ARTICLE

ရွှေ့ပြောင်းလုပ်သားတို့ရဲ့ ဝိုးတဝါးအနာဂတ်များ

CoverLogo
1.1K Views

မြန်မာနိုင်ငံက ပညာရေးကုမ္ပဏီတစ်ခုမှာ (၇)နှစ်ကျော်လုပ်ကိုင်ခဲ့တဲ့ ကိုအောင်အောင်တစ်ယောက် ထိုင်းနိုင်ငံက စက်ရုံတစ်ခုမှာ ကြက်သားလှီးသူအဖြစ် လုပ်ကိုင်နေပါတယ်။

စစ်တပ်က တရားမဝင်အာဏာသိမ်းပြီးနောက် ပိတ်သိမ်းလိုက်ရတဲ့ ကုမ္ပဏီတွေ များစွာထဲမှာ သူ့ကုမ္ပဏီလည်း ပါပါတယ်။

အလုပ်လက်မဲ့အဖြစ် တစ်နှစ်ကျော် ကြာလာတော့ ထိုင်းကို တရားမဝင်သွားရောက်လုပ်ကိုင်ဖို့ ဆုံးဖြတ်ပါတယ်။

ထိုင်းကို တရားမဝင်သွားရောက်ခဲ့တဲ့ လမ်းကြောင်းက ရန်ကုန်-ထားဝယ်-မြိတ်-မောတောင်လမ်းကြောင်းပါ။

မြိတ်မြို့က တည်းခိုခန်းတစ်ခုမှာ တစ်ပတ်ခန့် နေရပြီး ထိုင်းနိုင်ငံကို တရားမဝင်လုပ်ကိုင်ဖို့ စောင့်နေတဲ့ လူ(၃၀၀-၃၅၀) ခန့်ကို ၎င်းတည်းခိုခန်းမှာ ကိုအောင်အောင်(အမည်လွှဲ) မြင်တွေ့ခဲ့ရပါတယ်။

ထိုင်းကို သွားရမယ့်နေ့မှာတော့ ကားတစ်စီးက ညနေစောင်းချိန်မှာ လာကြိုပြီး ကိုအောင်အောင်တို့ (၁၇)ယောက်အဖွဲ့ လိုက်ပါသွားခဲ့ပါတယ်။ မောတောင်ခြေကို ရောက်တော့ လမ်းပြအပါအဝင် ထိုင်းကို သွားမယ့် လူ (၆၀) ခန့်ကို တွေ့ခဲ့ရပါတယ်။

ကိုအောင်အောင်က ထမင်း(၂)ထုပ်၊ ရေ(၄)ဘူးကို ဝေပုံကျရရှိပြီး မောတောင်ကို မှောင်နက်မည်းမည်းထဲ စတက်ကြပါတယ်။ မိုးရွာရွာထဲ တောင်ကို ဆင်းလိုက်၊ တက်လိုက် သွားခဲ့ရပါတယ်။

အမှောင်ကြီးထဲမှာ တောင်စောင်းတွေကို ဆင်းရ၊ တက်ရပါတယ်။ ချောင်းဆိုးရင်တောင် လမ်းပြတွေရဲ့ အဆဲခံရပါတယ်။

"ဘဝမှာ ဒါမျိုး တစ်ခါမှ မကြုံဖူးဘူး။ တောထဲမှာ ငါးရက် ကြာတယ်။ ထိုင်းကို ရောက်ဖို့ အစားငတ်၊ ရေငတ်နဲ့ နောက်ဆုံး မခံနိုင်တာနဲ့ ထိုင်းစစ်တပ်ဆီမှာ ကိုယ်တိုင်သွားအဖမ်းခံလိုက်တယ်"

နောက်တစ်ကြိမ် ထပ်လာမှ ထိုင်းကိုရောက်တာပါ လို့  အသက် (၂၉) နှစ်ရှိပြီဖြစ်တဲ့ လူလတ်ပိုင်းအရွယ် ကိုအောင်အောင်က ပြောပါတယ်။

ကိုအောင်အောင်တို့အဖွဲ့ကို တတိယမြောက်နေ့မှာ ထိုင်းကို ရောက်တော့မယ်ဆိုကာ ရေ၊ အစားအသောက်နဲ့ အဝတ်အစားများကို လမ်းပြက လွှင့်ပစ်ခိုင်းပါတယ်။

သို့ပေမယ့် ထိုင်းစစ်တပ်ရဲ့ လှည့်ကင်းကြောင့် ထိုင်းနိုင်ငံကို ဆက်သွားဖို့  မလွယ်ကူလို့ မောတောင်တောထဲမှာ ကိုအောင်အောင်တို့အဖွဲ့  အစားအသောက်နဲ့ ရေ မရှိဘဲ ၂ ရက် ထပ်မံနေရပါတယ်။

ပွဲစားက အစားအသောက်နဲ့ ရေပို့ပေးပေမယ့် မလောက်ငှခဲ့ပါ။ 
ဒါကြောင့် ကိုအောင်အောင်အပါအဝင် (၁၇)ဦးမှာ မခံနိုင်တော့လို့ တောထဲကနေ ထိုင်းဘက် ထွက်ပြီး ထိုင်းစစ်တပ်ရဲ့   ဖမ်းဆီးခြင်းကို ခံလိုက်ပါတယ်။

ဒုတိယမြောက် ပြန်လာမှသာ ထိုင်းနိုင်ငံကို ရောက်ရှိလာတာပါ။ ပွဲစားခအဖြစ် ပေးရမယ့် ငွေ (၁၀)သိန်းကျော်မှာလည်း အတိုးနဲ့ချေးငှားခဲ့တာပါ။


ကိုအောင်အောင်ရဲ့ ယခုဇာတ်လမ်းက မြန်မာနိုင်ငံက သောင်းချီ၊ သိန်းချီတဲ့ လူငယ် လူရွယ်တွေ ထိုင်းနဲ့ မလေးရှား နိုင်ငံကို တရားမဝင်၊ အထောက်အထားမဲ့ သွားရောက်လုပ်ကိုင်နေတဲ့ ဖြစ်ရပ်များထဲက တစ်ခုမျှသာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၉ နှောင်းပိုင်းမှာ  ကိုဗစ် -၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် အလုပ်အကိုင်အချို့ ရပ်ဆိုင်းခဲ့ရပြီး ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းပြီးနောက် ပြည်တွင်း၊ ပြည်ပမှ လုပ်ကိုင်နေသော လုပ်ငန်းများ ပိုမိုရပ်နားလာကြပါတယ်။

၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (အိုင်အယ်လ်အို-မြန်မာ)ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်ရဲ့  တရားမဝင်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတွင် အလုပ်အကိုင်ဆုံးရှုံးမှု ၁.၆ သန်းရှိပါတယ်။

နိုင်ငံရဲ့ အလုပ်အကိုင်အခွင့်အလမ်းမှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါရဲ့ သက်ရောက်မှုနဲ့ စစ်တပ်ရဲ့ မဆင်မခြင် အာဏာသိမ်းမှုကြောင့် ၂၀၁၉ - ၂၀၂၁ ခုနှစ်အတွင်း အလုပ်အကိုင် ဆုံးရှုံးမှု ၃.၂ သန်း ရှိခဲ့ပါတယ်။

၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တို့ရဲ့  အလုပ်ချိန်ကို နှိုင်းယှဉ်ရာတွင်လည်း ၁၈ ရာခိုင်နှုန်းကျဆင်းလာပြီး ယင်းက အချိန်ပြည့်အလုပ်သမားပေါင်း အနည်းဆုံး ၃.၁ သန်းရဲ့ အလုပ် လုပ်ချိန်နဲ့ ညီမျှတယ်လို့ ထုတ်ပြန်ပါတယ်။

ယင်းကဲ့သို့ မြန်မာနိုင်ငံမှာ ကြီးမားသော အလုပ်အကိုင်ဆုံးရှုံးလာမှုနဲ့အတူ စစ်တပ်ရဲ့ မတရားဖမ်းဆီး သတ်ဖြတ်မှု၊ နယ်မြေမလုံခြုံမှုနဲ့ အထွေထွေ ကြပ်တည်းလာမှုကြောင့် နိုင်ငံရဲ့ အလုပ်လုပ်နိုင်တဲ့ လူတွေဟာ ပြည်ပနိုင်ငံကို အုံနဲ့ကျင်းနဲ့ ထွက်လာကြတာပါ။

တချို့က တရားဝင်သွားရောက်လုပ်ကိုင်ကြပြီး၊ တချို့မှာ တရားမဝင်၊ အထောက်အထားမဲ့ သွားရောက်လုပ်ကိုင်ကြတာပါ။

အဓိက တရားမဝင် သွားရောက်တဲ့ နိုင်ငံမှာ ထိုင်းနဲ့ မလေးရှားနိုင်ငံသို့ အများဆုံးဖြစ်ပြီး နည်းလမ်းပေါင်းစုံဖြင့် သွားရောက်လုပ်ကိုင်နေကြတယ်လို့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူများက ဆိုပါတယ်။

“ကျွန်တော်ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်တာ နှစ်ပေါင်း (၂၀)ကျော်ပါပြီ။ ဒီနှစ် (၂၀)ကျော်ထဲမှာ အုံနဲ့ကျင်းနဲ့ ထောင်နဲ့ သောင်းနဲ့ချီပြီးတော့ ရွှေ့ပြောင်းတွေ ဝင်လာတာ ဒါဟာ ပထမဆုံးလို့ ပြောလို့ ရတယ်”လို့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)အဖွဲ့ရဲ့တည်ထောင်သူ ဖြစ်တဲ့  ဦးထူးချစ်က ပြောပါတယ်။

မြန်မာလုပ်သားအင်အားရဲ့ (၁၀) ရာခိုင်နှုန်းခန့်မှာ ပြည်ပတွင် လုပ်ကိုင်နေတယ်လို့ အိုင်အယ်လ်အို-မြန်မာက ထုတ်ပြန်ပါတယ်။

၂၀၂၀ ပြည့်နှစ် ထိုင်းနိုင်ငံနဲ့ ၂၀၁၉ ခုနှစ် မလေးရှားနိုင်ငံ တို့ရဲ့ တရားဝင်စာရင်းများအရ ထိုနှစ်နိုင်ငံမှာ  မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၂သန်းခန့် လုပ်ကိုင်နေပါတယ်။

မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူတွေကတော့ ထိုင်းနိုင်ငံတစ်ခုတည်းမှာပင် အထောက်အထားနဲ့ တရားဝင် လုပ်ကိုင်သူ (၂)သန်းခန့်၊ နဲ့ အထောက်အထားမဲ့ လုပ်ကိုင်နေသူ (၂)သန်း ခန့်ရှိနိုင်ပြီး လက်ရှိတွင် ပိုမိုများပြားလာနိုင်ပါတယ်လို့ ခန့်မှန်းကြပါတယ်။

မလေးရှားမှာလည်း အထောက်အထားမဲ့သူတွေ အပါအဝင် မြန်မာအလုပ်သမား စုစုပေါင်း (၈) သိန်းမှ (၉)သိန်းကြားမှာ ရှိနိုင်တယ်လို့ ခန့်မှန်းကြတာပါ။

၂၀၂၁ ခုနှစ်က ထိုင်းနိုင်ငံရဲ့ တရားမဝင် ဝင်ရောက်လာသူများကို ဖမ်းဆီးပြီး သက်ဆိုင်ရာနိုင်ငံကို ပြန်ပို့ရာတွင် ၉၀ ရာခိုင်နှုန်းခန့်မှာ မြန်မာနိုင်ငံက ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ပထမလေးလပတ်ကို စောင့်ကြည့်လေ့လာရာတွင် ထိုင်းနယ်စပ်မှာ တရားမဝင် ဝင်ရောက်မှု အကြိမ် (၈၀)ကျော်ကို ဖမ်းဆီးခဲ့ပြီး အသက်မပြည့်သူ ၂၀ ဦးအပါအဝင် စုစုပေါင်း ကျား/မ ၄၀၀၀ ခန့်အဖမ်းခံရတယ်" လို့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမိုးကျော်က ပြောပါတယ်။  

ကိုအောင်အောင်လို ထိုင်းသို့ တရားမဝင် သွားရောက်လုပ်ကိုင်သကဲ့သို့ ကိုမျိုးချစ်(အမည်လွှဲ)လည်း မလေးရှားနိုင်ငံကို အလည်ဗီဇာနဲ့ သွားရောက်လုပ်ကိုင်ဖို့ စောင့်စားနေတာ ငါးလခန့် ရှိပါပြီ။

တချို့က မလေးရှားနိုင်ငံကို ထိုင်းမှတစ်ဆင့် တရားမဝင်လမ်းကြောင်းဖြင့် သွားကြပါတယ်။

“ကျနော် မလေးကို သွားဖို့ စိတ်ကူးမရှိခဲ့ဘူး။ အလုပ်ကလည်း မရှိ၊ ယာလုပ်တော့လည်း အဆင်မပြေ၊ ကုန်ဈေးနှုန်းတွေကလည်း တက်နေကြတာ။ ဒီမှာက ကိုယ်အိမ်မှာ နေလည်း မလုံခြုံဘူး။ အဖေနဲ့ အမေကလည်း နိုင်ငံခြားကို ထွက်ဖို မကြာခဏပြောနေတယ်။ အဲဒါနဲ့ မလေးကို သွားဖို့ ဆုံးဖြတ်ပြီးတော့ ပွဲစားနဲ့ လုပ်ထားတယ်” လို့ မကွေးမှ အသက် (၃၀)အရွယ် ကိုမျိုးချစ်က ပြောပါတယ်။

“အရင်ကဆိုရင် မိဘတွေက လုပ်ကိုင်စားသောက်လို့ရတယ်ဆိုရင် သားသမီးကို နိုင်ငံခြားကို မသွားစေချင်ဘူး။ အခုက ဘာဖြစ်လာသလဲဆိုရင် အစီရင်ခံစာလုပ်နေတဲ့ တွေ့ရှိချက်အရဆိုရင် သူတို့ကိုယ်တိုင်းက တွန်းအားပေးတယ်။ မရှိ၊ ရှိတာ ခြံရောင်း၊ အိမ်ရောင်း၊ ခြံပေါင်၊ အိမ်ပေါင်နဲ့ပါ အတင်းသွားခိုင်းတာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်လက်မဲ့နဲ့ အလုပ်အကိုင်ရှားပါးမှု၊ နေ့စားလုပ်အားခနည်းမှုက အဓိက ပြသာနာမဟုတ်ဘူး။ အခုကျတော့ နိုင်ငံရေးအရ ဖမ်းတယ်၊ ဆီးတယ်၊ ထောင်ချတယ်။ ဒါကြောင့်မို့လို သူတို့ရဲ့ မိဘတွေက စိုးရိမ်တယ်။ ဒါတွေဟာ နိုင်ငံခြားကို သွားလုပ်ဖို့ မိဘတွေရဲ့ တွန်းအားတွေဖြစ်တယ်” လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူ ဦးထူးချစ်က ပြောပါတယ်။

၂၀၂၁ နှစ်ကုန်းလပိုင်းက မလေးကို တရားမဝင်သွားရောက်တဲ့ ပွဲစားခမှာ ၁၅သိန်းကျော် ကုန်ကျသော်လည်း လက်ရှိတွင် သိန်း (၃၀) ဝန်းကျင်ရှိပါတယ်။

ထိုင်းနိုင်ငံကို တရားမဝင်သွားရောက်တဲ့ ပွဲစားခတွေမှာလည်း နှစ်ဆနီးပါး တက်ပါတယ်။ ယခင်က နယ်စပ်ကနေ ကိုယ်သွားချင်တဲ့ ထိုင်းနိုင်ငံက မြို့ကို မူတည်ပြီး ဘတ်ငွေ တစ်သောင်းမှ အများဆုံး တစ်သောင်းခွဲသာ ရှိခဲ့သော်လည်း လက်ရှိတွင် အနည်းဆုံးဘတ်ငွေ တစ်သောင်းခွဲမှ သုံးသောင်းအထိ ပေးရပါတယ်။

သို့သော်လည်း  တရားမဝင် သွားရောက်လုပ်ကိုင်မှုမှာ တန်းစီနေပြီး အရေအတွက် မြင့်မားနေဆဲ ဖြစ်တယ်လို့ မလေးရှားနိုင်ငံကို ပို့ဆောင်ပေးနေတဲ့ ပွဲစား ဒေါ် တင်တင်(အမည်လွှဲ)က ပြောပါတယ်။

“ဒီမှာက အဆင်မှ မပြေကြတော့ သွားချင်တဲ့ သူတွေက အများကြီး ဖြစ်နေတာပေါ့။ အခုလည်း သွားချင်လို့ ဆက်သွယ်နေတဲ့သူ တစ်နယ်ထဲပဲ ၂၀ ကျော်ရှိတယ်။ ထိုင်းဘက် လမ်းကြောင်းကနေလည်း ခိုးဝင်သွားတယ်။ အလည်ဗီဇာနဲ့ သွားကြတယ်။ အခုလည်း ပတ်စပို့ရုံးကနေ ပြန်လာတာ။ အောင်မလေး ပတ်စပတ်ပို့ရုံးမှာလည်း သွားဖို့ လုပ်နေတဲ့လူတွေ အများကြီးပဲ”ဟု လို့ ၎င်းက ဆိုပါတယ်။

ဒေါ်တင်တင်က ပြည်ပအလုပ်သမားပို့ဆောင်ရေး အေဂျင်စီနဲ့ အလုပ်သမားကြားက ချိတ်ပေးနေတဲ့ ကြားပွဲစားတစ်ဦးဖြစ်ပါတယ်။

ဇွန်လတွင် မလေးရှားအစိုးရက အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးတော့မယ်လို့ ထုတ်ပြန်ထားပါတယ်။ ယင်းမတိုင်မီ နေရပ်ပြန်လိုတဲ့ မြန်မာအလုပ်သမား သိန်းချီဟာ အခက်အခဲပေါင်းစုံနဲ့ ဒုက္ခရောက်လျက်ရှိပါတယ်။

ဒါပေမယ့်  မြန်မာနိုင်ငံမှာကလည်း အဲ့ဒီကို သွားရောက်လိုသူတွေကလည်း ယခင်ထက်ပိုများလာပါတယ်။

အသက် (၂၁)နှစ်အရွယ်၊ တက္ကသိုလ်ဒုတိယနှစ်ကျောင်းသူ မမိုးမိုးဟာ ထိုင်းနိုင်ငံက တဆင့် မလေးရှားကို တရားမဝင် ဝင်ရောက်လုပ်ကိုင်ဖို့ လက်ရှိမှာ ထိုင်းနိုင်ငံထဲ ရောက်နေပါပြီ။

မလေးရှားနိုင်ငံအရောက် ပွဲစားကို (၂၈)သိန်း ပေးရမယ်ဖြစ်ပြီး  ၈ သိန်း ပေးထားပြီးပါပြီ။

“ဒီမှာက ဘာမှ လုပ်ကိုင်စရာမှ မရှိတာ။ ဝင်ငွေလည်း မရှိဘူး။ အဖေနဲ့ အမေအတွက် ပိုက်ဆံရှာရမယ်” လို့ ဖုန်းထဲကနေ  မမိုးမိုးက ပြန်ဖြေပါတယ်။  

အထောက်အထားမဲ့ ရွှေ့ပြောင်း အလုပ်သမားတွေဟာ ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းသွားလာမှု လမ်းကြောင်းကို အသုံးပြုမှုကြောင့် ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ လူကုန်ကူးခြင်းနဲ့ အဓမ္မအလုပ်ခိုင်းစေခြင်းအပါဝင် အကြမ်းဖက်မှု အမျိုးမျိုးကို ခံရနိုင်တဲ့ အန္တရာယ်တွေ ကြုံတွေ့နေရတယ် လို့ အိုင်အယ်လ်အို - မြန်မာက ဆိုပါတယ်။

ကိုအောင်အောင်က ထိုင်းမှာ ကြက်သားလှီးတဲ့ အလုပ် လုပ်ကိုင်ရင်း ပွဲစားခ ငွေနဲ့ ဘတ်ရိုက်ရမယ့် ငွေများ ပြန်ဆပ်နိုင်ဖို့ တွေးနေ၊ လုံးပန်းနေပါတယ်။

ကိုအောင်အောင်ရဲ့ အနာဂတ်ဟာ ပဋိပက္ခပေါင်းစုံရင်ဆိုင်နေရတဲ့ မြန်မာနိုင်ရဲ့ အရပ်ရပ်အခြေအနေကြောင့် ဝေဝါးနေဆဲဖြစ်ပြီး မိခင်နိုင်ငံကို ပြန်ဖို့ အလှမ်းဝေးနေပါတယ်။

ဘယ်လိုမှမလူးသာ မလွန့်သာတော့တဲ့အခြေအနေမှာတော့ ကိုအောင်အောင်တစ်ယောက်ညည်းတွားရုံမှအပ တခြားမတတ်နိုင်တော့

“အရင်က ထိုင်းမှာ ဒီလိုပုံစံနဲ့ လာရောက် လုပ်ကိုင်ရမယ်လို့ စိတ်ကူးထဲတောင် မထည့်ဖူးဘူး။  ကိုယ့်နိုင်ငံမှာကိုယ်ပဲ အေးအေးဆေးဆေးလုပ်ကိုင်စားဖို့ တွေးထားခဲ့တာ”



 

 


Related posts

Cover
ဆူညံသည်ဆိုပြီး မြန်မာလူငယ်များအား ထိုင်းအာဏာပိုင်များက ပြည်တွင်းသို့ ပြန်ပို့ရန် စီစဥ်
Apr 13, 2024
Cover
အလုပ်သမားများ နစ်နာမှုများအား ပြည်ပအလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ ဆွေးနွေးခြင်းမရှိ
Apr 13, 2024
Cover
ဆေးနှင့် ဆက်စပ်ပစ္စည်များ ဈေးနှုန်းမြင့်တက်၊ ပစ္စည်းပြတ်လပ်မှုများရှိနေ
Apr 07, 2024
Cover
စစ်မှုထမ်းရန်မဲပေါက်သူတွေ ထွက်ပြေးတိမ်းရှောင်သွားလို့ ကျေးရွာတွေထံငွေကြေးအဓမ္မကောက်ခံဟုဆို
Apr 07, 2024
Cover
ထိုင်း-ကော့တောင်ကျွန်းအနီး ကုန်တင်သင်္ဘောမီးလောင်မှုမှာ မြန်မာလူငယ်တဦးပျောက်ဆုံးနေ
Apr 07, 2024
Cover
ကရိန်းပြိုကျမှုကြောင့်သေဆုံးခဲ့တဲ့ မြန်မာအလုပ် သမားတွေအတွက် ပေးရန်ကျန်ရှိတဲ့ ဘတ် ၁၁ သိန်းကိုနှစ်ပတ်အတွင်းပေးမယ်လို့လက်မှတ်ရေးထိုးထား
Apr 07, 2024
Cover
ထိုင်း ကော့တောင် ကျွန်းအနီး မြန်မာများပါဝင်တဲ့ကုန်တင်သင်္ဘောမီးလောင်
Apr 07, 2024
Cover
ရွှေ့ပြောင်းလုပ်သားအရေး လက်တွေ့လုပ်ဆောင်မှု အားနည်း
Apr 07, 2024