ARTICLE

လိမ်လည်မှု၊ အလုပ်တစ်ခုရဲ့ လောင်းကြေးနဲ့ ဒူဘိုင်းအိမ်မက်များ

CoverLogo
1.5K Views

“ညီမက လက်ရှိအလုပ်ကနေ လျော်ကြေးနဲ့ ရုန်းထွက်ဖို့ လုပ်နေပါတယ်။ အားလုံးက ရုန်းထွက်မယ့် သူတွေကြီးပဲ”
“ညီမ” ဆိုသူက ကရင်ပြည်နယ်က ကရင်လူမျိုး၊ အသက် ၂၁ နှစ်အရွယ်၊ ဒူဘိုင်းနိုင်ငံမှာ အိမ်အကူ လုပ်ကိုင်နေပြီး ဒုက္ခရောက်နေတဲ့ မိနော် (အမည်လွှဲ)ပါ။

“အာလုံး” ဆိုတာက ဒူဘိုင်းမှာ အိမ်အကူလုပ်နေတဲ့ သူတွေ ဖေ့ဘွတ်မှာ ဂရုဖွဲ့ပြီး တစ်ဦးနဲ့ တစ်ဦး အဆင်မပြေမှုတွေကို ရင်ဖွင့်ကြ၊ ကူညီကြတဲ့ လူ (၄၀) ကျော်ပါတဲ့ ဂရုထဲက လူတွေက ဆိုလိုတာပါ။

မိနော်က ယူအေအီးနိုင်ငံ ဒူဘိုင်းကို ရောက်နေတာ ၈လနီးပါးရှိပါပြီ။ မြန်မာနိုင်ငံမှာ အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲဖြစ်လာလို့ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ သွားခဲ့သူပါ။

လိုင်စင်ရှိတဲ့ အေဂျင့်ရဲ့ အေဂျင့်လက်ခွဲနဲ့ မြန်မာငွေ (၇)သိန်း လက်ငင်းပေး၊ ၂ လပြတ်ပေးနဲ့ မိနော် လာခဲ့ပါတယ်။ ဒူဘိုင်းရောက်ရင် သူနာပြု(Care Keeper) လုပ်ရမယ်လို့ သိထားပါတယ်။ ၁၅ ရက်ကျော်အထိ ၎င်းအလုပ်ကို မရခဲ့တော့ မိနော်က အိမ်အကူပဲ လုပ်ရပါတယ်။

မိနော်တို့ ဒူဘိုင်းလာတဲ့ ဝန်ဆောင်ခ စာချုပ်တွေမှာ ၂နှစ် ချုပ်ရတယ်လို့ ဒူဘိုင်းရောက်မှ သိပြီး ဒူဘိုင်းမှာ မလုပ်နိုင်ပါက မြန်မာငွေ သိန်း (၅၀) လျော်ရပါမယ်။ ကျန်းမာရေး မကောင်းလို့ မြန်မာပြည်ပြန်ချင်ရင်လည်း ထိုလျော်ကြေးကို ပေးရမှာဖြစ်တယ်လို့ ဒူဘိုင်းရောက်မှ မိနော်သိပါတယ်။

“သူငယ်ချင်းတွေက မလာနဲ့ ဒီမှာက ဒုက္ခပေါင်းများစွာနဲ့ ကြုံနေရတာ၊ အိမ်ရှင်တွေနဲ့ အဆင်မပြေဘူး။ အဲလိုပြောတဲ့ကြားထဲက ညီမက ရောက်အောင်လာခဲ့တာ။ လူငယ် သဘောသဘာဝလား မသိဘူး။ ရုန်းထွက်ချင် တာပေါ့။ သိရက်နဲ့လာခဲ့တာ။ ဒူဘိုင်းရောက်ရင် ကိုယ်ဖြစ်ကိုယ်ခံပဲ။ သူတို့ကို ပိုက်ဆံပေးထားပေးမယ့် သူတို့က ဆုတောင်းပေးမယ်ပဲ ပြောတယ်။ အေဂျင့်က ကိုယ်ဘက်မှာ မရှိဘူး။ အေဂျင့်နဲ့ မလာစေချင်ဘူး” လို့ မိနော်က Myanmar Labour News ကိုပြောပြပါတယ်။

မိနော်က ဒူဘိုင်းက ပထမအိမ်မှာ အဆင်မပြေတဲ့အတွက် အေဂျင့်က ဒုတိယအိမ်ကို ပို့ပါတယ်။ တစ်နေ့ကို ထမင်းတစ်နပ်သာ စားရပါတယ်။ အိမ်တွင်းရေး ပြဿနာတွေ ဖြစ်ရင်လည်း သူ့ကိုပဲ ခေါင်းပုံချခံရပါတယ်။ အေဂျင့်တွေက ပတ်စပို့တွေကို သိမ်းထားလို့ ဒူဘိုင်းမှာ အဆင်ပြေမယ်လို့ မျှော်လင့်ချက်နဲ့ အလုပ်တစ်ခုအတွက် ဘဝတွေ လောင်းကြေးထပ်လာခဲ့တဲ့ မိနော်ကဲ့သို့ မြန်မာနိုင်ငံသူ ရာဂဏန်းကျော်ဟာ ခြေချုပ်မိနေကြပါတယ်။

အေဂျင့်တွေက အလုပ်ကို Care-Keeper အနေနဲ့ ခေါ်ကြပြီး ဒူဘိုင်းရောက်ပါက အိမ်အကူအနေနဲ့ပဲ အလုပ်ရှာပေးကြတာပါ။ မိနော်က အေဂျင်တွေရဲ့ ဒီလိုအလိမ်ခံရမှုတွေထဲက တစ်ဦးပါ။

ဒူဘိုင်းမှာ လက်ရှိ အိမ်အကူလုပ်နေတဲ့ မြန်မာနိုင်ငံသူတချို့ဟာ အိမ်ရှင်တွေရဲ့ ရိုက်နှက်ခြင်းကို ခံရတတ်သလို အလုပ်မှာ အဆင်မပြေလို့ ထွက်ပြေးကြတယ်။ တချို့က အိမ်ရှင်တွေရဲ့ စွန့်ပစ်ခြင်းကို ခံရပြီး ဒူဘိုင်းက အေဂျင့်တွေက တာဝန်မခံကြဘူးလို့ အလုပ်သမားတွေနဲ့ ၎င်းတို့ကို ကူညီနေသူတွေက ပြောပါတယ်။

မိနော်လို ဒူဘိုင်းနိုင်ငံမှာ ဒုက္ခရောက်နေတဲ့ သူတွေ ၃၀၀ ကျော်ရှိတယ်လို့ ၎င်းတို့ကို ကူညီပေးနေတဲ့ ကိုဇေယျာမင်းက ပြောပါတယ်။ သို့သော် ထို ၃၀၀ ဦးထက် လွန်စွာ များပြားနိုင်ပြီး တိကျတဲ့ စာရင်းတော့ မရှိပါဘူးလို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ဘဝပျက်ခံနေရတဲ့ လိမ်လည်မှုများ

မန္တလေးမြို့က အသက် (၂၄)နှစ်အရွယ် မသီတာ (အမည်လွှဲ)က မိသားစု ဘဝပျက်တဲ့အထိ ဒူဘိုင်းက အလုပ်အကိုင်အခွင့်အလမ်းအတွက် အလိမ်ခံရသူပါ။ လက်ရှိမှာ ဒူဘိုင်းက ဟော်တယ်တစ်ခုမှာ လုပ်ကိုင်နေတာ (၈)လခန့် ရှိပါပြီ။

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ အလုပ်အကိုင် သန်းချီပျောက် ဆုံးကာ အလုပ်လက်မဲ့တွေ တိုးလာချိန်၊ အထွေထွေအကျပ်အတည်းတွေ ဖြစ်လာချိန်၊ အလုပ်လုပ်နိုင်တဲ့ လူတွေ ပြည်ပကို အုံနဲ့ကျင်းနဲ့ ထွက်နေကြချိန်မှာ ဒူဘိုင်းကို အလုပ်ရှာဖို့ ရောက်လာသူတွေထဲ မသီတာလည်း ပါဝင်ပါတယ်။

ဒူဘိုင်းမှာ နေထိုင်တဲ့ အေဂျင့်က ချောကလက်စက်ရုံမှာ လူ(၇၀) လိုအပ်လို့ မြန်မာနိုင်ငံက အလုပ်လိုချင်သူတွေကို မသီတာကို ကူညီရှာခိုင်းပါတယ်။ မသီတာက ဆွေမျိုးမကင်းတဲ့ မန္တလေးက (၁၈) ဦးကို ဒူးဘိုင်းမှာ အလုပ်ရဖို့ ကူညီချိတ်ပေးခဲ့ပါတယ်။

ထို(၁၈)ဦးထဲမှာ(၁၀) တန်းအောင်ထားတဲ့ သူတွေနဲ့ တက္ကသိုလ်ကျောင်းသားအပါအဝင် အသက် (၂၀) ကျော်အရွယ် ဘဝလမ်းစပျောက်နေသူတွေပါဝင်ပါတယ်။ အများစုက ဒူဘိုင်းမှာ သွားရောက်လုပ်ကိုင်နိုင်ဖို့ ခြံမြေနဲ့ ရွှေတို့ကို အတိုးနဲ့ ပေါင်နှံလာကြမယ့် သူတွေ ဖြစ်ပါတယ်။

ဖြစ်စဉ်က ၂၀၂၁ နှစ်ကုန်မှာ ဒူဘိုင်းကို လာမယ့် ထို ၁၈ ဦးအတွက် တစ်ဦးလျှင် ၂၆ သိန်းကို ဒူဘိုင်းက အေဂျင့်ဖြစ်သူကို ပေးခဲ့ရပါတယ်။ နာမည်ဖွင့်ပြော မခံရတဲ့ ထိုအေဂျင့်က စုစုပေါင်း သိန်း ၄၆၀ ကျော်ကို ဝန်ဆောင်ခ ယူခဲ့သော်လည်း ၅ လကျော်ကြာအထိ တာဝန်ယူ မပို့ခဲ့ပါ။ ဒါက အလိမ်ခံရမှုတွေထဲက တစ်ခုပါ။

ထိုငွေကြေးတွေကို လယ်၊ ယာနဲ့ ဘိုးဘွားပိုင်ပစ္စည်းတွေကို ရောင်းချပြီး မသီတာက လက်ရှိတွင် ထို (၁၈) ဦးကို ပြန်ဆပ်နေရပါတယ်။ ထိုအေဂျင့်ဟာ လက်ရှိတွင် မြန်မာနိုင်ငံကနေ ယူအေအီးနိုင်ငံ ဒူဘိုင်းကို လာရောက် မယ့် အလုပ်သမားတွေကို ပို့ပေးနေဆဲဖြစ်ပါတယ်။

အလိမ်ခံရတဲ့ မသီတာနဲ့ လိမ်လည်တဲ့ အေဂျင့်ဟာ ဒူဘိုင်းမှာ တွေ့မြင်နေရသော်လည်း မသီတာက တရားမျှတမှု ရဖို့  ဘာမျှ မတုန်ပြန်နိုင်ပါ။ ဒူဘိုင်းမှာ လာရောက်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေဟာ တရားဥပဒေနဲ့အညီ ဖြေရှင်းပိုင်ခွင့် ဆုံးရှုံးနေပါတယ်။

မြန်မာနိုင်ငံမှ ယူအေအီးနိုင်ငံတွင် လုပ်ကိုင်ချင်သူတွေကို ဝန်ဆောင်မှုပေးတဲ့ မှန်မှန်ကန်ကန် အေဂျင်စီတချို့ ရှိသော်လည်း တချို့ အေဂျင်စီတွေက အပြောနဲ့ လက်တွေ့ ကွာခြားလျက် လိမ်လည်ပို့ဆောင်နေ ကြပါတယ်။

သို့သော် အလိမ်ခံရတဲ့ မြန်မာအလုပ်သမားများက ၎င်းတို့၏ အလိမ်ခံရမှုကို ရေငုံနှုတ်ပိတ်နေကြပါတယ်။ တချို့ကို အေဂျင့်တွေက ခြိမ်ခြောက်ထားကြပါတယ်။  ထို့ကြောင့် ဒူဘိုင်းကို လိမ်လည်ပို့ဆောင်နေတဲ့ အေဂျင်စီများ၊ အေဂျင့်များဟာ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်ရှားမှုနဲ့ လူတွေရဲ့ မျှော်လင့်ချက်ကို ချနင်းကာ ဆက်လက် လိမ်နေကြောင်း အလိမ်ခံရသူတွေနဲ့ ဒူဘိုင်းက ကူညီနေသူတွေက ပြောပါတယ်။

“ယူအေအီးမှာ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာတွေကိုလည်း ဒီမှာရှိတဲ့ သူတွေကပွင့်ပွင့်လင်းလင်း ပြောစေချင်ပါတယ်။ အလိမ်ခံရတာတွေကိုလည်း ဖွင့်ပြောစေချင်ပါတယ်။ ပြီးရင် ဘယ်သူတွေက သူတို့ကို လိမ်တယ်ဆိုတာ ဓါတ်ပုံတို့ အကောင့်တို့ကို သူတို့ကို တင်စေချင်တယ်။ သူတို့ကို ခေါ်တဲ့ပွဲစားက ဘယ်သူလဲ၊ ဘယ်သူကို ယုံရမလဲ၊ ဘယ်မှာစာချုပ် ချုပ်သလဲ။ မြန်မာနိုင်ငံကို ပြန်ရတဲ့ အလိမ့်ခံရသူတွေအနေနဲ့လည်း အင်ဖော်မေးရှင်တွေကို မျှဝေစေချင်ပါတယ်။ ဒီကလူတွေ အတွက်လည်း အဆင်ပြေသလို လာမယ့်သူတွေ အတွက်လည်း ထပ်ပြီးတော့ အလိမ်မခံရတော့ဘူးပေါ့”လို့ ဒူဘိုင်းမှာ ဒုက္ခရောက်နေသူတွေကို ကူညီပေးတဲ့ မမူမူစိုးက ပြောပါတယ်။

ဒူဘိုင်းတွင် အလိမ်ခံရတဲ့ သူတွေနဲ့ တချို့ ကူညီဆောင်ရွက်ပေးသူတွေဟာ အေဂျင့်တွေရဲ့ လိမ်လည်မှုများကို Myanmar Labour News ကို လာရောက်ပြောကြသော်လည်း ၎င်းတို့ကို ခြိမ်းခြောက်ထား၍ နာမည်အမှန်ကို ထုတ်မပြောရန် တားမြစ်ထားပါတယ်။

အေဂျင့်တွေက ဒူဘိုင်းအတွက် အလုပ်ခေါ်ရာတွင် ဘာသာစကားတတ်ဖို့ မလိုအပ်သလို အလုပ်လည်း ချက်ချင်းရကာ တစ်လလျှင် ၁၀ သိန်းမှ သိန်း ၂၀ အထိ လစာရနိုင်တယ်လို့ ဆိုပါတယ်။ သို့သော် တကယ် လာရောက်တဲ့ သူတွေဟာ အခက်အခဲမျိုးစုံကို ကြုံတွေ့ရပြီး အေဂျင့်တွေက တာဝန်မယူသလို၊ စာချုပ်တွေအရ ပတ်စပို့တွေ သိမ်းခံထားရ၊ လျော်ကြေးတွေ ပေးနေကြရပါတယ်။ လိမ်တဲ့ အေဂျင့်တွေထဲမှာ နာမည်ရပြီးသာ အေဂျင်ကြီးတွေပါ ပါဝင်တယ်လို့ဆိုသော်လည်း နာမည်တွေကို ထုတ်ဖော်မပြောကြပါ။

ဒူဘိုင်းတွင် ဒုက္ခရောက်နေတဲ့ မြန်မာတွေကို ကူညီပေးတဲ့ ပရဟိတအဖွဲ့အစည်းများ မရှိသလို သံရုံးလည်း မရှိပါ။ မြန်မာနိုင်ငံက အလုပ်သမားအရာရှိတွေက ယခုကြုံနေရတဲ့ ဒူဘိုင်းပြသနာတွေကို ဘာတစ်မျှ အရေးမစိုက် သကဲ့သို့ ဒူဘိုင်းနဲ့ တွဲကိုင်ရတဲ့ မြန်မာသံရုံးဆီကလည်း မည်သည့်အကူအညီကိုမျှ မရရှိပါ။  ဒူဘိုင်းရောက် မြန်မာတွေက ကိုယ့်နိုင်ငံသားအချင်း ချင်း ကိုယ်ထူ ကိုယ်ထ ကူညီပေးကြရပါတယ်။

“ကျွန်မသိတာဆိုရင် ဒုက္ခရောက်နေတဲ့ သူတွေ ရာဂဏန်းလောက်ရှိတယ်။ တစ်ဖွဲ့က၃၀ ကျော်ရှိတယ်၊ တစ်ဖွဲ့ဆိုရင် ၁၀ကျော် ရှိတယ်။ ကျွန်မသိတာက တစ်ရာကျော်ရှိတယ်။ ဒါပေမယ့် အတိအကျ မသိလို့ပါ၊ ကျွန်မသိတဲ့ ပမာဏထက် အရမ်းများပါတယ်”လို့ မမူမူစိုးက ဆိုပါတယ်။
 
၂၀၂၁ နှစ်ဆန်းပိုင်းက ဒူဘိုင်းရောက်နေတဲ့ မြန်မာ ၂၀၀ ကျော်ဟာ အလုပ်ရှင်နဲ့ အေဂျင့်တွေရဲ့ စွန့်ပစ်ခံရတဲ့အတွက် လမ်းပေါ်အိပ်နေရတဲ့ ဓါတ်ပုံတွေ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒူဘိုင်းမှာ အိမ်အကူအလုပ်၊ ချောကလက်နဲ့ တစ်ရူစက်ရုံတွေမှာ လုပ်ရမယ်လို့ အေဂျင်တွေက ခေါ်ခဲ့ကြပြီး ဒူဘိုင်းရောက်မှ အေဂျင့်တွေက တာဝန်မခံဘဲ စွန့်ပစ်ခံခဲ့ရခြင်းဖြစ်ပါတယ်။

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းကို အေဂျင့်နဲ့ လာပါက ၃၈ သိန်း မှ ၄၅ သိန်းအထိ ကုန်ကျပါတယ်။ မြန်မာနိုင်ငံ ဘက်က အေဂျင့်နဲ့ ဒူဘိုင်းမှာ အခြေစိုက်တဲ့ အေဂျင့်တို့ ချိတ်ဆက်ပို့ကြပါတယ်။  မိမိကိုယ်တိုင် ဆောင်ရွက်၍ အလည်ဗီဇာနဲ့ လာပါက ၂၂ သိန်းကျော်သာ ကျပါတယ်။ လက်ရှိတွင် ယူအေအီးနိုင်ငံတွင် မြန်မာနိုင်ငံသား ၂ သိန်းခန့် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။

ဒူဘိုင်းကို သွားရောက်လုပ်ကိုင်ချင်သူများ

ဒူဘိုင်းကို သွားရောက်လုပ်ကိုင်မယ့် သူတွေအနေနဲ့ အိမ်အကူအလုပ်နဲ့ ဒူဘိုင်းကို လုံးမလာကြဖို့ ဒူဘိုင်းက အိမ်အကူတွေနဲ့ ကူညီပေးနေသူတွေကဆိုပါတယ်။ ဒူဘိုင်းကို လာမယ့်သူဟာ အင်တာနက်နဲ့ ဆိုရှယ်မီဒီယာမှာ ဒူဘိုင်းအကြောင်းကို လေ့လာဖို့၊ လိမ်လည်ပို့ဆောင်နေတဲ့ မြန်မာနိုင်ငံက အေဂျင်စီနဲ့ ဒူဘိုင်းက အေဂျင်စီတွေ အကြောင်းကို လေ့လာဖို့ သတိပေးကြပါတယ်။

ဒူဘိုင်းမှာ ပြသနာတစ်ခုဖြစ်ပါက အေဂျင့်တွေက တာဝန်မယူတဲ့အတွက် သေချာမေးမြန်းစုံစမ်းကြဖို့လည်း လိုပါတယ်။ အေဂျင့်နဲ့ လုံးဝ မလာသင့်ဘဲ (၃)လအလည်ဗီဇာနဲ့ မိမိကိုယ်တိုင်း လာရောက်လုပ်ကိုင်သင့်တယ်လို့ အကြုံပြုကြပါတယ်။

အရေးအကြီးဆုံးအနေနဲ့ အင်္ဂလိပ်စကားပြောတတ်မှ လာဖို့ တိုက်တွန်းပြီး ဘာသာစကားမရပါက ဒုက္ခရောက်နိုင်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းပြီးနောက် မျှော်လင့်ချက်မဲ့နေတဲ့ လူငယ်တွေဟာ ပြည်ပနိုင်ငံကို နည်းလမ်းပေါင်းစုံနဲ့ ထွက်နေကြတဲ့အထဲမှာ ဒူဘိုင်းဟာ ယခုနှောင်းပိုင်းနှစ်တွေမှာ ပိုခေတ်စားလာနေပါတယ်။

ထိုသို့ ဒူဘိုင်းသွားသူတွေထဲ အဆင်ပြေသူတွေ ရှိသလို ဒုက္ခရောက်နေတဲ့ သူတွေလည်း ရှိပြီး မြန်မာတွေဟာ အချင်းချင်း ကိုယ်ထူကိုယ်ထ ကူညီနေကြရပါတယ်။ အိမ်အကူလုပ်နေတဲ့ မိနောက

“ကျွန်မ အခုခေတ်စားနေတဲ့ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမှာပါ။ မသိရင် ညီမတို့က ရောင်းစားခံနေရသလိုပဲ”

 


Related posts

Cover
ပုကြွယ် သင်္ကြန်ပွဲမသိပါ
Apr 19, 2024
Cover
ဆူညံသည်ဆိုပြီး မြန်မာလူငယ်များအား ထိုင်းအာဏာပိုင်များက ပြည်တွင်းသို့ ပြန်ပို့ရန် စီစဥ်
Apr 13, 2024
Cover
အလုပ်သမားများ နစ်နာမှုများအား ပြည်ပအလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ ဆွေးနွေးခြင်းမရှိ
Apr 13, 2024
Cover
ဆေးနှင့် ဆက်စပ်ပစ္စည်များ ဈေးနှုန်းမြင့်တက်၊ ပစ္စည်းပြတ်လပ်မှုများရှိနေ
Apr 07, 2024
Cover
စစ်မှုထမ်းရန်မဲပေါက်သူတွေ ထွက်ပြေးတိမ်းရှောင်သွားလို့ ကျေးရွာတွေထံငွေကြေးအဓမ္မကောက်ခံဟုဆို
Apr 07, 2024
Cover
ထိုင်း-ကော့တောင်ကျွန်းအနီး ကုန်တင်သင်္ဘောမီးလောင်မှုမှာ မြန်မာလူငယ်တဦးပျောက်ဆုံးနေ
Apr 07, 2024
Cover
ကရိန်းပြိုကျမှုကြောင့်သေဆုံးခဲ့တဲ့ မြန်မာအလုပ် သမားတွေအတွက် ပေးရန်ကျန်ရှိတဲ့ ဘတ် ၁၁ သိန်းကိုနှစ်ပတ်အတွင်းပေးမယ်လို့လက်မှတ်ရေးထိုးထား
Apr 07, 2024
Cover
ထိုင်း ကော့တောင် ကျွန်းအနီး မြန်မာများပါဝင်တဲ့ကုန်တင်သင်္ဘောမီးလောင်
Apr 07, 2024