NEWS

ကလေးလုပ်သား ပပျောက်ရေး ဝန်ကြီးဌာနတခုတည်း လုပ်ကိုင်၍ မရနိုင်၊ နိုင်ငံရေး တည်ငြိမ်ရန်အပ်

CoverLogo
474 Views
ဒီလို နိုင်ငံမျိုးမှာ ကလေး လုပ်သားပပျောက်ရေးဆိုတာ ခက်ခဲတယ်။ နိုင်ငံက မဖွံ့ဖြိုးတော့ ကလေးလုပ်သား က ရှိနေမှာပဲ။ အဲဒီတော့ ကလေးလုပ်သားတွေအတွက် ဘယ်လို စဉ်းစားမလဲဆိုတော့ နိုင်ငံရေးတည်ငြိမ်ဖို့ပဲ အရင် ဆုံး စဉ်းစားရမယ်။”
သွေးစည်းညီညွတ်သောသမဂ္ဂများ အဖွဲ့ချုပ် (မြန်မာ) STUM
 
၂၀၁၅ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ ကလေးလုပ်သား ၁ ဒဿမ ၁ သန်းကျော် ရှိတယ်လို့ ဖော်ပြ ထားပါတယ်။ ၁၂ ရာခိုင်နှုန်းကျော်ကတော့ ကုန်ထုတ်လုပ်မှု ကဏ္ဍမှာလုပ်ကိုင်နေတယ်လို့ စစ်တမ်း တချို့က ဖော်ပြထားပါတယ်။
 
လက်ရှိ ရန်ကုန်မြို့က စက်ရုံတွေမှာ အသက်မပြည့်သေးတဲ့ ကလေးလုပ်သားတွေကို နေ့စားလုပ်သားအဖြစ် ခိုင်းစေပြီး ဥပဒေမှာ သတ်မှတ်ထားတဲ့ အနည်းဆုံးအခကြေးငွေ ၄၈၀၀ အောက် လျှော့ပေးတာ၊ အချိန်ပိုလုပ်ခ မပေးပဲ သာမန်အလုပ်ချိန်ထက် ခိုင်းစေပြီး လုပ်အားအမြတ်ထုတ်တာတွေ ရှိနေတာကြောင့် အဲဒီ အခြေအနေတွေ၊ နစ်နာမှုတွေ၊ ပြုပြင်ပြောင်းလဲရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး သွေးစည်းညီညွတ်သောသမဂ္ဂများ အဖွဲ့ချုပ် (မြန်မာ) STUM အဖွဲ့က တာဝန်ရှိသူ တဦးကို Myanmar Labour News က မေးမြန်းထားပါတယ်။
 
မေး ။ ။ ပြီးခဲ့တဲ့ တနှစ်အတွင်း ကလေးလုပ်သားတွေရဲ့ အခြေအနေကို ဘယ်လိုများ မြင်မိပါသလဲ ခင်ဗျ။
 
အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ “ကလေးများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လူမှုရေးဆိုင်ရာ ဖွံဖြိုးတိုးတက်မှုအပေါ် အပြု သဘောမဆောင်သည့် သက်ရောက်မှုရှိစေနိုင်သော အလုပ်၊ ပညာရေးကို အနှောင့်အယှက်ဖြစ်စေသော အလုပ်၊ ကျောင်းတက်ရမည့် အခွင့်အရေးကို ပိတ်ပင်စေသောအလုပ်၊ အချိန်မတိုင်မီ မဖြစ်မနေကျောင်း ထွက်စေသည့် အလုပ်၊ ကျောင်းတက်ခြင်းနှင့်အတူ ပြင်းထန်သော အလုပ်ကို အချိန်ကြာမြင့်စွာလုပ်ရသော အလုပ်များကို လုပ်ကိုင်နေရသော ကလေးများ”လို သတ်မှတ်ထားပေမဲ့ လက်ရှိ ဒီအခြေအနေတွေကနေ တိုးတက်မှုတွေ ရှိတယ်လို့ မြင်မိပါသလား ။
ဖြေ ။ ။ ဒီမေးခွန်းကို ဖြေရမယ်ဆိုရင် တိုးတက်မှုမရှိဘူးလို့ ဖြေရမှာပါ ။ တိုးတက်လာတယ်လို့ မမြင်ပါဘူး ။
 
မေး ။ ။ လက်ရှိ စက်ရုံတွေထဲက နေ့စားလုပ်သားတွေထဲမှာ ကလေးအလုပ်သမားတွေလည်း များပြားပါဝင် တယ်လို့ ယူဆ နိုင်ပါသလား ။ ဒီလုပ်သားတွေမှာ ဘယ်လို နစ်နာမှုတွေ ကြုံတွေနေရလဲ ဆိုတာ သိပါရစေ ။
ဖြေ ။ ။ ဟုတ်ပါတယ်။ နေ့စားလုပ်သားတွေထဲမှာ ကလေးလုပ်သားတွေ အများအပြားပါဝင် နေပါတယ်။ သူတို့ ကိုယ်တိုင် ကလေးလုပ်သားတွေ ဖြစ်နေပေမဲ့၊ ကလေးလုပ်သားအနေနဲ့ အလုပ်ဝင်ခဲ့ကြတာတော့ မဟုတ်ဘူး။ တော်တော်များများကတော့ ၁၈ နှစ်မပြည့်ရင် မခန့်ကြဘူး။ အဲ့အခါမှာ သူတို့က အသက်အမှန် မဟုတ်ဘဲ ဝင်လုပ် ကြတယ်။ အိမ်နီးချင်းတွေ၊ ဆွေမျိုးသားချင်းတွေရဲ့ မှတ်ပုံတင်တွေနဲ့ အလုပ်ဝင်လုပ်ကြတာကို တွေ့ရတယ်။ လုပ်ငန်းခွင်ထဲရောက်တော့လည်း လူကြီးတယောက်လို လုပ်ကြရတယ်။ ကလေးလုပ်သားဆိုပေမဲ့ မဟုတ်တော့ ဘဲ လူကြီးတယောက်လို လုပ်ရတော့ ပိုပင်ပန်းကြရတယ်။ ကလေး လုပ်သားလို့ သိသွားတဲ့အချိန်မှာ သူတို့ကို လုပ်ငန်းရှင်က ခြိမ်းခြောက်တယ်။ လုပ်ငန်းရှင်ပဲ အရေးယူခံရမှာမဟုတ်ဘူး ကလေးလုပ်သားမှန်း သိသိကြီးနဲ့ အလုပ်လုပ်ခိုင်းတဲ့ မိဘတွေကိုလည်း အရေးယူ ခံရမယ်ဆိုပြီး ဆိုပြီး ခြိမ်းခြောက်တယ်။ မိဘတွေ အရေးယူခံရ မယ်လို့ ပြောတော့ နှုတ်ပိတ် နေရတော့တယ်။ တချို့ ကိစ္စတွေမှာဆို နှုတ်ပိတ်နေတာတွေ ရှိလို့ မပေါ်ဘဲ ပျောက် သွားတဲ့ အကြောင်းအရာတွေ ရှိတယ်။
 
မေး ။ ။ လုပ်ငန်းရှင်တွေက ကလေးလုပ်သားမှန်း သိလျက်နဲ့ ရည်ရွယ်ချက်ရှိရှိ ခိုင်းစေ နေတယ်လို့ ပြောလို့ရ ပါသလား။ ကလေး လုပ်သားတွေ ခိုင်းစေလို့ အကျိုးအမြတ်တွေ ပိုကြီးနိုင်ပါသလား ခင်ဗျ ။
ဖြေ ။ ။ လုပ်ငန်းရှင်တော်တော်များများကတော့ ကလေးလုပ်သားဆို မခန့်ချင်ကြဘူး။ ကလေးလုပ်သားကိုပဲ ခန့်တယ်ဆိုတာကတော့ လုပ်အားခ ဈေးချိုလို့ပါပဲ။ ပြောခဲ့သလို ခြိမ်းခြောက်မှုတွေနဲ့ ခိုင်းနေတာကလည်း ၄၈၀၀ လည်း မပေးတာတွေပါ။ ပြီးခဲ့တဲ့ လထဲမှာတွေ့ရတဲ့ ကလေးလုပ်သားအများကြီးနဲ့ လုပ်နေတဲ့ စက်ရုံမှာ ဆိုရင် အဲ့ ကလေးလုပ်သားတွေကို လူကြီးလုပ်သားလို ၄၈၀၀ မပေးဘူး။ အဲဒါက လုပ်သားဈေးချိုတဲ့အတွက် ခိုင်းစေ နေတာ။
 
မေး ။ ။ လုပ်ငန်းရှင်တွေ ကလေးအလုပ်သမားတွေအပေါ် လုပ်အားခနဲ့ လုပ်အားအမြတ်ထုတ်နေတာတွေကို ဘယ်လို တားဆီးနိုင်မလဲ ခင်ဗျ ။
ဖြေ ။ ။ ဥပဒေမှာ သတ်မှတ်ထားတဲ့ ကလေးလုပ်သားခေါင်းစဉ်အတိုင်း အလုပ်သမားတွေ လိုက်နာမယ် ဆိုရင် လုပ်အားခနဲ့ လုပ်အား အမြတ်ထုတ်နေတာကို ထားဆီးနိုင်မယ်။ ဥပဒေမှာဆို အသက် ၁၆ နှစ်ကနေ အသက် ၁၈ ကြားဆိုရင် ဆရာဝန်လက်မှတ်နဲ့ အလုပ် လုပ်နိုင်တယ်ဆိုပြီး သတ်မှတ်ထားတော့၊ ညပိုင်းလည်း အိုတီ ဆင်းဖို့ မလိုဘူး၊ အလုပ်ချိန်လည်း ကန့်သတ်ထားတယ်။ ဒါတွေ ဆိုရင်တော့ တားဆီးနိုင်မယ်။ ဒါပေမဲ့ ကလေးလုပ်သား ဆိုရင် အလုပ်ရှင်က လျှော့ပေါ့ပေးရတာတွေ များတော့ အလုပ်ခန့်မှာ မဟုတ်ဘူး။ တော်တော်များများကတော့ ကလေးလုပ်သားဆိုတာနဲ့ ဖြုတ်ပစ်လိုက်ကြတာပါ ။
(အသက် ၁၄ နှစ်ကနေ ၁၆ နှစ်အထိ ကလေး လုပ်သားလို့ ဥပဒေမှာ သတ်မှတ်ထားပြီး ကန့်သတ်ချက်တချို့နဲ့ အလုပ်လုပ်ခွင့်ပြုထားပါတယ်။ အသက် ၁၆ နှစ်ကနေ ၁၈ နှစ်အထိကိုတော့ လူကြီးတဦးကဲ့သို့ အလုပ် လုပ်နိုင်တယ်ဆိုတဲ့ ထောက်ခံချက် လိုအပ်ပါတယ်)
 
မေး ။ ။ ကလေးလုပ်သားတွေ တခြားလုပ်သားတွေနည်းတူ လုပ်ခ လစာရဖို့ လုပ်အား အမြတ်ထုတ် မခံရဖို အလုပ်သမား ဥပဒေကို ပြင်ဆင်ဖို့ လိုပါသလား။ ဒါမှမဟုတ် လုပ်ငန်းရှင်တွေဘက်က ကျင့်ဝတ်ပြည့်စုံဖို့ လို တာလား ခင်ဗျ။
ဖြေ ။ ။ နှစ်ခုလုံး လိုအပ်တယ်လို့ မြင်ပါတယ်။ ဥပဒေတွေကို ပြင်ဆင်ဖို့လိုအပ်သလို လုပ်ငန်းရှင်တွေဘက် ကလည်း Ethic (ကျင့်ဝတ်) ရှိဖို့ လိုအပ်ပါတယ်။
 
မေး ။ ။ လုပ်ငန်းခွင်ကို သက်ဆိုင်ရာက စစ်ဆေးတိုင်း နေ့စားနဲ့ ကလေးလုပ်သားတွေကို အလုပ်ကနေ ရပ်နားထား တာ၊ အလုပ်ထုတ်တာ၊ ပုန်းရှောင်ခိုင်းတာတွေက ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေ ရှိခဲ့လားခင်ဗျ ။
ဖြေ ။ ။ ရှိပါတယ်။ ဒီနေ့ အလုပ်လာတယ်၊ အလုပ်မရှိဘူးဆိုပြီး ပြန်ရတယ်။ လာစစ်တယ်၊ အဲ့အတွက် ပြန်ရတယ် ။ ပိုက်ဆံမရဘူးဆိုတော့ ကလေးတွေ ထိခိုက်ပါတယ်။ သူမှာလည်း စိတ်ပိုင်း ဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ထိခိုက် ကြပါတယ်။
 
မေး ။ ။ ကလေးလုပ်သားတွေ အပေါ်ချိုးဖောက်မှုတွေအတွက် ထိရောက်တဲ့ အရေးယူမှုတွေ မတွေ့ရဘူး ။ ဘာကြောင့်ပါလဲ။ ဘယ်လို ဆောင်ရွက်သင့်ပါသလဲ။
ဖြေ ။ ။ ရှေ့မှာ ပြောထားသလိုပဲ၊ ခြိမ်းခြောက်မှုတွေလည်းရှိတယ်။ ကလေးလုပ်သားလို့ ပြောလိုက်တာနဲ့ အရေးယူမှုတွေက တနွယ်ငင် တစင်ပါ ဆိုတော့၊ အဓိက ကလေးတွေ ကာယကံရှင်တွေကိုယ်တိုင်က ရင်မဆိုင် ချင်ဘူး ။ အဲလို တိုင်ကြားမှုတွေ မလုပ်ချင်ဘူး ။ ဒါကြောင့်လည်း ပျက်ပြယ်သွားတယ် ။
 
မေး ။ ။ ကလေးလုပ်သားတွေ တန်းတူအခွင့်အရေးရဖို့ လုပ်ငန်းရှင်နဲ့ လုပ်သားတွေ နှစ်ဖက်လုံး ဘာတွေ ပြုပြင်ဖို့ လိုမယ် ထင်ပါသလဲ။ ဒီနှစ်ဖက်မဟုတ်ဘဲ တခြားပြုပြင်ဖို့ အချက်တွေ ရှိရင်လည်း ပြောပြပေးပါ ခင်ဗျ။
ဖြေ ။ ။ ကလေးလုပ်သားတွေ တန်းတူအခွင့်အရေးရဖို့ ဆိုတာမျိုး ဆွေးကို မဆွေးနွေးချင်ဘူး။ ဘာလို့ဆို အသက် ၁၈ နှစ် မပြည်တဲ့ ကလေးတယောက်က လုပ်ငန်းခွင်ထဲမှာ ရှိမနေသင့်ဘူး။ ကလေးလုပ်သား မရှိဖို့ ဆိုရင် မူဝါဒ တွေက အများကြီး ချမှတ်ထားဖို့ လိုတယ်။ တနေရာတည်းမှာ ကလေးလုပ်သားတွေမခန့်နဲ့လို့ ပြောလိုက်ရုံနဲ့ ပြီးမသွားဘူး ။ အဲတနေရာတည်း ချလို့ မရဘူး။ ဘက်ပေါင်းစုံက ချမှတ်ဖို့လိုတယ်။ ဥပမာ ကလေး ရဲ့လုပ်အားခကို မှီခိုရတဲ့ အိမ်တအိမ်ဆိုရင်၊ အဲ့ကလေးက တရားမဝင်လုပ်ငန်းခွင်ထဲ ရောက်သွားမယ်။ အဲ့ကလေး က ပိုဆိုးတဲ့ အခြေအနေတွေကို ရင်ဆိုင်ရတော့မယ်။ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့လည်း ဆိုင်တယ်။ နိုင်ငံရေးလည်း မတည်ငြိမ်၊ စီးပွားရေးလဲ မတည်ငြိမ်နဲ့ဆိုတော့ အခုလိုကာလမှာ ကလေးလုပ်သားတွေ တန်းတူ အခွင့်အရေးရဖို့ ဆိုတာက မလွယ်ဘူး၊ ဒီကိစ္စတခုတည်းကို စောင်းပေးပြီး မြှင့်တင်သွားလို့လည်း မရဘူး။ တနိုင်ငံလုံးမှာ ပြသနာတွေနဲ့ ကြုံတွေနေရတဲ့ကာလမှာ ဘယ်လို မူဝါဒကောင်းတွေ ချမှတ်လို့ ရမလဲ၊ မချမှတ် နိုင်ဘူး။ သူတို့ပညာသင်ကြားဖို့တို့၊ ပညာရေးကရော အဆင်သင့်ဖြစ်ပြီလား။ ကလေးတွေရဲ့ မိဘတွေ စီးပွားရေး၊ စားဖို့၊ အကာကွယ်ပေးဖို့ ဆိုတာ ဘယ်သူက တာဝန်ယူမလဲ။ ဒါတွေက တပတ်လည်း စဉ်းစားရမဲ့ ကိစ္စပါ။ ကလေး လုပ်သားပပျောက်ရေး၊ တန်းတူအခွင့်အရေး ရရေးဆိုပြီး တခုတည်းကို ဆွဲတင်ပြီး စီမံကိန်းလုပ်လို့ မရဘူးလို့တော့ မြင်ပါတယ်။
 
မေး ။ ။ ကလေးလုပ်သားပပျောက်ဖို့ စီမံချက်တွေနဲ့ ဆောင်ရွက်တယ်လို့ ပြောနေပေမဲ့ ပပျောက်မသွားဘဲ ပိုတိုး လာတာတွေ့ ရပါတယ်။ စီမံချက်နဲ့ ဆောင်ရွက်ချက်တွေလွဲနေတာလား၊ ဘာတွေ လိုအပ်ချက် ရှိနေလို့လဲ ခင်ဗျ။
 
ဖြေ ။ ။ နိုင်ငံက မူဝါဒတွေချရင် အလုပ်သမားဝန်ကြီးဌာန တခုတည်းကိုပဲ ချလို့မရဘူး။ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဝန်ကြီးဌာနတို့၊ မြို့တော်စည်ပင်တို့တွေရော စသဖြင့် ဘက်ပေါင်းစုံ ပါဖို့ လိုတယ်။ ကျူးကျော်မှာ နေရတယ်၊ အလုပ်မရှိဘူးဆိုရင် အဲဒီမိသားစုထဲက ကလေးက သေချာတယ် အလုပ် ထွက် လုပ်ရတော့မယ်။ အဲလို ထွက်လုပ်မယ်ဆို ဘယ်လို အလုပ်မျိုး လုပ်မလဲ။ မသန်စွမ်းလား၊ အသက်ရွယ် ကြီးရင့်သူလား အဲလိုလူမျိုးအတွက် အလုပ်ကိုင်အခွင့်အလမ်းကို ဘယ်သူက တာဝန်ယူမလဲ၊ အစိုးရကပဲ တာဝန် ယူရမှာ။ ဒါကြောင့် စီမံချက်ရေးမယ်ဆိုရင် တခုတည်းနဲ့တော့ မရဘူး ဘက်ပေါင်းစုံ ပါဝင်တဲ့ စီမံချက်မျိုး ရေးဆွဲဖို့ လိုပါတယ်။ လက်ရှိအခြေအနေကတော့ သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေ၊ သက်ဆိုင်သူတွေ မျက်နှာချင်းဆိုင်ထိုင်ပြီး မူဝါဒကောင်းတွေ ရေးဆွဲရမဲ့ အခြေအနေမျိူးတော့ ဟုတ်နေဘူး ။ ဒါကြောင့် ဒီကိစ္စက ဆွေးနွေးဖို့ ခက်တယ်။
 
မေး ။ ။ ကလေးလုပ်သားတွေ ပပျောက်ဖို့ထက် လက်ရှိ အဲဒီကလေးလုပ်သားတွေအတွက် ဘာတွေ လုပ်ပေးသင့် တယ်လို မြင်ပါသလဲ ခင်ဗျား ။
 
ဖြေ။ ။ ကလေးလုပ်သားတွေ ပပျောက်ဖို့ဆိုရင် ဘာကြောင့် ကလေးလုပ်သား ဖြစ်နေရတာလဲဆိုတာကို အရင်ဆုံး ရှာဖွေဖို့ လိုတယ်လို့ မြင်ပါတယ်။ ရှေ့မှာ ပြောသလို ဒီကလေးက အလုပ် မလုပ်ရင် ဒီအိမ်ရဲ့စားဝတ်နေရေး အဆင်မပြေ ဘူးဆိုရင် ကလေးက သေချာပေါက် အလုပ် လုပ်ရတော့မယ်။ ဒါဆို ကလေးကို ဘယ်လို အလုပ်မျိုးက ကာကွယ် ပေးမှာလဲ။ လုပ်ငန်းခွင်ထဲ ကလေးကို မလာနဲ့လို့ တွန်းထုတ် လိုက်တယ် ဆိုပါဆို့ ။ ဒါဆို တရားမဝင် လုပ်ငန်းခွင် ထဲ ရောက်သွားမယ် ဒါဆို လုံခြုံမှာလား ။ လုပ်ငန်းခွင် တခုကတော့ ကလေးလုပ်သားမရှိတော့ဘူး ။ နေရာတခု ကတော့ သန့်သွားတယ်။ နောက်တနေရာမှာတော့ အညစ်အကြေးတွေနဲ့ စွန်းထင်းနေမယ် ။ ကောင်းတဲ့ Society (လူအဖွဲ့အစည်း)တော့ မဟုတ်ဘူး။ အလုပ်သမားဝန်ကြီးဌာန တခုတည်းမှာဘဲ ကလေးလုပ်သားပပျောက်ဖို့ စီမံချက် ရေးမယ်ဆိုရင်တော့ Street Child လိုခေါ်တဲ့ ကလေး လုပ်သားတွေ အများကြီးပေါ်လာလိမ့်မယ်။
 
မေး ။ ။ ထပ်ဖြည့် ပြောဖို့ရှိရင် ပြောပေးပါခင်ဗျား ။
ဖြေ ။ ။ ဒီလို နိုင်ငံမျိုးမှာ ကလေးလုပ်သား ပပျောက်ဖို့ဆိုတာ ခက်ခဲတယ်။ နိုင်ငံက မဖွံဖြိုးတော့ ကလေးလုပ်သား က ရှိနေမှာပဲ။ အဲတော့ ကလေးလုပ်သားတွေအတွက် ဘယ်လို စဉ်းစားမလဲဆိုတော့ နိုင်ရေး တည်ငြိမ်ဖို့ပဲ အရင်ဆုံး စဉ်းစားရမယ်။ နိုင်ငံရေး တည်ငြိမ်မယ်ဆိုရင် ဆက်စပ်တဲ့ ကိစ္စရပ်တွေကို တခုပြီး တခု စဉ်းစား လုပ်ဆောင်နိုင်မယ် လို့မြင်မိပါတယ်။
 
Photo - ILO (ပုံဟောင်း)

Related posts

Cover
NKM စက်ရုံမန်နေဂျာ အမျိုးသမီး ရိုင်းဆိုင်း ဆဲဆို ခိုင်းစေလို့ အလုပ်သမားများ အရှက်ရ
Apr 27, 2024
Cover
စက်ရုံလုပ်သားများ လုပ်ငန်းခွင်စွန့်ပြီး ပြည်ပထွက်ရန် ကြိုးပမ်းလာ
Apr 27, 2024
Cover
အလုပ်ထွက်တဲ့ဝန်ထမ်းတွေ လစာအပြည့်မရဘဲ ဖြတ်တောက်ခံနေရ
Apr 25, 2024
Cover
အလုပ်ထွက်တဲ့အလုပ်သမားတွေ ဒေးကြေး ရက်မှန်ကြေး အချိန်ပိုကြေးနှင့် ကျွမ်းကျင်ကြေးတွေ ဖြတ်တောက်ခံနေရ
Apr 23, 2024
Cover
လုပ်ငန်းခွင်အတွင်းက အခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးရန် တိုင်ကြားထားဟုဆို
Apr 22, 2024
Cover
လုပ်ခ မလုံလောက်မှုကြောင့် အလုပ်သမားများ စားဝတ်နေရေး ပိုမိုခက်ခဲလာ
Apr 22, 2024
Cover
အမျိုးသမီးများပါသွားရောက်လုပ်ကိုင်နိုင်မည့် ကိုရီးယား EPS-TOPIK စာမေးပွဲဧပြီ ၃၀ ရက် နေ့ဖြေဆိုရမည်
Apr 20, 2024
Cover
HOPE ONE CO,LTD စက်ရုံလုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက်အပါအဝင် အခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေဟုဆို
Apr 19, 2024