NEWS

အလုပ်သမားအခွင့်အရေးဆိုင်ရာ ဥပဒေပါအခွင့်အရေးတွေပေးဖို့   Sunrise Myanmar Fashion Garment အလုပ်သမားတွေ တောင်းဆို

CoverLogo
1.3K Views

နိုင်ငံတကာအမှတ်တံဆိပ်တွေချုပ်လုပ်တဲ့ အထည်ချုပ်လုပ်ငန်းခွင်ထဲမှာအလုပ်သမားအခွင့်အရေးဆိုင်ရာ ဥပဒေပါ အခွင့်အရေးတွေချိုးဖောက်ခံနေရတာကြောင့် အဲ့ဒီအခွင့်အရေးတွေ ချမှတ်ပေးဖို့ Sunrise Myanmar Fashion Garment အလုပ်သမားတွေကတောင်းဆိုလိုတယ်လို့ သိရပါတယ်။ 

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်  ၄ ကျောက်စိမ်းလမ်းမှာဖွင့်လှစ်ထားတဲ့ အဆိုပါစက်ရုံမှာ အချိန်ပိုအလုပ်ဆင်းရာမှာအလုပ်သမားတွေရဲ့ သဘောဆန္ဒကို ကောက်ခံမှုမရှိဘဲ လုပ်ကိုင်စေပြီး ငြင်းဆန်ပါက ဂရိတ်ချတာ ၊ အချိန်ပိုဆင်းပါကလည်း နားချိန်မပေးဘဲ ဆင်းခိုင်းတာမျိုးတွေ ၊ အချိန်ပိုဆင်းတဲ့အလုပ်သမားတွေအတွက် ဖယ်ရီမစီစဉ်ပေးတာ ၊ စံချိန်အများအပြားတောင်းခံပြီး မပြည့်ပါက အချိန်ပိုမှာ ပြည့်အောင်ချုပ်လုပ်ပေးရပြီး အခကြေးငွေမရရှိတာ ခွင့်ယူပါက ဂရိတ််အဆင့်ချတာ လုပ်ငန်းခွင်ထဲမှာ လိုင်းခေါင်းဆောင်တွေက ဆဲဆိုအော်ဟစ်တာ စတဲ့ ချိုးဖောက်မှုတွေ ခံစားနေရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။ 

တရုတ်နိုင်ငံသားပိုင်တဲ့ အထည်ချုပ်စက်ရုံဖြစ်ပြီး အလုပ်သမား ၁၀၀၀ ကျော်နဲ့ လုပ်ငန်းလုပ်ကိုင်နေတာလို့ အလုပ်သမားတွေကပြောပါတယ်။ 

အဆိုပါ လုပ်ငန်းခွင်မှာ GLOBAL WORK, WOLLYTEC, CINEMA CLUB, HARE, LEPSIL,URBAL FUNCTION , SINCE 1930 UNITED ATHLA, FINO-OUT, LOWRYS FARM, AIRTHERMAL စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတာလို့ အလုပ်သမားတွေက ပြောဆိုပါတယ်။ 

အလုပ်သမား ၁၀၀၀ ကျော်နဲ့ လုပ်ကိုင်နေပေမဲ့ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းထားတာမရှိဘဲ WCC ဖွဲ့စည်းထားတယ်လို့ ဆိုထားပေမဲ့ ဘယ်သူတွေက WCC အဖွဲ့ဝင်တွေမှန်း သိရတာမရှိသလို လုပ်ငန်းခွင်ဆိုင်ရာ အလုပ်သမားရေးရာ ကိစ္စရပ်တွေကို လည်း ညှိနှိုင်းဖြေရှင်းပေးတာမရှိဘူးလို့ ဆိုပါတယ်။

လက်ရှိလုပ်ငန်းခွင်ထဲမှာအ ချိန်ပို ခေါ်ယူတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အလုပ်သမားရုံးတွေကို ဖုန်းဆက်တိုင်ကြားတာတွေပြုလုပ်ခဲ့ပေမဲ့ ရွှေပြည်သာမြို့နယ် အလုပ်သမားရုံးမှ တာဝန်ရှိသူများ စက်ရုံကို လာရောက်ကာ အလုပ်ရှင်နဲ့ တွေ့ဆုံခဲ့ပေမဲ့ အချိန်ပိုခေါ်ယူတာနဲ့ ပတ်သက်ပြီး ပြောင်းလဲသွားတာ လျှော့ချသွားတာမရှိဘဲ အချိန်ပိုကို နားချိန်မရဘဲလုပ်ကိုင်နေရတယ်လို့ အလုပ်သမားကပြောပါတယ်။

"အလုပ်ချိန်က မနက် ၈ နာရီကနေ ည ၇ နာရီထိပါ ၊ အဲ့အထဲမှာ အချိန်ပို ၂ နာရီ ၃၀ မိနစ်ပါပါတယ်၊ အချိန်ပိုကို အခုနောက်ပိုင်း ည ၇ နာရီကနေ ည ၉ နာရီအထိ ဆင်းရတာရှိတယ် ည ၁၂ နာရီအထိ ဆင်းရတာတွေရှိတယ်၊ အချိန်ပို ဆင်းရမဲ့နေ့တွေမှာ အလုပ်သမားတွေ အချိန်ပိုဆင်း မဆင်း သဘောဆန္ဒကောက်ခံတာမရှိဘူး မဆင်းမနေရဆင်းရတာပါ၊ ဆင်းရပေမဲ့လို့ အစာပြေ စီစဉ်ပေးတာမရှိသလို မုန့်စားဆင်းချိန်လည်းမပေးပါဘူး"လို့ အမည်မဖော်လိုတဲ့အလုပ်သမားက အခက်အခဲကို ရှင်းပြပါတယ်။ 

" သူတို့ကဘယ်လိုလုပ်လဲဆိုတော့ အထည်စံချိန်တောင်းတော့ အလုပ်သမား ချုပ်နိုင်တာထက် ပိုပြီးတော့တောင်းတယ် အဲ့ဒါကို စံချိန်ပြည့်မီအောင်ချုပ်ပေးဖို့ မလွယ်ပါဘူး အဲ့လိုမပြည့်တာကို အချိန်ပိုဆက်ဆင်းပြီး ပြည့်အောင်ချုပ်ပေးရပါတယ်။ အဲ့အတွက် အခကြေးငွေ မရပါဘူး သူတို့စံချိန်မပြည့်လို့ဆိုပြီး အလကားချုပ်ခိုင်းတာ အစကတည်း က မတရားတိုးတောင်းထားတာ"လို့ ကျေနပ်မှုမရှိတဲ့အလုပ်သမား ကပြောဆိုပါတယ်။

ဒါ့အပြင် အချိန်ပို မဆင်းတဲ့အလုပ်သမားတွေနဲ့ခွင့်ယူတဲ့အလုပ်သမားတွေကို ဂရိတ်ကြေးချမှာဖြစ်တယ်လို့ ကြေညာထားပြီး ခွဲခြားဆက်ဆံတာတွေ ပြုလုပ်လေ့ရှိတယ်လို့ အလုပ်သမားကပြောပါတယ်။ 

" အလုပ်သမားအခွင့်အရေးဖြစ်တဲ့ ခွင့် ခံစားခွင့်မရှိဘူး အကြောင်းအမျိုးမျိုးကြောင့် အလုပ်တစ်ရက်ပျက်ရင် ဂရိတ်ကြေး လျှော့ခံရတာကြောင့်မို့လို့ တစ်ရက်မှမပျက်ရဲဘူး ရတဲ့လစာလျော့သွားမှာစိုးလို့ ခွင့်ယူရင် အပြောအဆိုခံရတယ်"လို့ လည်း အလုပ်သမားကပြောဆိုပါတယ်။ 

အလုပ်သမားတွေအနေနဲ့ ငွေကြေးလိုအပ်ချက်ရှိပေမဲ့လို့ နေ့စဉ်လိုလို အချိန်ပိုဆင်းရတာ နေမကောင်း ဖျားနာပါက လည်း နားလို့ မရတာ ခွင့်ယူလို့ မရတဲ့ အခြေအနေတွေဖြစ်ပေါ်နေပြီး လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် တောင်းဆိုမှုတွေ ပြုလုပ်ဖို့ လည်း အခက်အခဲတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

 ဒါကြောင့် အလုပ်သမားတွေအနေနဲ့               
၁။ အချိန်ပိုလုပ်ကိုင်မည်ဆိုပါက အလုပ်သမားများ၏ ဆန္ဒသဘောထားကို ကောက်ယူရန်။
(က) အချိန်ပိုမလုပ်နိုင်သည့် အလုပ်သမားများကို လွတ်လပ်စွာမလုပ်ခွင့်ပြုရန်နှင့် ဂရိတ်အဆင့်မချရန်။
(ခ) အချိန်ပိုဆင်းရမည်ဆိုပါက မုန့်စားဆင်းချိန်ကို ပေးရန်။
(ဂ) ပုံမှန် (၂)နာရီအချိန်ပိုထက် ကျော်လွန်၍ ည (၉) နာရီ မှ (၉) နာရီကျော်ထိ ခေါ်ယူပါက အလုပ်ရှင်မှ အလုပ်သမားများအတွက် ထမင်းဖို့ပေးရန်၊ သို့မဟုတ် အစာပြေစာစီစဥ်ပေးရန်။
(ဃ) အချိန်ပိုလုပ်ကိုင်သောအလုပ်သမားများကို ဖယ်ရီစီစဥ်ပေးရန်။
(င) မည်သည့်အကြောင်းနှင့် မဆို အချိန်ပိုလုပ်ကိုင်ပါက အချိန်ပိုကြေးကို ဥပဒေနှင့်အညီပေးရန်။
၂။ အထည်စံချိန်များကို အလုပ်သမားလုပ်နိုင်သည့် စံချိန်ကိုသာတောင်းခံရန်။ ညှိနှိုင်းဆောင်ရွက် ပေးရန်။
၃။ ခွင့်ရက်များယူပါက ဂရိတ်ကြေးမချရန်။
၄။ သက်ဆိုင်ရာ ခေါင်းဆောင်များမှ လုပ်ငန်းခွင်အတွင်း ဆဲဆိုခြင်း၊ အော်ဟစ်ခြင်းများမပြုလုပ်ရန်။
စတာတွေတောင်းဆိုလိုတယ်လို့ သိရပါတယ်။    

#MyanmarLabourNews                                            
        

 

 

 

 


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026