"ကျွန်တော်တို့နဲ့ အတူရပ်တည်ပေးပါ။"Foodpanda Rider တစ်ဦးနှင့်မေးမြန်းခြင်း။

cover
profile
Jun 6, 2022

မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ် မှာစတင်ဝင်ရောက်လာတဲ့ ဂျာမနီအခြေစိုက် Delivery Hero လုပ်ငန်းစုရဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Foodpanda ဟာ အရှေ့တောင်အာရှ အစားအသောက်ပို့ဆောင်ရေး မှာ ဈေးကွက်ဝေစုရရှိထားတာပါ။

မြန်မာနိုင်ငံမှာ စတင်လုပ်ကိုင်စဉ်က Rider တွေအတွက် စိတ်ဝင်စားစရာ မက်လုံးတွေရှိနေတဲ့ အစားအသောက်ပို့ဆောင်ရေးလုပ်ငန်းတစ်ခုလဲ ဖြစ်ပါတယ်။လုပ်ငန်းစတင်တဲ့ကာလမှာတော့ ပို့ဆောင်ခက မြန်မာကျပ်ငွေ ၁၈၀၀ ဝန်းကျင်ရရှိလို့ ဝင်ငွေကောင်းတဲ့ လုပ်ငန်းတစ်ခုလည်းဖြစ်နေခဲ့ပါတယ်။

လက်ရှိမှာတော့ ကုမ္ပဏီကပေးတဲ့  အခြေခံနှုန်းထား ၅၈၀ ကျပ်ကို မြန်မာငွေ ၉၀ ကျပ်သာ တိုးတောင်းတဲ့အပေါ် ကုမ္ပဏီဘက်က လိုက်လျောပေးခြင်းမရှိတာကြောင့် Foodpanda Rider  တွေစုပေါင်းပြီး အလုပ်မဆင်းသပိတ်ကိုပြုလုပ်နေပါတယ်။

အလုပ်မဆင်းသပိတ်ရဲ့ အဓိကတောင်းဆိုချက်တွေကဘာတွေလဲ။ Rider တွေရဲ့ သဘောထားနဲ့ သူတို့ရဲ့ လက်ရှိအခြေအနေတွေကို Myanmar Labour News ကမေးမြန်းထားပါတယ်။

မေး - ဒီကနေ့ ဇွန်လ ၆ ရက်နေ့မှာ စတင်ပြီး လိုအလုပ်မဆင်းသပိတ်ပြုလုပ်နေတယ်လို့သိရပါတယ်၊ ဒါက Rider တွေအနေနဲ့ သပိတ်မှောက်တာ ဘယ်နှကြိမ်မြောက်ရှိပြီလဲခင်ဗျ။

ဖြေ - သပိတ်မှောက်တာကတော့ ၂ကြိမ်မြောက်မှောက်တာပါ ပထမအကြိမ်ကတော့ ပျက်ပြယ်သွားတယ်ပေါ့နော်။ပျက်ပြယ်သွားတာကတော့ ကျနော်တို့ဘက်က အတွေ့အကြုံမရှိတာရော ရုံးဖက်က အခွင့်အရေးယူသွားတဲ့အပေါ်မှာရော ပျက်ပြယ်ခဲ့တယ်။ကျနော်တို့ ကျရှုံးသလိုဖြစ်သွားတယ်ပေါ့နော်။ ဒီတခေါက်ကတော့ အနိုင်တိုက်မှာပါ။

မေး - ပထမအကြိမ်သပိတ်ကဘယ်တုန်းကလုပ်ခဲ့တာလဲ ဘယ်နှစ်ရက်မြောက်မှာ အဲ့လိုဖြစ်သွားတာလဲ။
ဖြေ - ကျနော်တို့ ၃လပိုင်း ၁၆ ရက်နေ့မှာ ပထမဆုံးအကြိမ်ပေါ့နော် ရန်ကုန်၊ မန္တလေးနဲ့ အခြားမြို့ကြီးတွေမှာရော  အော်ဒါကြေးတွေနည်းတယ်ဆိုပြီး အလုပ် မဆင်းသပိတ် ကိုစတင်ခဲ့တယ်၊ ၂၀ရက်နေ့မှာ သပိတ်အဖြစ်လုံးဝကြေညာခဲ့တယ်ပေါ့နော် အဲ့နေ့ကို စားသုံးသူတွေရော ကျနော်တို့ရောတိုက်မယ်ဆိုပြီး ကြေညာခဲ့တယ်။ လုပ်ခဲ့တဲ့အပေါ်မှာလဲ ကျနော်တို့ ကိုယ်စားလှယ် ၁၀ယောက် ကို ရုံးဖက်ကခေါ်တယ်။ကျနော်တို့က လဲတောင်းဆိုမယ့် အချက်တွေကို တင်ပြခဲ့တယ်။ တင်ပြခဲ့တဲ့အပေါ်မှာ သူတို့က နှုတ်ကတိပဲ ကျနော်တို့ကိုပေးတယ်၊ အော်ဒါကြေး၆၇၀ တောင်းမှုအပေါ်မှာလဲ
သူတို့က ၅၈၀ ပဲပေးနိုင်မယ်ဆိုပြီး အကြောက်အကန်ငြင်းခဲ့တယ်။ အဲ့တာကိုကျနော်တို့ဘက်ကတော့ လက်မခံခဲ့ပါဘူး။ အဲ့တာကို ကျနော်တို့လက်မခံတာကိုသူတို့ဘက်ကနေပြီးတော့ ကိုယ်စားလှယ် ၁၀ယောက်က လက်ခံသွားပါတယ် ညှိနှိုင်းပြီးသွားပါပြီ ဆိုပြီးတော့ Public ထုတ်တယ်ပေါ့နော် အဲ့မှာ Rider တွေကလဲ အကုန်လုံးက စိတ်ဓာတ်တွေကျပြီး ယုံကြည်မှုတွေမဲ့သွားတာပေါ့။ အဲ့လိုလုပ်လိုက်တဲ့အခါကျတော့ ၂၀ရက်နေ့မှာ သပိတ်က ပျက်ပြယ်သွားတယ်။

မေး - အခုဒုတိယအကြိမ်မှာပေါ့နော် စားသုံးသူတွေကိုပါ ပူးပေါင်းပါဝင်ဖို့ဖိတ်ခေါ်ထားတယ်ပေါ့နော်။ သူတို့ဘက်ကရော ဘယ်လိုရှိပါသလဲ။

ဖြေ- ပူးပေါင်းပါဝင်မှုကတော့ ရှိပါတယ်၊ အများအားဖြင့် ၈၀ရာခိုင်နှုန်းလောက်ကပါဝင်ကြပါတယ်။ကျန်တဲ့ ၂၀ရာခိုင်နှုန်း ကာစတန်မာတွေကတော့ မသိသေးလို့လား အခက်အခဲရှိလို့မှာတာလားတော့ မသိဘူးပေါ့နော် အဲ့လိုတော့ မှာတာမျိုးတွေရှိတယ်။

မေး - သပိတ်ကို အများစုကလဲပူးပေါင်းပါဝင်လာကြပြီဆိုတော့ အရှိန်မြှင့်ဖို့ရော ဘယ်လိုမျိုး အစီအစဉ်တွေရှိလဲ။

ဖြေ -  အစီအစဉ်တွေကတော့ အများကြီးရှိပါတယ်ခင်ဗျ၊ အဓိက ကတော့ ကာစတန်မာတွေကို အော်ဒါတွေ မမှာဖို့အတွက် ဆိုင်ရာအဖွဲ့အစည်းတွေကို အကူအညီတောင်းပြီးတော့ နှိုးဆော်ထားတယ် ထုတ်ပြန်ထားတွေလဲရှိတယ်။   Rider  အပိုင်းမှာတော့ အခုနောက်ပိုင်းအသစ်တွေထပ်ခန့်လိုက်တဲ့အပေါ်မှာတော့ ပထမတုန်းက စုရုံးက ခက်သွားတယ်ဗျ အဲ့အတွက်ကိုလဲ မြေပြင်မှာ ခေါင်းဆောင်တွေရော အဖွဲ့ဝင်တွေရောလိုက်ပြီးတော့ စည်းရုံးနေပါတယ်။ ကျနော်တို့ ဒီတခေါက်ကတော့ နိုင်အောင်ရအောင်တိုက်မှာပါ။

မေး - ဒီတခေါက်မှာရော ရုံဘက်က ဆွေးနွေးမှုတွေ ထုတ်ပြန်ချက်တွေအတွက် ဘယ်လိုမျိုး ရင်ဆိုင်သွားဖို့ရှိလဲ။

ဖြေ - ကျနော်တို့ အနေနဲ့ကတော့ ပြီးခဲ့တဲ့အခေါက်ကလို လွယ်လွယ်နဲ့ နှုတ်ကတိတွေပေးတာမျိုးကိုတော့ လက်ခံသွားမှာမဟုတ်ဘူး၊ ကျနော်တို့ကို တရားဝင်စာရွက်စာတန်းနဲ့ လက်မှတ်ထိုးပေးဖိုပြောထားတယ် သူတို့ဘက်ကမလုပ်ပေးသေးတာပေါ့။ ကျနော်အနေနဲ့ကလည်း သူတို့ကိုသီးသန့်ဆွေးနွေးဖို့တော့ သွားတာ မျိုးတော့ မရှိသေးဘူးဗျ။ ကျနော်တို့ အနေနဲ့ကတော့ သက်ဆိုင်ရာကနေခေါ်တာဖြစ်စေ၊ ထုတ်ပြန်စာထုတ်ပြီးခေါ်တာဖြစ်စေအဲ့လိုလုပ်တာတို့၊ နောက်ပြီးတော့ သွားရောက်ညှိနှိုင်းတဲ့အခါ အတိအကျ စာရွက်စာတမ်းနဲ့ တရားဝင်ဒါတွေလုပ်ပေးမယ် လက်မှတ်ထိုးပေးမယ် ဆိုတာမျိုးလုပ်မှ ဒီသပိတ်ကို သပိတ်လှန်ပေးမှာပါ။ အဲ့အတောအတွင်းမှာ  ပြီးခဲ့တဲ့ အခေါက်လိုမျိုး နှုတ်ကတိပေတာတို့ လုပ်ပေးပါ့မယ်တို့ မသေခြာမရေရာတဲ့ အဖြေတွေထက်ပေးခဲ့မယ်ဆိုရင်တော့ ကျနော်တို့က ဒီသပိတ်ကိုလုံးဝဖျက်သွားမှာ မဟုတ်ပါဘူး ဆက်တိုက်သွားမှာပါ။

မေး - Rider အနေနဲ့ အဓိက တောင်းဆိုချင်တဲ့အချက်တွေက ဘာတွေလဲ ပြောပြပေးပါအုံး။

ဖြေ - နံပတ် ၁ ကတော့ ပစ္စည်းပို့ဆောင်တဲ့အခါမှာ  လုပ်အားခငွေကို  အနည်းဆုံး (၆၇၀) ကျပ်ကစပြီးတော့  ပို့ဆောင်ရမယ့်ခရီးအကွာအဝေးပေါ်မူတည်ပြီးတော့မှ  တိုးမြှင့်ပေးရန်ပေါ့ အဆင့်သတ်မှတ်ချက်နှင့် အညီတိုးမြှင့်ပေးရန်။

နံပတ် ၂ ကတော့ ပို့ဆောင်နေသော Rider အလုပ်သမားများကို ကွန်ပျူတာ ဆော့ဖ်ဝဲ စနစ်ဖြင့် ထိန်းချုပ်နေသော တင်းကျပ်လွန်းသည့် စည်းကမ်းချက်များကို လျော့ချပေးရန်။

နံပတ် ၃  Riderများ အလုပ်ချိန်အတွင်း ထိခိုက်မှု တစုံတရာရှိခဲ့လျှင် Riderများ၏ ထိခိုက်နစ်နာမှုအပေါ် ကုမ္ပဏီဖက်မှ တာဝန်ယူမှု တာဝန်ခံမှုရှိရှိ တာဝန်ယူဆောင်ရွက်ပေးရန်။

နံပတ် ၄ ကတော့ Rider များသည် မိမိတို့ ကိုယ်ရေးကိုယ်တာများကြောင့် အလုပ်နားလိုလျှင် ကုမ္ပဏီဖက်မှ သတ်မှတ်ထားသောအလုပ်ချိန်အတွင်းမှ ရက်သတ္တပတ် (၁) ပတ်လျှင် တစ်ရက်အလုပ်ချိန်မယူပဲ အပြည့်အဝနားခွင့်ရရှိရန်။

နံပတ် ၅  Rider များ သွားရောက်ပို့ဆောင်သည့် ခရီးအကွာအဝေး သတ်မှတ်ရာ၌ လမ်းကြောင်းပြ မြေပုံအား Google Map ဖြင့်တိုင်းတာပေးရန်နှင့် သယ်ယူရသည့် အကွာအဝေး တွက်ချက်မှုအား Google Map အပေါ်အခြေခံရန်။

နံပတ် ၆  ကုမ္ပဏီဘက်မှ ပြောင်းလဲမှု တစုံတရာပြုလုပ်ပါက မည်သည့်အကြောင်းအရာဖြစ်စေ Rider များ ကြိုတင်သိရမည့် အကြောင်းအရာများကို Riders များသိရှိစေရန် ရုံးဖက်မှ တရားဝင် သတ်မှတ်ထားသော Social Media နှင့် Telegram Channelများမှ ရက်သတ္တပတ် (၁) ပတ် ကြိုတင်၍ တရားဝင် ထုတ်ပြန်ကြေညာပေးရန်။

နံပတ် ၇ Riderများ အနေဖြင့် အကြောင်း တစုံတရာ ဖြစ်ပေါ်လာပါက အချိန်နှင့် တပြေးညီ ဖြေရှင်းနိုင်ရေး အတွက် ကုမ္ပဏီသို့ တိုက်ရိုက်ဆက်သွယ်နိုင်ရန် (Hotline Phone) နံပတ်တစ်ခုထားရှိပေးရန်။

နောက်ဆုံးအချက်ကတော့ ပို့ဆောင်သူRiderများအား Foodpanda rider သက်သေခံကဒ် ထုတ်ပေးရန်။ စတာတွေဖြစ်ပါတယ်ခင်ဗျ။

မေး - တောင်းဆိုချက်ထဲမှာ အသက်အာမခံအနေနဲ့ တစုံတရာထိခိုက်မယ်ဆိုလို့ရှိရင် ရုံးဖက်ကနေတာဝန်ယူရမယ်လို့ တောင်းဆိုထားတာနဲ့ပတ်သက်ပြီး လက်ရှိမှာ Rider တွေအနေနဲ့ ဘယ်လိုမျိူး အန္တရာယ်တွေရင်ဆိုင်နေရတာလဲ မြေပြင်မှာရှိတဲ့ အလုပ်သမားတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လောက်တောင် အကူအညီတွေလိုအပ်နေတာလဲ။

ဖြေ- ကျနော်တို့က လမ်းတွေမှာသွားပြီးလုပ်နေရတဲ့ အလုပ်ဖြစ်တဲ့အတွက် လမ်းပေါ်မှာ စက်ဘီး အက်စီးဒန့် အမျိုးမျိုးဖြစ်ခဲ့တယ်။ ရှေ့မှာလဲ ဖြစ်သွားတယ် အသက်အန္တရာယ်ဖြစ်သွားတဲ့အထိကိုဖြစ်ခဲ့တယ်။ အဲ့တာတွေအပေါ်မှာလည်း သူတို့ဘက်က ဘာမှ လုပ်ပေးခဲ့တာမရှိခဲ့တဲ့အတွက် ကျနော်တို့က တောင်းဆိုခဲ့တယ်။အဲ့အပေါ်မှာ သူတို့ဘက်က ဧရာမြန်မာနဲ့ ချိတ်ဆက်ပေးခဲ့တဲ့အခါမှာ အသက်အာမခံဝယ်ရမယ်လို့ ပြောလာတယ်။ အဲ့လိုမျိုးကျတော့  ကျနော်တို့ဘက်ကလည်း ပြန်ဖြေရှင်းထားပါတယ်။ ကျနော်တို့ လိုချင်တာက ကုမ္ပဏီက တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့ နစ်နာကြေးကိုလိုချင်တာပါ။ ဧရာမြန်မာက ဝယ်တာလောက်ကတော့ ကျနော်တို့လဲဝယ်တက်ပါတယ်ဗျ။

မေး - မြန်မာပြည်မှာ အစားအသောက်ပို့ဆောင်ရေးလုပ်ငန်းတွေဝင်လာတယ်။ အခုဆိုရင် အခြေအနေအတိုင်းအတာ တခုရောက်လာပြီးတဲ့အခါမှာ အလုပ်သမားတွေအနေနဲ့  အလုပ်သမားအခွင့် အရေးတွေတောင်းဆို လာတာတွေ့ရတယ်၊ အဲ့တာတွေက ဘာကြောင့်အခုမှ စတင်ပြီးတော့ တောင်းဆိုကြတာလဲ။

ဖြေ - အဲ့တာက အခုမှတောင်းဆိုတာတော့ မဟုတ်ပါဘူး၊ ကျနော်တို့ အရင်တုန်းက တောင်းခဲ့ဘူးတယ်ဗျ၊ ကျနော်တို့ နိုင်ငံရေးမဖြစ်ခင်အချိန်တုန်းကလဲတောင်းခဲ့ဘူးတယ် အဲ့အချိန်မှာလဲ လိုက်လျောခြင်းမရှိခဲ့ဘူး။အဲ့အချိန်မှာကျနော်တို့က သမဂ္ဂဆိုတဲ့အရာကို စဖွဲ့တယ်။ အဖွဲ့အစည်းတခုနဲ့ကျနော်တို့ တောင်းဆိုမယ်ဆိုပြီးလုပ်ခဲ့တယ်။ လုပ်နေတုန်းကာလမှာပဲ နိုင်ငံရေးဖြစ်သွားတဲ့အတွက် ကျနော်တို့ တောင်းဆိုမှုတွေကို ဆက်လုပ်လို့မရတော့တဲ့ အခြေအနေတွေရှိတယ်။ ကျနော်တို့ သပိတ်အဖွဲ့လဲ ဆက်လုပ်လို့ မရတော့ပဲ ပျက်ပြယ်သွားတာပေါ့။

မေး - နိုင်ငံတကာက Rider တွေနဲ့ရော  ဆက်သွယ်ထားတာရှိလား မိတ်ဖက်ပြုလုပ်ထားတာမျိုး။
ဖြေ - ဟုတ်ကဲ့ အဲ့လိုမျိုးတော့ ချိတ်ဆက်ထားတာရှိပါတယ်။ နိုင်ငံတကာက   Rider တွေကလည်းကျနော်တို့လိုမျိုး ထောက်ခံအားပေးဖို့ လုပ်ဆောင်နေတာတွေရှိပါတယ်ဗျ။

မေး - Rider တယောက်အနေနဲ့အများပြည်သူကို ဘာများပြောချင်ပါလဲ။

ဖြေ - စားသုံးသူတွေရော ပြည်သူတွေရော ကိုရောပြောချင်တာက ကျနော်တို့ အချက်၈ချက်နဲ့ တောင်းဆိုနေပါတယ်။ ကျနော်တို့နဲ့ ရပ်တည်ပေးပါ။ ကျနော်တို့ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးတောင်းဆိုနေတာ မရမခြင်း ကျနော်တို့က ဒီသပိတ်ကို မှောက်သွားမှာဖြစ်တဲ့အတွက် ကာစတန်မာတွေအနေနဲ့ကတော့ Foodpanda app မှာတာကိုမပြုလုပ်ပဲ ဒီ app ကိုဖျက်ချတာတို့   Bad Review ရေးတာတို့တွေပြုလုပ်ပေးကြပါလို့ လုပ်ပြီး ကျနော်တို့နဲ့အတူ ပါဝင်ရပ်တည်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်။

 

1.8K Views

Related News

cover
အမှောင်ကမ္ဘာထဲက ရုန်းထွက်ခွင့် ပျောက်ဆုံးနေသူများ
Dec 25, 2022
cover
ကျွန်မတို့ရဲ့တစ်နေ့လုပ်ခ ၄၈၀၀ နှုန်းက စားဆီငါးဆယ်သားတစ်ဗူးပဲရပါတယ်။
Oct 31, 2022
cover
အထည်ချုပ်လုပ်ငန်းကဏ္ဍမှာ နိုင်ငံတကာအမှတ်တံဆိပ်တွေအနေနဲ့ အကျိုးအမြတ်ရရှိ‌ရေးသာဦးစားပေးလုပ်ဆောင်နေပြီး လုပ်သားအခွင့်အရေးချိုးဖောက်ခံရမှုတွေကို လစ်လျူရှု့နေတယ်လို့ဆို
Aug 22, 2022
cover
တချို့အလုပ်သမားတွေဆိုရင် ကိုယ့်အခွင့်အရေးက ဘာမှန်းတောင်မသိဘူး။ InterviewWithMyanmarLabourNews
Aug 22, 2022
cover
ဒီတကြိမ်မှာငြိမ်ခံနေလိုက်ရင် ဘယ်တော့မှရမှာမဟုတ်တော့ဘူးလေ။
Aug 15, 2022
cover
သူတို့ကငွေများတရားနိုင်ဆိုတော့ သပိတ်မှောက်တာပဲရွေးလိုက်တယ်။
Aug 9, 2022
cover
Food panda Rider သပိတ်မှာ စားသုံးသူတွေ ပူးပေါင်းပါဝင်ဖို့ လိုအပ်နေ
Jul 30, 2022
cover
"သူတို့ တောင်းတာပေး မပေးရင် ကျန်သူတွေပါ ထပ် စတေးပစ်မယ် ဆိုတာမျိုး ကြောက်ပြီး ပါလာမလား ဆွဲခေါ်ချင်တဲ့ ရည်ရွယ်တဲ့ပုံ လို့မှန်းရမယ်"
Jul 27, 2022
cover
Pay your Worker ကမ်ပိန်းကို အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်
Jul 13, 2022
cover
ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ အတွက်ဘာတွေပြင်ဆင်ထားရမလဲ။ Interview with Myanmar Labour News
Jul 11, 2022



About Us

To uphold the rule of law needed to improve the social-economic life of the working class in Myanmar. To help the transition to democracy as media role in the workforce gender equity.

Contact Us

Download App

applegoogle