ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်၊ နောင်းယိုင်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် (အမိုးလိုင်းလုပ်ငန်း) တွင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား တစ်ဦးဟာ လုပ်ငန်းခွင်သို့ သွားရောက်စဉ် ကားတိုက်ခံရပြီး ဒဏ်ရာ အပြင်းအထန် ရရှိပေမယ့် ကားမောင်းသူက တာဝန်ယူ တာဝန်ခံမှု မရှိဖြစ်နေတယ်လို့ ၎င်းအမှု ကို ကူညီပေးနေတဲ့ WAGအလုပ်သမားမဟာမိတ်အဖွဲ့ ထံ မှ သိရပါတယ်။
ပန်းရောင်ကတ် ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမားဖြစ်သူ ကိုဝင်းထွန်း ဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်က အလုပ်သွားစဉ် နောက်မှ ကားတစ်စီးက ဝင်တိုက်မိခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
အခင်းဖြစ်ပြီးချင်း ချွန်ဘူရီ ပြည်နယ်ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ပြီး ဆေးကုသမှု ခံယူခဲ့ရကာ ယာဉ်တိုက်မှုကြောင့် မျက်နှာတစ်ပြင်လုံး ကွဲရှ ဒဏ်ရာရရှိခြင်း၊ မျက်လုံးတစ်ဖက် ကွယ်သွားကာ ညာဘက်ခြေတစ်ဖက် လည်းလှုပ်ရှားနိုင်ခြင်း မရှိတော့သလို လည်ပင်းမှာလည်း အသက်ရှူပိုက် တပ်ဆင်ထားရတယ်လို့ သိရပါတယ်။
၂၀၂၆ခုနှစ် ဇန်နဝါရီ ၁၆ရက်မှာ လူနာကို နောင်းယိုင် ဆေးရုံသို့ ပြောင်းရွှေ့ကုသခဲ့ပြီးနောက် ဇန်နဝါရီ ၂၉ ရက်မှာတော့
ဆေးရုံမှ ဆင်းခွင့်ရခဲ့တယ်လို့ သိရပါတယ်။
ဆေးရုံမှ ဆင်းချိန် ဆေးကုသစရိတ်တွေကို ပကန်န်ခွန်နဲ့ ရှင်းရပြီး ၎င်းထိခိုက် ဆုံးရှုံးမှု အတွက် ကားသမား ဖြစ်သူက တာဝန်ယူမှု တာဝန်ခံမှု မရှိခဲ့ ဘူးလို့ ဆိုပါတယ်။
ဒါကြောင့် မြန်မာအလုပ်သမားရဲ့ ထိခိုက်ဆုံးရှုံးမှု အပေါ် ရသင့်ရထိုက်တဲ့နစ်နာကြေး ပြန်လည်ရရှိဖို့ အတွက် WAG အလုပ်သမား မဟာမိတ်အဖွဲ့ထံ အကူညီတောင်းခံ လာ တဲ့ အတွက် ဖေဖေါ်ဝါရီ ၂ရက်နေ့မှာ အမှုကို လက်ခံပေးကာ ကူညီဖြေရှင်းပေးသွားမယ်လို့ WAGအဖွဲ့ ထံမှသိရပါတယ်။









