NEWS

ထိုင်းကို MoU နဲ့ သွားရောက်လုပ်ကိုင်လိုသူတွေ သိထားရမယ့်အချက်များ

CoverLogo
2.3K Views

ထိုင်းနိုင်ငံကို နားလည်မှုစာချွန်လွှာ (MoU)နဲ့ အလုပ်သမားစေလွှတ်မှု ၂နှစ်ကျော် ရပ်ဆိုင်းထားရာမှ ၂၀၂၂ မေလ ၁၀ရက် ပထမဆုံးအသုတ်ကို စတင်ခွင့်ပြုခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လူထုဟာ ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းမှုတို့ကြောင့် ၂၀၂၁ တစ်နှစ်အတွင်းမှာ အလုပ်အကိုင်ဆုံးရှုံးမှု ၁.၆ သန်းရှိတယ်လို့ အိုင်အယ်လ်အို-မြန်မာက ထုတ်ပြန်ထားပါတယ်။

လက်ရှိတွင် ထိုင်းနိုင်ငံကို တရားမဝင် သွားရောက်လုပ်ကိုင်မှုတွေဟာ အုံနဲ့ကျင်းနဲ့ ရှိနေပြီး MoU နဲ့  သွားရောက်လုပ်ကိုင်ချင်သူတွေဟာလည်း များစွာရှိနေတယ်လို့ အေဂျင်စီတွေက ပြောပါတယ်။

ထိုင်းကို MoU နဲ့ သွားရောက်လုပ်ကိုင်ချင်သူတွေအတွက် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) တာဝန်ရှိသူတစ်ဦးကို မေးမြန်းထားပါတယ်။

MLN - ထိုင်းနိုင်ငံကို MoU နဲ့ အလုပ် သွားရောက်ချင်တဲ့ အလုပ်သမားတွေအနေနဲ့ သွားမယ်ဆိုရင် ဘယ်လိုပြင်ဆင်ရမှာပါလဲ။

Agency - မြန်မာဘက်က အေဂျင်စီတွေနဲ့ ထိုင်းဘက်က အေဂျင်စီတွေ ပူးပေါင်းပြီးတော နှစ်နိုင်ငံသဘောတူညီမှု (MoU) အနေနဲ့လုပ်ထားတဲ့ ကိစ္စဖြစ်တဲ့အတွက်ကြောင့် သွားမယ့် အလုပ်သမားတွေဟာ နံပါတ်(၁) ဆေးစစ်ရမယ်၊ ပတ်စပို့ရှိရမယ်၊ ဆေးစစ်ချက်တွေ အောင်ထားရမယ်။ ပိတ်စပို့ရှိမှ ဟိုဘက်က ကမ်းလှမ်းလာတဲ့ Job Offers ၊ Demand Letter တွေ ခွင့်ပြုချက်ရတဲ့အချိန်မှာ ဒီဘက်မှာ စာချုပ် ချုပ်ပါတယ်။ ဒီတော့ ရန်ကုန်မှာ စာချုပ် ချုပ်တဲ့အချိန်မှာ အလုပ်လုပ်ချင်တဲ့ သူတွေက စာချုပ် ချုပ်လို့ ရမယ်။ ဝင်ရောက်အင်တာဗျူးလို့ ရမယ်။ ပြီးရင် တစ်ဆင့်ပြီးတဆင့် သူရဲ့ ပြည်ပထွက်ခွာခွင့် လုပ်ငန်းစဉ်အတိုင်း လုပ်ပြီးတော့ သွားရမှာပါ။ အခြေခံလိုအပ်ချက်ကတော့ အလုပ် လုပ်ချင်တဲ့ အလုပ်သမားတွေအနေနဲ့ အဲတာပါပဲ။ သတ်မှတ်ထားတဲ့ ဝန်ဆောင်ခတွေ၊ အေဂျင်စီအဖိုးအခတွေ ပေးရမှာပါ။ သတ်မှတ်ထားတာကလည်း အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေအတိုင်း ပေးရမှာပါ။

MLN - သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေက ဘယ်လောက်ပါလဲ။ မြန်မာဘက်က သတ်မှတ်ထားတာကတောာ့ ၃ သိန်းပါ။ စုစုပေါင်းဆိုရင် အလုပ် လုပ်ချင်တဲ့ သူတွေအနေနဲ့ ဘယ်လောက်ကျမှာပါလဲ။

Agency - MoU နဲ့ ပတ်သက်ပြီးတော့ ဌာနက ထုတ်ပြန်ထားတာတွေတော့ ရှိပါတယ်။ Work Permit (အလုပ်သမားခွင့်ပြုကြေး) က ဘတ် ၂၀၀၀၊ နောက် Permit ကြေးက ဘတ် ၁၉၀၀ ၊ ဆေးစစ်ခက ဘတ် ၅၀၀၊ အလုပ်သမားတွေ သွားရင် (၄)လစာ အာမခံကြေးနဲ့ ကိုဗက်ကျန်းမာရေးအာမခံကြေးရောပါမယ်၊ အရင်တုန်းကတော့ ဘတ် ၅၀၀ ပါ၊ ဒါပေမဲ့ အခုက ဘတ် ၉၉၀ ။ ဒါတွေကတော့ အလုပ်သမားဘက်က ပေးရမယ်လို့ နှစ်နိုင်ငံ သဘောတူထားတာ ရှိပါတယ်။ ဒါတွေ ကုန်ကျမှာပါ။ ဒီဘက်က ကျသင့်တာကတော့ တစ်ခုက (၃)သိန်းရယ်၊ (၃)သိန်းထဲမှာ ဆိုရင် အရင်တုန်းက မြဝတီလမ်းကြောင်းမှာ မြဝတီအထိ ကားခတွေ ပါပါတယ်။ အခုကတော့ မြဝတီ-မဲဆောက်လမ်းကြောင်းကတော့ စထွက်နေပါပြီး။ တချို့ အေဂျင်စီတွေကလည်း ကော့သောင်း- ရနောင်းဘက်ကနေ ထွက်ဖို့ လုပ်ထားတယ်။ ကော့သောင်း-ရနောင်းခရီးစဉ်ကတော့ ကော့သောင်းကို လေယာဉ်နဲ့ သွားမယ်။ ပြီးရင် ဘုတ်စီးပြီးတော့ ဟိုဘက်ကမ်းကူးမှာပါ။ ဒီလိုလည်း သွားဖို့ စီစဉ်နေကြပါတယ်။ နှစ်နိုင်ငံဘက်ကလည်း ခွင့်ပြုချက် ရထားတယ်ပေါ့။ လေယာဉ်ခကလည်း အလုပ်သမားဘက်က ကုန်ကျစရာ ရှိပါတယ်လို့ သိထားပါတယ်။

MLN - ထိုင်းကို MoU နဲ့ သွားတဲ့အခါမှာ အလိမ်ခံရမှုတွေ ဖြစ်မလာအောင် ဘယ်လိုအချက်အလက်တွေ သိထားသင့်ပါသလဲ။

Agency - သိထားသင့်တဲ့ အကြောင်းအရာတွေကတော့ တရားဝင်လိုင်စင်နဲ့ ပို့ဆောင်တာ ဘယ်နှစ်ခုရှိတယ်။ ဒီလိုအေဂျင်စီတွေနဲ့ ချိတ်ဆက်ပြီးတော့ သွားမယ်ဆိုရင် တရားဝင်လမ်းကြောင်းကနေ ရောက်သွားမှာပါ။ တရားမဝင်အေဂျင်စီတွေနဲ့ သွားတာတို့၊ တရားမဝင်လမ်းကြောင်းကနေ ဒီလိုအလွတ် သွားတာတို့က ထိုင်းမှာ ဘယ်နေရာမှာ အဖမ်းခံနေရတယ်ဆိုတာလည်း ကြားနေရတာပါပဲ။ အလုပ်သမားတွေအနေနဲ့ တရားဝင်လမ်းကြောင်းကနေ သွားရင် အလုပ်အတွက် အာမခံချက် ရှိတယ်။ လုံခြုံမှု ရှိတယ်။ ရပိုင်ခွင့်တွေ ပြည့်ပြည့်ဝဝရရှိမယ်။ ဒီလိုဖြစ်ဖို့ဆိုရင်တော့ တရားဝင်အေဂျင်စီနဲ့ သွားတာအကောင်းဆုံးပါပဲ။

MLN - ထိုင်းကို MoU နဲ့ အခုချိန်မှာ သွားဖို့ ကြိုးစားမယ်ဆိုရင် အချိန်ဘယ်လောက် ယူရမှာပါလဲ။ 


Agency - ကြာတာကတော့ သွားမယ်ဆိုရင် ၂လ၊ ၃လ လောက်တော့ ကြာပါလိမ့်မယ်။ ပထမဆုံးထွက်တဲ့ အလုပ်သမားတွေလည်း ၂လကျော်ကျော် ကြာတာပါ။ ထိုင်းဘက်က Demand Letter ရရှိရေးက တစ်ပိုင်း၊ ပြီးရင် Demand Letter ကို နေပြည်တော်ကို တင်ရတာက တစ်ပိုင်း၊ လိုအပ်ရင် Demand Letter တွေကို နေပြည်တော်က စိစစ်ပါတယ်။ စစ်ဆေးတဲ့ အပိုင်း၊ ခွင့်ပြုတဲ့အပိုင်း ဒါတွေပြီးမှ စာချုပ် ချုပ်တဲ့အပိုင်း၊ စာချုပ် ချုပ်ပြီးမှ အမည်စာရင်းတွေကို မြန်မာသံအရာရှိ ထောက်ခံစာနဲ့ ဟိုဘက်ကို ပြန်ပို့ရတယ်။ ဟိုဘက်မှာ Work Permit လျှောက်တာ၊ ဗီဇာလျှောက်တာ ဒါတွေ လုပ်ရပါတယ်။ အဲဒီဘက်က စာတွေ ပြန်လာတော့မှာ ဒီဘက်မှာ စေလွှတ်တင်ရတယ်။ ပြီးရင် OWIC ၊ အလုပ်သမားကတ်ပြားထုတ်ဖို့အတွက် စီစဉ်ရတယ်။ နောက် ကိုဗက် ရှိ၊ မရှိ စစ်ဆေးတာတို့ လုပ်ရပါတယ်။ သူ့ ညွှန်ကြားချက်တွေအတိုင်း လုပ်ရပါတယ်။

MLN - ထိုင်းကို မြန်မာအလုပ်သမား ဘယ်လောက်လွှတ်ဖို့ ရှိပါသလဲ။

Agency - Demand က များပါတယ်။ လိုအပ်ချက်ကတော့ များပါတယ်။ အခုပဲ Demand တွေက အများကြီးပဲ တင်ထားကြပြီးပါပြီ။ ၁၈ ရက်၊ ၃လ ၊ ၂၀၀၂ က မသွားပဲ ကျန်ခဲ့တဲ့ အလုပ်သမားတွေလည်း ၄/၅/၆ သောင်းလောက် ရှိတယ်။ ဒီတော့ လူသစ်တွေ ရှိမယ်၊ လူဟောင်းတွေ ရှိမယ်။ အဲဒါမျိုးတွေလည်း အခု စီစစ်ပြီးတော့ ပြန်လွှတ်နေပါတယ်။ အသစ်တွေတော့ အများကြီး ရှိမှာပါ။ သိန်းနဲ့ချီပြီးတော့ ရှိမှာပါ။

MLN - ၂၀၂၀ မှာ ရပ်သွားလို့ ကျန်ခဲ့တဲ့ ၆ သောင်းခန့် ရှိတဲ့ အလုပ်သမားတွေကိုရော ဘာတွေ ဆောင်ရွက်နေတာ ရှိပါသလဲ။

Agency - ဒါတွေက အေဂျင်စီအလိုက် ဖြေရှင်းကြရပါတယ်။ တချို့ တွေက ပိုက်ဆံတွေ ပြန်အမ်းကြတယ်။ နည်းပေါင်းစုံနဲ့ ဖြေရှင်းကြရပါတယ်။ တချို့ကလည်း အခုနေ ဟိုဘက်က လိုအပ်တယ်၊ မလိုအပ်ဘူးပေါ့။ အခုဆိုရင် ဟိုဘက်က ကျန်ခဲ့တဲ့ လူတွေအတွက် အလုပ်ရှင်က အလုပ်သမားတွေကို လိုသေးလား၊ မလိုသလားပေါ့။ တကယ်လို လိုသေးတယ်ဆိုရင် သက်တမ်းတွေက ကုန်သွားပါပြီ။ ဒါတွေကို အစကနေ အဆုံး ပြန်လျှောက်ကြရပါတယ်။

MLN - ဒီတော့ ၂၀၂၀ မှာ MoU နဲ့ သွားဖို့ လုပ်ထားတဲ့ သူတွေက ကုန်ကျစရိတ်တွေ ရှိခဲ့တယ်။ အခုသွားရင် ကုန်ကျစရိတ်ကို ထပ်ပေးရမှာလား။

Agency - ပေးပြီးသာအဖွဲ့တွေကတော့ ထပ်ပေးစရာ မလိုပါဘူး။ မပေးရသေးတဲ့ အဖွဲ့တွေကတော့ အခု သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း သွားရမှာပါ။

MLN - ဒီလိုကာလမှာ မသွားတော့ဘူးဆိုရင် ပိုက်ဆံတွေကို ပြန်ထုတ်ပေးပါသလား။

Agency - မသွားတော့ဘူးဆိုရင်တော့ ဒီကုန်ကျစရိတ်တွေကို သက်ဆိုင်ရာအေဂျင်စီတွေက ဒါတွေကို ပြန်လည်ဖြေရှင်းပေးရမှာပါ။

MLN - MoU နဲ့ အလုပ်သမားပို့ဆောင်မှုတွေဟာ ရပ်နားထားတာ ၂ နှစ်ခန့် ရှိနေပါပြီ။ ဒီလိုကာလမှာ ဘာကြောင့် ယခုလို ပို့ဆောင်တာပါလဲ။

Agency - ဒီကိစ္စဟာ နှစ်နိုင်ငံ MoU နဲ့ လက်မှတ်ထိုးထားပြီးတော့ အလုပ်သမားတွေကို စေလွှတ်တဲ့ အစီအစဉ်နဲ့ လုပ်နေတာပဲ။ ဒီအပေါ်မှာ မူတည်ပြီးတော့ပဲ သတ်မှတ်ထားတဲ့ တရားဝင်လိုင်စင်အေဂျင်စီ (၁၁၀) ကျော်ဟာ ဌာနရဲ့ စီစစ်ခွင့်ပြုချက်နဲ့ပဲ သွားနေရတာပါ။

MLN - ထိုင်းနိုင်ငံကို ယခုလို ကာလမှာ တရားမဝင် (အောက်လမ်း)သွားရောက်လုပ်ကိုင်နေမှုနဲ့ပတ်သက်လို့ အေဂျင်စီရဲ့အမြင်ကို သိချင်ပါတယ်။

Agency - တရားမဝင် သွားရောက်လုပ်ကိုင်မှု မှန်သမျှကိုတော့ ကန့်ကွက်ပါတယ်။ မသွာစေချင်ပါဘူး။ နေထိုင်မှု၊ လုံခြုံမှု စသဖြင့်ပေါ့။ ဒီလို တရားဝင်လမ်းကြောင်းနဲ့ပဲ သွားစေချင်ပါတယ်။ ၂ နှစ်ကျော် ပိတ်ထားတဲ့ ကာလအတွင်း သူနည်း သူဟန်နဲ့ သွားနေကြတဲ့ သူတွေတော့ ရှိပါတယ်။ တချို့ အေဂျင်တွေ ပို့နေတာလည်း ရှိတယ်။ MOEAF ကလည်း သွားဖို့အတွက် ပို့ဖို့အတွက် ကြိုးစားနေတဲ့ အဖွဲ့တွေကို တားဆီးခဲ့တာလည်း ရှိတယ်။ ဒါတွေကို လူကုန်တားတို့နဲ့ ဝိုင်းပြီးတော့ တားဆီးမှုတွေ လုပ်နေတာပါပဲ။ 


MLN - အေဂျင်စီတွေအနေနဲ့ အလုပ်သမားတွေကို ပို့ဆောင်ရာမှာ အခက်အခဲတွေ ရှိပါသလား။

Agency - အလုပ်သမားတွေကို ပို့ဆောင်တာမှာတော့ နှစ်နိုင်ငံ MoU မူဘောင်ထဲက သွားရတာပါ။ ဒါကို ဘောင်ကျော်ပြီးတော့ သွားလို့တော့ မရပါဘူး။ ဌာနက သတ်မှတ်ထားတဲ့ မူဘောင်ထဲမှာပဲ သွားရပါတယ်။

 

MLN - ထိုင်းကို MoU နဲ့ သွားတဲ့အခါမှာ နယ်တွေက လူတွေဟာ တရားဝင်အေဂျင်စီတွေနဲ့ တိုက်ရိုက်မချိတ်နိုင်ပါဘူး။ ကြားပွဲစာတွေနဲ့ ချိတ်ရတဲ့အခါမှာ တရားမဝင်အေဂျင်စီနဲ့ ချိတ်မိတာတွေ ရှိပါတယ်။ ဒီလိုမဖြစ်အောင် နယ်က လူတွေအနေနဲ့ ဘယ်လိုသိနိုင်ပါသလဲ။

Agency - သက်ဆိုင်ရာ မြို့နယ်တွေမှာ အလုပ်သမားရုံးတွေ ရှိတယ်။ အဲဒီမှာလည်း ကြော်ငြာတွေ ကပ်ပေးတာ ရှိပါတယ်။ အေဂျင်စီတွေမှာလည်း လုပ်ငန်းတွေ ရလာပြီးဆိုရင် အေဂျင်စီတွေဘက်က ကြော်ငြာပေးတာတွေ ရှိတယ်။ နယ်ကိုယ်စားလှယ်တွေလည်း ရှိတယ်။ နယ်ကိုယ်စားလှယ်ဆိုတာ ဌာနကို တင်ပြီးတော့ အေဂျင်စီရဲ့ မောင်ဖြူ၊ မောင်နီဟာ ဘယ်မြို့နယ်မှာတော့ ဘယ်အေဂျင်စီရဲ့  ကိုယ်စားလှယ်အဖြစ် ရှိပါတယ်။ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခွင့် တင်ထားတာရှိပါတယ်။ ကိုယ်စားလှယ် လက်မှတ်မရှိဘဲနဲ့ လုပ်စားနေကြတာလည်း ရှိပါတယ်။ အလုပ်သမားတွေအနေနဲ့လည်း တတ်နိုင်သလောက် ဒါမျိုးတွေကို စီစစ်ဆောင်ရွက်ဖို့ နားလည်စေချင်ပါတယ်။ တရားဝင်အေဂျင်စီတွေက ခန့်အပ်ထားတဲ့ တရားဝင်ကိုယ်စားလှယ်နဲ့ သွားကြဖို့၊ စီစစ်ဆောင်ရွက်တတ်ဖို့ ဖြစ်စေချင်ပါတယ်။

MLN - ဒီလိုဆိုရင် အေဂျင်စီရဲ့ တရားဝင်ကိုယ်စားလှယ်ဖြစ်ပါတယ်ဆိုတဲ့ သက်သေခံအထောက်အထား၊ ကတ်ပြားတွေ ရှိပါသလား။

Agency - ဌာနက ထုတ်ပေးထားတဲ့ သက်သေခံအထောက်အထားတွေ ရှိပါတယ်။

MLN - များဖြည့်စွက် ပြောကြားချင်တာများ ရှိပါသေးလဲ။

Agency - သတ်မှတ်ထားတဲ့ ဘောင်အတွင်းက သွားဖို့ စီစဉ်ထားတဲ့အတိုင်း သွားနိုင်ရင် ပိုကောင်းပါတယ်။ သွားမယ့် လူတွေအနေနဲ့ ကျန်းမာရေးကောင်းအောင် နေသင့်ပါတယ်။ ဘာလိုလဲ ဆိုရင် စာချုပ် မချုပ်ခင် ဆေးစစ်တာရှိတယ်။ စာအုပ် မလုပ်မီ ဆေးစစ်တာရှိတယ်။ ဒီတော့ ကျန်းမာရေးကို ဂရုစိုက်နေထိုင်ဖို့ လိုပါတယ်။  

MLN - ယခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
 


Related posts

Cover
"အာဏာရှင်ကိုအမြတ်ပြတ်ချေမှုန်းသွားမဲ့အထဲမှာ အလုပ်သမားတွေပါဝင်ဖို့လိုတယ်"
May 01, 2024
Cover
"ဒီမိုကရေစီ လုပ်နည်းလုပ်ဟန်တွေ ဆိတ်သုဉ်းနေတဲ့နိုင်ငံမှာ အလုပ်သမားအခွင့်အရေးဆိုတာ မျှော်လင့်ချက်မရှိသလောက်ပါပဲ"
May 01, 2024
Cover
အလုပ်သမားသမဂ္ဂအခွင့်အရေးဆု ချီးမြှင့်ခံရတဲ့ ဒေါ်ခိုင်ဇာအောင် အလုပ်သမားအခွင့်အရေးအကြောင်း ဘာတွေပြောသလဲ။
Apr 30, 2024
Cover
ထိုင်းနိုင်ငံ တောင်ပိုင်း တွင် အထောက်ထားမဲ့ မြန်မာအလုပ်သမား၁၀၀ နီးပါး ဖမ်းဆီးခံရ
Apr 27, 2024
Cover
တရုတ် သို့ မြန်မာအလုပ်သမားစေလွှတ် ဖို့ ဆွေးနွေး ညှိနှိုင်းနေ ဟုဆို
Apr 23, 2024
Cover
သင်္ကြန်ကာလပြီးနောက် လူငယ်များပြည်ပထွက်ခွာမှုပိုများလာ
Apr 23, 2024
Cover
ဘန်ကောက်တွင် သေဆုံးခဲ့သည့် မြန်မာလုပ်သားအတွက် ဘတ် နှစ်သိန်းနှင့် ညှိနှိုင်း
Apr 22, 2024
Cover
စစ်ကောင်စီတပ်သားအဖြစ် စစ်မှုထမ်းရန် လူငယ်များကို ဒုတိယအကြိမ်ထပ်မံမဲနှိုက်ခေါ်ယူနေ
Apr 22, 2024