NEWS

ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အမျိုးသမီးလုပ်သားတွေ ဘာကြောင့် မတွေ့ရတော့တာလဲ (အင်တာဗျူး)

CoverLogo
846 Views

ဆောက်လုပ်ငန်းမှာ အမျိုးသမီးလုပ်သားတွေမတွေ့ရတော့တာကြောင့် အမျိုးသမီးတွေအတွက် အလုပ်အကိုင် နေရာတွေ ရှိနေဦးမလား၊ လုပ်ငန်းခွင်အတွင်း အမျိုးသမီးတွေရဲ့အားသားချက်တွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင် အတွင်း အမျိုးသမီးလုပ်သားတွေပါဝင်မှုတွေနဲ့ ဘယ်လိုအရာတွေက အမျိုးသမီးတွေရဲ့ အလုပ်အကိုင်နေရာတွေကို အစားထိုးဝင်ရောက်လာလည်းဆိုတာကို မြန်မာနိုင်ငံ ဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းအလုပ်သမား သမဂ္ဂ အဖွဲ့ချုပ် (BWFM) အဖွဲ့ဝင် တစ်ဦးကို မေးမြန်း ထားပါတယ်။

“ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အမျိုးသမီးများရဲ့ အမြင်နဲ့ ဇွဲက တော်တော် အသုံးဝင်တာ ။ ဒီလိုဗျ အမျိုးသမီးတွေ က အလှအပကြိုက်တယ် ဥပမာ ကြွေပြားကပ်တာ၊ ဆေးသုတ် တာ၊ အိမ်တွင်းအလှဆင်တာမျိုးနဲ့ ဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့ နေရာတော်တော်များများပါပဲ ။ အမျိုးသမီးတွေပါရင် ပိုလှပြီး ပိုသပ်ရပ်တယ် ။ သူတို့ရဲ့ဇွဲကတော့ စိတ်ရှည်မှုဗျ ။ အလုပ်မှာ အမျိုးသားများထက် ပိုစိတ်ရှည် ကြတယ်။”

(မြန်မာနိုင်ငံ ဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (BWFM) အဖွဲ့ဝင်)

မေး- ရန်ကုန်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အမျိုးသမီးလုပ်သားတွေ မတွေ့ရတော့ဘူး ဘာကြောင့် ပါသလဲ?

ဖြေ- ရန်ကုန်မြို့ ဆောက်လုပ်ရေးလုပ်ငန်းတွေရဲ့ သဘောသဘာဝက sub-contractor တွေနဲ့ အဆင့်ဆင့် လုပ်ကြတာ ။ အဲဒီမှာ အမျိုးသမီးတွေကို သူတို့က သိပ်မသုံးချင်ဘူး။ အမျိုးသမီးများရဲ့ လုပ်အားစွမ်းရည်ကို အမျိုးသားတွေ လောက် လုပ်နိုင်စွမ်းမရှိဘူးလို့ အများစုက သက်မှတ် ထားကြတယ် ။ Sub-contractor စနစ်တွေ ဆိုတော့ အလုပ် မြန်မြန်ပြီးလေ ပိုက်ဆံ မြန်မြန် ရလေဆိုတော့ အမျိုးသမီးလုပ်သားတွေကို ဆောက်လုပ်ရေး လုပ်ငန်း တွေမှာ သိပ်မသုံး ကြ တော့ဘူး။ နောက်တချက်လည်း အမျိုးသမီးတွေကိုယ်တိုင်က ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ မလုပ်ချင်ကြတာ။ ပန်းရံတို့ မြေကြီးတူးတို့လို အလုပ်မျိုးတွေ လုပ်ကိုင်ရတဲ့သူ တွေဆိုရင် အထင်သေး ချင်ကြတယ်။ ဒါကြောင့် အမျိုးသမီးအများစုက စက်ရုံ အလုပ်ရုံတွေဆီ ပြောင်းလုပ် လာ ကြတာလည်း ပါတယ် ။

မေး- ဒီလို အမျိုးသမီး ဆောက်လုပ်ရေး လုပ်သားတွေနည်းလာတာ ဘယ်နှစ်တွေကတည်းကလဲ?

ဖြေ-၂၀၀၀ ခုနှစ် နောက်ပိုင်းလောက်ကတည်းက ပဲ။ စက်မှုဇုန်တွေ စတင်လာ ကတည်းက ပေါ့ ။

မေး- အမျိုးသမီးတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း နည်းလာမျိုး မဖြစ်နိုင်ဘူးလား ?

ဖြေ- ဆောက်လုပ်ရေးမှာ အမျိုးသမီးတွေအတွက်ပါမက အမျိုးသားတွေအတွက်ပါ အလုပ်အကိုင် အခွင့်အလမ်းက ရှားပါးတယ် ။ လွန်ခဲ့တဲ့ ၃နှစ်က ကိုဗစ်ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းအများစု ရပ်နားခဲ့ရတယ် ။ အခု မတရား အာဏာသိမ်းခံရ ပြီးနောက်ပိုင်း ဈေးအဆမတန်တက်လာတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေ ကြောင့် လည်း ဆောက်လုပ်ရေးလုပ်ငန်းအများစုက ရပ်ဆိုင်းကုန်တာကြောင့် အလုပ်အကိုင်တွေရှားပါးလာတယ် ။ ကြားကြမှာပါ၊ မကြာခင်ကပဲ ရပ်ဆိုင်းထားတဲ့ ဆောက်လုပ်ရေးလုပ်ငန်း ၇၈၀ ကို သက်တန်းမတိုးလို့ဆိုပြီး အကြမ်းဖက် စစ်တပ် လက်အောက်ခံ ဆောက်လုပ်ရေးဌာနက ဧပြီလ ၅ ရက်မှာကြေညာ ခဲ့တယ်။

မေး- ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အမျိုးသမီးလုပ်အားက ဘယ်လောက် အရေးပါမှုရှိသလဲ?

ဖြေ- အမျိုးသမီးတွေရဲ့လုပ်အားဆိုတာထက် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အမျိုးသမီးများရဲ့ အမြင်နဲ့ ဇွဲက တော်တော် အသုံးဝင်တာ ။ ဒီလိုဗျ အမျိုးသမီးတွေကအလှအပကြိုက်တယ် ဥပမာ ကြွေပြားကပ်တာ၊ ဆေးသုတ် တာ၊ အိမ်တွင်းအလှဆင်တာမျိုးနဲ့ ဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့ နေရာတော်တော်များများပါပဲ ။ အမျိုးသမီးတွေပါရင် ပိုလှပြီး ပိုသပ်ရပ်တယ် ။ သူတို့ရဲ့ဇွဲကတော့ စိတ်ရှည်မှုဗျ ။ အလုပ်မှာ အမျိုးသားများထက် ပိုစိတ်ရှည် ကြတယ်။ အနောက်နိုင်ငံတွေမှာ ဆိုရင် တော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အမျိုးသမီးများကို ပိုတွေ့ရတယ် ။

မေး- အမျိုးသမီးလုပ်သားတွေရဲ့ အလုပ်အကိုင်တွေကို ဘာတွေနဲ့ အစားထိုးနေပါသလဲ

ဖြေ- အမျိုးသမီးတွေရဲ့အလုပ်အကိုင်နေရာတွေကို စက်တွေနဲ့ အစားထိုးလာပြီလို့ပြောရမှာပေါ့ဗျာ။ ၂၀၁၅ နောက်ပိုင်း မှာ အသင့်သုံးကွန်ကရစ်ဖျော်ရောင်းတဲ့ စက်ရုံတွေများလာတယ်။ နောက်ပြီး အသင့်သုံးအိမ်နံရံတွေ အစားထိုး လာတယ်။ အဒီလိုပစ္စည်းတွေကိုသုံးခြင်းအားဖြင့် လုပ်သားအင်းအား လျှော့ချနိုင်တဲ့အပြင် လုပ်အားခ နဲ့ အချိန်သက်သာတယ်။

မေး- နိုင်ငံအတွင်း ဆောက်လုပ်ရေး လုပ်သား ဘယ်လောက်ရှိနိုင်သလဲ၊ အမျိုးသမီးအရေအတွက် ဘယ်လောက်ရှိမလဲ ?

ဖြေ- ဆောက်လုပ်ရေး လုပ်သား ၁ သန်းဝန်းကျင်လောက်ရှိတယ်။ ၂၀၂၁မှာတော့ ဆောက်လုပ်ရေးလုပ်သား ၃သိန်းခွဲလောက် အလုပ်လက်မဲ့ ဖြစ်သွားပြီလို့ ILO စစ်တမ်းက ဖော်ပြခဲ့တယ်။ အမျိုးသမီးက ၂၀ ရာခိုင်နှုန်းကျော် ရှိတယ်။

မေး- ဆောက်လုပ်ရေးလုပ်ငန်တွေထဲမှာ အမျိုးသမီးတွေကို နေရာမပေးဘဲ အလုပ်ကြမ်းတွေမှာဘဲ ဘာလို့ လုပ်ကိုင်ခိုင်းခဲ့ကြတာလဲ ?

ဖြေ- Skill ပေါ့။ ကျွန်တော်တို့ နိုင်ငံရဲ့ယဉ်ကျေးမှုတွေက ကျားအလုပ် မအလုပ် Gender ခွဲခြားတာကြောင့် အမျိုးသမီး အများစုက ပန်ရံဆရာတွေ၊ လက်သမားဆရာတွေ၊ ကြွေပြားကပ်ဆရာ၊ ပိုက်ဆက်ဆရာ၊ ဆေးသုတ်၊ သံချည် သံကွေး ၊ငြမ်းဆင်နဲ့ ဆောက်လုပ်ရေးဆိုင်ရာအလုပ်တွေမှာ အများစုက မတက်မြောက်ကြဘူး။ သင်ယူမှုလည်း အလွန် အားနည်းကြတယ်။ ချွင်းချက်အနေနဲ့ ဆောက်လုပ်ရေးအင်ဂျီနီယာ အမျိုးသမီးတွေတော့ ရှိပါတယ်။

မေး- လုပ်ခကွာခြားမှုတွေက လုပ်ငန်းခွင်အတွင်း အမျိုးသမီးတွေ နစ်နာမှုတွေလား?

ဖြေ- လုပ်အားခနဲ့ပတ်သက်ရင်တော့ ခွဲခြားခံရတာပေါ့။ အမျိုးသမီးတွေ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အောက်ခြေ အလုပ်တွေဖြစ်တဲ့ အုတ်သယ်၊ မာဆလာသယ် ၊ ဘိလပ်မြေရွက်လုပ်နေရပေမယ့် အမျိုးသမီးဆိုတဲ့ အကြောင်းပြ ချက်နဲ့ပဲ အလုပ်ရှင်တွေက အမျိုးသားတွေထက် လုပ်အားခလျှော့ပေးကြတယ်။ ဒါက လုံးဝ မဖြစ်သင့်တဲ့ ခွဲခြားမှုပါ။

မေး- ဆောက်လုပ်ငန်းတွေမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍပျောက်သွားနိုင်လား၊ ပါဝင်နိုင် ပါသေးသလား?

ဖြေ- ဒါက အမျိုးသမီးဆောက်လုပ်ရေးအလုပ်သမားတွေရဲ့ ပါဝင်မှုနဲ့ကျိုးစားမှုက အရေးကြီးတယ် ။ ပြောခဲ့သလိုပါပဲ သူတို့ရဲ့ skillတွေကို မြှင့်ရမယ်။ gender ခွဲခြားမှုတွေကို တိုက်ထုတ်ရမယ် ။ ကျွမ်းကျင်မှုတွေ မြင့်လာပြီဆိုရင် အမျိုးသမီးဆောက်လုပ်ရေး အလုပ်သမားတွေအနေနဲ့ အမျိုးသားတွေနဲ့ ပခုံးချင်း ယှဉ်လို့ရပြီ။ တိုးတက်နေတဲ့အနောက်နိုင်ငံတွေမှာတောင် အမျိုးသမီး ဆောက်လုပ်ရေးအလုပ်သမားတွေ အခုထိ များစွာ ရှိနေကြတယ်။ အဲဒီအမျိုးသမီး တွေက ကျွမ်းကျင်မှုတွေလည်းရှိကြတယ် ။ ပြောချင်တာကတော့ အမျိုးသမီး ဆောက်လုပ်ရေး အလုပ်သမားတွေရဲ့ အခန်းကဏ္ဍကို အမျိုးသမီးတွေကိုတိုင် မပျောက်အောင် ကျိုးစားရမယ်။

မေး- အနာဂတ်ကာလမှာ ဆောင်လုပ်ရေးလုပ်ငန်းထဲမှာ အမျိုးသမီးတွေပေါ် ခွဲခြားဆက်ဆံတာ တွေရှိ နိုင်ပါသလား။

ဖြေ- စိတ်မကောင်းစွာပဲ ဖြေပါရစေ။ ခွဲခြားဆက်ဆံမှုတွေကတော့ ရှိနေအုံးမှာပါ ။ ဒါပေမဲ့ အဲလို ခွဲခြားဆက်ဆံမှု တွေကလည်း ကျွန်တော်တို့ နိုင်ငံတခုတည်းမှာတော့မဟုတ်ဘူး။ ခွဲခြားဆက်ဆံမှု တွေ ပပျောက်အောင် မြန်မာအလုပ်သမားသမဂ္ဂတွေနဲ့ ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂတွေက နိုင်ငံအသီးသီးမှာ ကျား/မ တန်းတူ ညီမျှမှု ရရှိဖို့ ပညာပေးလုပ်ငန်းတွေကို စဉ်ဆက်မပျက် လုပ်ဆောင်နေ ကြပါတယ်။

Photo- ILO

#MyanmarLabourNews


Related posts

Cover
အလုပ်ထွက်တဲ့ဝန်ထမ်းတွေ လစာအပြည့်မရဘဲ ဖြတ်တောက်ခံနေရ
Apr 25, 2024
Cover
အလုပ်ထွက်တဲ့အလုပ်သမားတွေ ဒေးကြေး ရက်မှန်ကြေး အချိန်ပိုကြေးနှင့် ကျွမ်းကျင်ကြေးတွေ ဖြတ်တောက်ခံနေရ
Apr 23, 2024
Cover
လုပ်ငန်းခွင်အတွင်းက အခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးရန် တိုင်ကြားထားဟုဆို
Apr 22, 2024
Cover
လုပ်ခ မလုံလောက်မှုကြောင့် အလုပ်သမားများ စားဝတ်နေရေး ပိုမိုခက်ခဲလာ
Apr 22, 2024
Cover
အမျိုးသမီးများပါသွားရောက်လုပ်ကိုင်နိုင်မည့် ကိုရီးယား EPS-TOPIK စာမေးပွဲဧပြီ ၃၀ ရက် နေ့ဖြေဆိုရမည်
Apr 20, 2024
Cover
HOPE ONE CO,LTD စက်ရုံလုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက်အပါအဝင် အခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေဟုဆို
Apr 19, 2024
Cover
လုပ်သားအင်အားရှားပါးမှုကြောင့် ကလေးလုပ်သား အသုံးပြုမှုပိုများလာ
Apr 15, 2024
Cover
ဒေါ်ခိုင်ဇာအောင်အား Arthur Svensson Prize ချီးမြှင့်
Apr 15, 2024