအဝင် ဘယ် နှစ်ဦးနစ်နာနေလဲ။ အခက်အခဲ ဘာတွေရှိနေလဲ။
ဖြေ။ ။ စုစုပေါင်း ၁၄ ယောက် ။ အကုန်လုံးက အဆင်ပြေတာတော့ မဟုတ်ဘူး၊အကြွေးတွေနဲ့ချေးငှား ပေးရတဲ့ သူတွေ ရှိတယ်။ တချို့လည်း အိမ်ခြံတွေ ပေါင်ပြီး ပေးထားရတာ။ သူတို့က သုံးလတွင်း ထွက်ရမယ် ပြောတော့ ယုံကြည်တာ ပေါ့နော်။ အခုကျ နေစရာမရှိလို့ ကျူးကျော်တဲတွေ ဘက်မှာ နေထိုင်ရတယ်။ ပြောမယ်ဆို တော်တော် ကြောက်သွား ကြတာ။ သူတို့က အုပ်စုလိုက် အဆင့်ဆင့် လိမ်ကြတာ။ ခံရတာတော့ ညီမတို့က အချိန်တွေ၊ ငွေကြေး နစ်နာတယ်။ အိမ်၊ခြံတွေ ပေါင်ထားတဲ့သူတွေဆို ပိုက်ဆံသာ ပြန်မရရင် ဘယ်လိုဆက် ဖြေရှင်းမလဲ ပေါ့။ အဆင်မပြေတဲ့ မိသားစုကို ထောက်ပံ့ချင်လို့ လုပ်တာမှ ဒီလိုကြီး အလိမ်ခံရတော့ မျှော်လင့်ချက်တွေ ရိုက်ချိုး ခံရသလို ပါပဲ။ အခုတော့ ညီမတို့ အုပ်စုထဲက ကျန်တဲ့သူတွေက အမှုဖွင့်ဖို့တော့ လုပ်နေကြပါပြီ။

 

မေး။ ။ ကိုရီးယားကို ရာသီချိန်လုပ်သားအလုပ်နဲ့ သွားဖို့ ငွေကြေးလိမ်လည်ခံရတာတွေ အရမ်းများနေပါတယ်။ သွားချင်တဲ့သူတွေကို ဘာတွေ မျှဝေပေးချင်လဲ။
ဖြေ။ ။ သွားချင်နေသူတွေကို ပြောချင်တာကတော့ အမေ ဖြစ်တဲ့သူ ကိုယ်တိုင်က ရာသီလုပ်သားလို့ ခေါ် မိရင် တောင် မလုပ်ကြဖို့ ပြောချင်ပါတယ်။ ဒီလိုဆို အမေပါ လူလိမ်တွေရဲ့ စကားမှာမြောနေပြီလို့သိပါ။  MOU ထိုးပြီး ရင်တောင် လူထောင် သောင်းများစွာ လွှတ်လို့မရပါဘူး ရာဂဏန်း အနည်းငယ်နဲ့ပဲ ရမှာပါ။ ခေတ်မကောင်းတဲ့ ကာလမှာ လူလိမ်တွေရဲ့ သားကောင်မဖြစ်ပါစေနဲ့လို့ ပြောချင်တယ်။ နောက်ပြီး အကြံပေးချင်တာကတော့ ဒီလို နစ်နာနေတဲ့သူတွေရှိရင် ရပ်ကွက်ထဲက လုပ်တဲ့အေးဂျင့်တွေက မန်းပါဝါလို့ခေါ်တဲ့ ပြည်ပပို့လိုင်စင် မရှိလောက် ပါဘူး။ မန်းပါဝါရှိဖို့ဆိုတာ ပြစ်ချက်ကင်းကြောင်း ၊ နောက် သိန်းတစ်ထောင်နဲ့အထက် တင်ပြနိုင်မှ ရကြတာမို့ ပါ။  ဒါကြောင့် ရဲစခန်းမှာ တိုင်လို့ရပါတယ်ရှင်။ ပြည်ပ၂၆ အပြင် နောက်ပုဒ်မက ထပ်တိုး လိမ်လည်မှုနဲ့ပါ အမှုဖွင့်လို့ ရနိုင်ပါတယ်။ နီးစပ်ရာ အသိဆွေမျိုးတွေမှာ ဥပဒေနားလည်သူနဲ့တိုင်ပင်ပြီး ရဲစခန်း တိုင်ပါလို့ ပြောချင်ပါတယ်။

Photo - The Korea Times


Related posts

Cover
ထိုင်းနိုင်ငံ တောင်ပိုင်း တွင် အထောက်ထားမဲ့ မြန်မာအလုပ်သမား၁၀၀ နီးပါး ဖမ်းဆီးခံရ
Apr 27, 2024
Cover
တရုတ် သို့ မြန်မာအလုပ်သမားစေလွှတ် ဖို့ ဆွေးနွေး ညှိနှိုင်းနေ ဟုဆို
Apr 23, 2024
Cover
သင်္ကြန်ကာလပြီးနောက် လူငယ်များပြည်ပထွက်ခွာမှုပိုများလာ
Apr 23, 2024
Cover
ဘန်ကောက်တွင် သေဆုံးခဲ့သည့် မြန်မာလုပ်သားအတွက် ဘတ် နှစ်သိန်းနှင့် ညှိနှိုင်း
Apr 22, 2024
Cover
ဧပြီလ ၂၉ရက် မှစပြီးထိုင်းနိုင်ငံသို့ MOU မြန်မာအလုပ်သမား များ ကို လေကြောင်း ဖြင့် စေလွှတ်မှု စတင်မည်
Apr 21, 2024
Cover
ဆူညံသည်ဆိုပြီး မြန်မာလူငယ်များအား ထိုင်းအာဏာပိုင်များက ပြည်တွင်းသို့ ပြန်ပို့ရန် စီစဥ်
Apr 13, 2024
Cover
အလုပ်သမားများ နစ်နာမှုများအား ပြည်ပအလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ ဆွေးနွေးခြင်းမရှိ
Apr 13, 2024
Cover
ထိုင်း-ကော့တောင်ကျွန်းအနီး ကုန်တင်သင်္ဘောမီးလောင်မှုမှာ မြန်မာလူငယ်တဦးပျောက်ဆုံးနေ
Apr 07, 2024