NEWS

New Green Land အထည်ချုပ် စက်ရုံမှာ အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပိုခေါ်၊ အလုပ်ချိန် ၁၀ နာရီအထိ ခိုင်းစေနေဟုဆို

CoverLogo
1.1K Views

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဥ်းမပင်စက်မှုန်ဇုန်က New  Green Land စက်ရုံက အထည်ချုပ် အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲ အချိန်ပို မဖြစ်နေဆင်းခိုင်းနေတယ်လို့ စက်ရုံ အလုပ်သမားတွေ က Myanmar Labour News ကို  ပြောပါတယ်။  

ဒါ့အပြင် အလုပ်ချိန်ကိုလည်း မနက် ၇ နာရီခွဲကနေ ညနေ ၆ နာရီခွဲအထိ သတ်မှတ်ထားတာကြောင့် အလုပ်ချိန် စုစုပေါင်း ၁၀ နာရီအထိ ရှိနေတာကိုလည်း တွေ့ရပါတယ်။

အချိန်ပိုခေါ်ယူမှုတွေဟာ အလုပ်သမားတွေရဲ့ ဆန္ဒကို မေးမြန်းတာတွေ မပြုလုပ်ဘဲ တရက်ခြား ပုံမှန် ဆင်းနေရတယ်လို့ စက်ရုံလုပ်သားတွေက ပြောပါတယ်။

ဒါ့အပြင် New  Green Land စက်ရုံ က အထည်ချုပ် အလုပ်သမားတွေကို အောနိုက်၊ အောအလင်း အလုပ်ဆင်းခိုင်းတာရှိတယ်လို့ ပြောပါတယ်။

အများပြည်သူရုံးပိတ်ရက်နဲ့ တနင်္ဂနွေနေ့မှာ ည၈ နာရီအထိ အချိန်ပို ဆင်းနေရတာလို့ MLN ကို ပြောပါ တယ်။

“မဖြစ်မနေ ဆင်းရမယ်ဆိုတာက မတရားပါဘူး။ အခုလိုကာလမှာ အောလင်း အောနိုက်တော့
မဆင်းချင်ဘူး။ တနင်္ဂနွေနေ့ကိုလည်း ဆင်းချင်ရင် ဆင်းဆိုတာမျိုး ဖြစ်စေချင်တာပါ” လို့ အလုပ်သမား တွေက ပြောပါတယ်။

အချိန်ပို မဖြစ်မနေဆင်းဖို့ အတွက် လက်မှတ်ထိုးရတာ၊ လုပ်ငန်းခွင်အတွင်း စူပါနဲ့ အောစူပါတွေက 
နိုင်ငံရေး မကောင်းတာကို အကြောင်းပြုပြီး အချိန်ပို ဆင်းဖို့ အနိုင်ကျင့်ခြိမ်းခြောက်တာလည်း ရှိတယ်လို့  ပြောပါတယ်။

“မဆင်းရင် နောက်နေ့ မနက်ဆို အပြောခံရပါတယ်။ အခုအခြေနေအက ခက်ခဲနေတာ ။ ရနေတဲ့ အလုပ် ကိုတန်ဖိုးထားပြီးလုပ်။  လိုအပ်လို့ခေါ်တာ။ အချိန်ပိုမဆင်းချင် မလုပ်နိုင်ရင် ထွက်ဆိုပြီး ပြောတယ်။ ငြင်းပယ်လို့ မရသလို ၊ ငြင်းပိုင်ခွင့်မရှိပါဘူး ” လို့ အလုပ်သမားတွေက ပြောပါတယ်။

အခု အောက်တိုဘာလအတွင်း အောနိုက်  (ညလုံးပေါက်) တလလုံးနီးပါး ဆင်းနေရပြီး အောနိုက် အတွက် ထမင်းဖိုး အနေနဲ့ ၁၅၀၀ ကျပ်ကို စက်ရုံက ပေးတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒါ့အပြင် တနင်္ဂနွေ အချိန်ပိုဆင်းရတဲ့ အတွက် စက်ရုံက ကျပ် ၉၅၀၀ ကို အလုပ်ဆင်းပြီး နှစ်ရက်မြောက်နေ့မှာ ထုတ်ပေး သလို အောနိုက်အတွက်ကိုတော့ အိုတီနာရီမှာ ပေါင်းထည့်ပေးတယ်လို့လည်း သိရပါတယ်။

အောအလင်း အောနိုက် အလုပ်ဆင်းရပါက သတ်မှတ်ထားတဲ့ အထည်တွေပြီးစီးမှ ပြန်ရတာကြောင့် တခါတစ်ရံ နေ့လယ် ၁၂ နာရီလောက်မှ အိမ်ပြန်ရတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။

“နားရက်မပေးပါဘူး ။ ည ၁နာရီ အလုပ်ပြီးတယ် ဆိုပါတော့ ၊ မနက် ၅နာရီ အိမ်ပြန်ရတယ်။ ဒါပေမယ့် အလုပ်ပြန်စချိန် အလုပ်ပြန်လုပ်ရပါတယ်။ အောလင်းအချိန်ပို ပြီးလို့ ထွက်ရပေမယ့် အထည်ပြည့်မှ ပြန်ရတာပါ။ ပုံသေ အလုပ်ပြီးချိန် မရှိပါဘူး။ လိုအပ်သလိုပါပဲ။ တစ်ခါတလေ မနက် ၅နာရီထိ တစ်ခါတလေ နေ့လယ် ၁၂နာရီထိ” လို့ ပြောပါတယ်။

ဒီလို အလုပ်ဆင်းရတဲ့အတွက် နားရက်မပေးဘူးလို့လည်း New  Green Land စက်ရုံက အလုပ်သမား တွေက ပြောပါတယ်။

“သီးခြားနား ရတာမရှိဘူး ၊ အောနိုက်က နောက်တစ်နေ့ နေ့လယ်ပြီးရင် နေ့တစ်ပိုင်းနားပေါ့၊ ပြီးတဲ့ အချိန်နား၊ နောက်တစ်နေ့ အလုပ်ဆင်း၊ အဲ့လို ပုံစံမျိုးပါ” လို့ ပြောပါတယ်။

New  Green Land စက်ရုံက အချိန််ပိုများပေမယ့် လစာမှာတော့ ထင်သလောက်မရဘူးလည်း ပြောပါ တယ်။ စက်ရုံက အိုတီခေါ်တာကြောင့် နေအိမ်ပြန်ရာမှာလည်း လုံခြုံရေးနဲ့ စားသောက်ရေး အခက်အခဲ တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

“အိုတီ အရမ်းများလည်း လစာကက ထင်သလောက်မဟုတ်ဘူးလေ။ အခုလိုချိန် ခိုးတယ်၊ လုတယ်
အရမ်းများနေချိန်မှာ အချိန်မရှိချိန် ပြန်လွှတ်တာက တကယ်ကို အဆင်မပြေပါဘူး။ အချိန်မရှိပြန်ကြရတော့ စျေးဆိုင်တွေပိတ်ကုန်တော့ စားဖို့သောက်ဖို့က အဆင်မပြေဘူး” လို့ New  Green Land စက်ရုံ အထည်ချုပ်လုပ်သားတစ်ဦးက MLN ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က စက်ရုံအတွင်း အလုပ်သမားသမဂ္ဂနဲ့ အလုပ်သမာခေါင်းဆောင်တွေ ရှိလို့ အိုတီခေါ်ဖို့ အတွက် အလုပ်သမားတွေရဲ့ ဆန္ဒကို မေးမြန်းခဲ့တယ်လို့ ပြောပါတယ်။

အကြမ်းဖက် စစ်အာဏာ သိမ်းပြီးနောက်မှာတော့ အလုပ်သမားအဖွဲ့အစည်းကို စက်ရုံက စိတ်ကြိုက် ခန့်အပ်ခဲ့ တာကြောင့် အချိန်ပို မတရားခေါ်ယူတာကို တိုင်တန်းဖို့ အခက်အခဲတွေရှိနေတာလို့ ဆိုပါတယ်။

New  Green Land အထည်ချုပ် စက်ရုံအတွင်း အထည်ချုပ် စက်ရုံ ၃ ရုံ ရှိပြီး  BBG ၊ Morrinn နှင့် တခြား ကုန်အမှတ်တံဆိပ် တချို့ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။  

ကိုရီးယားလူမျိုးပိုင် စက်ရုံလို့ အလုပ်သမား တွေက ပြောကြားပေမယ့် DICA ရဲ့ အချက်အလက်တွေ မှာတော့ New  Green Land ကို ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလို့ ဖော်ပြထားပါတယ်။

Photo- New  Green Land(FB)
MyanmarLabourNews


Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026