NEWS

ကလေး သုံးယောက်မိခင်ကို အိမ်အကူ လုပ်ရမည်ဟု လိမ်ခေါ်ကာ ရွှေလီမှာ တရုတ်မယား အဖြစ်ရောင်းစား

CoverLogo
173 Views
 
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်နေ ကလေးသုံးယောက်မိခင် အသက်၃၂နှစ်အရွယ် အမျိုးသမီးတစ်ဦး ကို ပွဲစားလုပ်သူတွေက နေပြည်တော်တွင် ကလေးထိန်း(အိမ်အကူ) အလုပ် လုပ်ရမယ်လို့ လိမ်လည်ခေါ်ဆောင် ပြီး တရုတ် ပြည် ရွှေလီ တွင် တရုတ်မယား ပြုလုပ် ဖို့ အတင်းအကြပ် ခိုင်းစေမှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရပါတယ်။
 
ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်နေ မ ---- ၊ ၃၂ နှစ်ဟာ ဟိုင်းကြီးကျွန်းမြို့ အမှတ် (၂) ရပ်ကွက်နေ အစ်မတစ်ဝမ်းကွဲတော်စပ်သူ ထမင်းချက်အကူလုပ်ကိုင်နေတဲ့ နေအိမ်သို့ သားသမီးသုံးဦးနှင့်အတူ သွားရောက်လည်ပတ်ခဲ့ရာ အဆိုပါ နေအိမ်တွင် အိမ်အကူအလုပ်လုပ်ကိုင်နေတဲ့ မဇူလိုင်မိုးနှင့် ခင်မင်ရင်းနှီးပြီး မဇူလိုင်မိုးက နေပြည်တော်တွင် ကလေးထိန်းတဲ့ အလုပ်လုပ်ကိုင်ပါက တစ်လလျှင် လေးသိန်းငါးသောင်းကျပ်ရမယ်လို ပြောဆိုကာ ကုန်ကျမယ့် လမ်းစရိတ် များ ကို ရန်ကုန်မြို့နေ မသန္တာအောင် (ခ) အငယ်မမှ အကုန်ကျခံပေးမည်ဟု စည်းရုံးပြောဆိုပြီး တစ်ရပ်ကွက်တည်းနေ မခင်သန်းဝင်း (ခ) အကြီးမနေအိမ်သို့ ခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။
 
နေအိမ် သို့ရောက်သောအခါ မခင်သန်းဝင်း (ခ) အကြီးမက နစ်နာသူအမျိုးသမီးကို ဓာတ်ပုံများ ရိုက်ယူပြီး အိမ်အကူလုပ်ပါက လှလှပပနေရန်နဲ့ သားသမီးများကို ရွာသို့ပြန်ပို့ရန်လိုတယ် လို့ ပြောဆိုတာကြောင့် သားသမီးတွေကို ရွာသို့ပြန်ပို့ခဲ့ကြောင်း သိရပါတယ်။
 
ထို့နောက် နစ်နာသူ အမျိုးသမီးကို ရန်ကုန်မြို့ ပုဇွန်တောင်ဈေးရှိ မသန္တာအောင် (ခ) အငယ်မထံ ပို့ဆောင်ခဲ့ပြီး မသန္တာအောင် (ခ) အငယ်မက ရန်ကုန် မှ မန္တလေး ၊မန္တလေးကနေ မူဆယ်မြို့သို့ အဆင့်ဆင့်ပို့ဆောင်ကာ မူဆယ်မြို့ တရားမဝင်ခိုးပေါက်မှတစ်ဆင့် တရုတ်နိုင်ငံ ရွှေလီမြို့ရှိ နေအိမ်တစ်အိမ်သို့ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
 
ရွှေလီ ရောက်ရှိ ချိန်တွင် အိမ်ရှင်တရုတ်အမျိုးသမီးက တရုတ်အမျိုးသားနှင့် လက်ထပ်ယူရမည်၊ မယူပါက လမ်းစရိတ် ယွမ် ၅၀၀၀ ပြန်လည်ပေးလျော် ရမည်ပြောရာ ငြင်းဆန်သဖြင့် အခန်းတစ်ခုတွင် သော့ခတ်ပိတ်လှောင်၍ ရိုက်နှက် နှိပ်စက်ခဲ့ကြောင်း၊ ငါးရက်ခန့်အကြာတွင် တစ်အိမ် တည်းနေ မြန်မာအမျိုးသမီးတစ်ဦးက သော့ဖွင့်ပေး၍ ထွက်ပြေးရန်ပြောသဖြင့် ထွက်ပြေးခဲ့ရာ ရွှေလီမြို့ရှိ ရဲစခန်းတစ်ခုသို့ ရောက်ရှိပြီး မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခြင်းခံရကြောင်းသိရပါတယ်။
 
အခုလို ဘဝရပ်တည်ရန် ခက်ခဲတဲ့ မြန်မာအမျိုးသမီးကို ငွေကြေးအကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူ၍ တရုတ်အမျိုးသားထံ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြသူတွေ ကို အမှတ် (၇) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ပုသိမ်) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းနယ်မြေရဲစခန်း (ပ) ၈၃/ ၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေ ပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်တွင် ပုသိမ်ခရိုင် တရားရုံးမှ ဖမ်းမိတရားခံ မဇူလိုင်မိုး၊ မခင်သန်းဝင်း (ခ) အကြီးမတို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က) အရ အလုပ်နှင့် ထောင်ဒဏ်နှစ် ၂၀ စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကာ တိမ်းရှောင်တရားခံ မသန္တာအောင် (ခ) အငယ်မကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရပါတယ်။

Related posts

Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026